Latest News

Thursday, March 30, 2017

အမေနဲ့ အတူ...

အမေနဲ့ အတူ...



"ကျွန်မအကောင်းဆုံးလုပ်မယ်။ ကျွန်မ အကောင်းဆုံးထက်တော့ ပိုပြီးတော့ လုပ်လို့ မရဘူး။ ကျွန်မအကောင်းဆုံးက နိုင်ငံအတွက် ပြည်သူအတွက် မလုံလောက်ဘူးဆိုရင် ပိုပြီး လုံလုံလောက်လောက် ပြည့်ပြည့်စုံစုံလုပ်ပေးမယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုက တာဝန်ယူမယ်ဆိုလို့ရှိရင် ကျွန်မတို့ဟာနောက်ဆုတ်ပေးဖို့အဆင်သင့်ပါပဲ"

ဒီနေ့ နားထောင်ခဲ့ရတာတွေထဲက အကြိုက်ဆုံးသော စကား...။

***

လူထုခေါင်းဆောင်၊ ပြည်သူ့ အမေဟာ ခါတိုင်းထက် ပိုပြီးတော့ စကားတွေ ထစ်စပြုလာပေမယ့် ပြည်သူအတွက် ထားတဲ့ စေတနာတရားနဲ့၊ ကြီးမားတဲ့ သတိ၊ဉာဏ်ပညာတွေကတော့ တစိုးတစိမှ မလျော့ပါးသေးပါဘူး။

တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်လောက် ရှိသလဲ ဆိုတာကလဲ ပြောသွားတဲ့ စကားတွေက သက်သေပါပဲ။

မိန့်ခွန်းကို နားထောင်ပြီးတဲ့အခါ သိနားလည်ရ၊ ခံစားလိုက်ရတာက...။

***

ဒေါ်အောင်ဆန်းစုကြည်ဟာ မလုပ်ပေးနိုင်တာကို လွယ်လွယ်နဲ့ ကတိမပေးသလို လုပ်ပေးနိုင်ခဲ့သမျှကိုလဲ ကြွားလုံးတွေ အပို မထုတ်ဘူး။

ဆောင်ရွက်ခဲ့သမျှတွေမှာ အားနည်းချက်ကို ရဲရဲဝံ့ဝံ့ ၀န်ခံရဲတယ်။

ပြည်သူကို လုံးဝ အထင်အမြင် မသေးဘူး။

သူ့ထက် ပိုကောင်းအောင် လုပ်နိုင်သူကိုလဲ တိုင်းပြည်ချစ်စိတ်ကို အခြေခံပြီး လိုလားတယ်။ ပေါ်လာစေချင်နေတယ်။

***

ဇရာရဲ့ ပုံရိပ်တွေ တဖြည်းဖြည်းပြလာတဲ့ လူထုခေါင်းဆောင်အတွက် လူ့သက်တမ်းက ဘယ်လောက်များ ရှိနေဦးမလဲ တွေးမိရင် တုန်လှုပ်မိတယ်။

သူ့အသက်အရွယ်ကို လုံးဝ မေ့ထားပုံရပြီး တိုင်းပြည်အတွက် အခုထိ မနားမနေ အလုပ်လုပ်နေဆဲ ဒီလိုခေါင်းဆောင်မျိုး ရှိနေခိုက်မှာ ကျွန်တော်တို့ အားလုံးက သူ့စကားကို လေးစား လိုက်နာဖို့ ကောင်းပါတယ်။

ဒီလို ခေါင်းဆောင်မျိုးကိုမှ စိတ်ယုတ်မာမွေးပြီး တိုက်ခိုက်ပုတ်ခတ်နေသော မည်သည့် ပါတီ၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်မျိုးကို မဆို ဘေးရောက်အောင် ပို့ထားဖို့ အခွင့်က ကျွန်တော်တို့ အားလုံးရဲ့ လက်ထဲမှာ ရှိနေတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ အမေလို့ ကျွန်တော်က တင်စားရင်...။

အမေက ပြောသွားတယ် "ပြည်သူနဲ့ အတူ" ...တဲ့။

ကျွန်တော်တို့ကလဲ..တိုင်းပြည်ရဲ့ "အမေနဲ့ အတူ ပါပဲ" ဆိုတဲ့ စိတ် ရဲရဲကြီး ထားကြရအောင်လား...။

***

ချစ်ခြင်းမေတ္တာဖြင့်...

ကလိုစေးထူး
မတ်လ ၃၀ ရက်နေ့၊ ၂၀၁၇ ခုနှစ်။
ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်။

No comments:

Post a Comment