Latest News

Sunday, March 5, 2017

အောင်ဝင်းခိုင်ကို စစ်ကိုင်းမှာ ဖမ်းမိတယ်လို့ သတင်းထွက်ပေါ်

အောင်ဝင်းခိုင်ကို စစ်ကိုင်းမှာ ဖမ်းမိတယ်လို့ သတင်းထွက်ပေါ်

တိုင်းအစိုးရအဖွဲ့ဝင်တစ်ဦးကတော့ မဟုတ်ကြောင်း ငြင်းဆိုထားတယ်လို့ ဖော်ပြပါတယ်။


စစ်ကိုင်းတိုင်းမှာ အောင်ဝင်းခိုင်ကို  ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတယ်လို့ ပြည်တွင်း သတင်းဌာတစ်ခုက ဖော်ပြပါတယ်။
DVB ရဲ့ ဖော်ပြချက်အရ  ဦးကိုနီကို သတ်ဖြတ်ဖို့ ခိုင်းစေသူ အောင်ဝင်းခိုင်ဟာ စစ်ကိုင်းတိုင်းထဲ ရောက်နေတယ် ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့အပတ်ထဲက ထွက်ပေါ်နေတာဖြစ်ပါတယ်။ အောင်ဝင်းခိုင်ကို စစ်ကိုင်းမှာ ဒီနေ့ ဖမ်းမိပြီဆိုတဲ သတင်းဟာ ထပ်မံထွက်ပေါ်လာတာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ဝင်တစ်ဦးကတော့ မဟုတ်ကြောင်း ငြင်းဆိုထားတယ်လို့ ဖော်ပြပါတယ်။
 “တိုင်းရဲမင်းကြီးနဲ့ ကျနော် ဖုန်းပြောပြီးသားပါ၊ မရှိပါဘူးနော်၊ အဲဒီအတိုင်းက” လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံဖို့ ငွေကျပ်သိန်း ၁၀၀၀ နဲ့ စေခိုင်းသူမှာ တပ်မတော် ဒုဗိုလ်မှူးကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အောင်ဝင်းခိုင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလလယ်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
play

ဦးကိုနီကို လုပ်ကြံခဲ့သူတွေထဲမှာ ပါဝင်ခဲ့တဲ့ ဖမ်းဆီးရမိထားသူတွေကိုလည်း မတ်လ ၃ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
တရားစွဲဆိုခံရသူတွေက ဦးကိုနီကို သေနတ်နဲ့ပစ်သတ်သူ အသက်၅၄ နှစ်အရွယ်ကြည်လင်း၊ အသက် ၄၆ နှစ်အရွယ် အောင်ဝင်းဇော်၊ အသက် ၄၂ နှစ်အရွယ်ဇေယျာဖြိုးနဲ့ ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဝင်းခိုင်တို့ဖြစ်ပြီး ခရိုင်တရားရုံးကနေ ရာဇဝတ်အမှုကြီး အမှတ်၄၅/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်လည်းကောင်း၊ ထွက်ပြေး တိမ်းရှောင်နေသူ အောင်ဝင်းခိုင်တို့ကို ရာဇဝတ်အထွေထွေအမှတ်၂၀/၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ကျင့်၅၁၂ နဲ့ လည်းကောင်း၊ ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ကို ရာဇဝတ်အမှုကြီး အမှတ်၄၆/ ၁၇၊ ၁၈၇၈ ခုနှစ်လက်နက်များ ဥပဒေပုဒ်မ ၁၉(ဃ) (စ)နဲ့ လည်းကောင်း၊ မြောက်ပိုင်းခရိုင်တရားသူကြီး ဦးတင်ထွေးက စစ်ဆေးသွားဖို့ လက်ခံဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
“မတ်လ ၃ ရက်နေ့က အမှုနှစ်မှုနဲ့ စတင်တရားစွဲခဲ့တာပါ၊ လူသတ်မှုပုဒ်မ ၃၀၂ နဲ့ကတစ်မှု၊ လက်နက်ပုဒ်မ ၁၉ (ဃ)(စ) နဲ့က တစ်မှုပါ၊ မတ်လ ၁၇ ရက်နေ့ကျရင်တော့အမှုကိုစစ်မယ်လို့သိရပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ ရှေ့နေဦးကိုနီတို့က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Senior Leadership Prigram ကိုတက်ရောက်ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်ကို ပြန်ရောက်လာတုန်းမှာ လေဆိပ်Terminal (1) ဂိတ်နားမှာ ဦခေါင်းကို သေနတ်နဲ့ အနီးကပ်ပစ်သတ်ခဲ့တဲ့ အသက် ၄၆ နှစ်အရွယ် ကြည်လင်းကို  ဖမ်းမိတာကနေ နောက်ကွယ်ကနေ စေခိုင်းသူတွေဖြစ်တဲ့ စစ်ထောက်လှမ်းရေးဟောင်း ဇေယျာဖြိုးနဲ့ ပူးပေါင်း ပါဝင် သူတွေဖြစ်တဲ့ ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်နဲ့ အောင်ဝင်းခိုင်တို့ကို ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
(သင်စိတ်ဝင်စားနိုင်မယ့် သတင်း - ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ လွတ်မြောက်ရေး မိခင်နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ဆီကို စာပို့ )

Source: DVB, The Voice:Duwun
Photos : MOI

No comments:

Post a Comment