Latest News

Monday, March 6, 2017

ရွှေလေလွင့်မှုနည်းပါးစေရန် ရွှေတိဂုံစေတီတော်တွင် ရွှေပြားကြိတ်စက်ဝယ်ယူရန် စီစဉ်

ရွှေလေလွင့်မှုနည်းပါးစေရန် ရွှေတိဂုံစေတီတော်တွင် ရွှေပြားကြိတ်စက်ဝယ်ယူရန် စီစဉ်



 ရွှေတိဂုံစေတီတော်ကို ရွှေသင်္ကန်းကပ်လှူရာတွင် အသုံးပြုသည့် ရွှေပြား(Gold Plate) ထုတ်လုပ်နိုင်ရေး ရွှေပြားကြိတ်စက်ဝယ်ယူရန် စီစဉ်နေသည်ဟု သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင် ဆန်းဝင်းက ပြောသည်။

အဆိုပါ ရွှေပြားကြိတ်စက် ကို ဥရောပနှင့် ဂျပန်နိုင်ငံတို့မှ ၀ယ်ယူရန် စီစဉ်နေပြီးသုံးစွဲမည့် ငွေပမာဏနှင့် စက်အရေအတွက် ကို အတိအကျမသိသေးကြောင်း ၎င်းက ပြောသည်။

ရွှေပြားကြိတ်စက်ဝယ်ယူပြီး ပါက ရွှေစင်ရွှေပြား ၁၀ ကျပ်သား တုံးများကို ရွှေပြားကြိတ်စက်ဖြင့် ကြိတ်၍ရွှေပြားသင်္ကန်းများ ထုတ် လုပ်ကာ ရွှေတိဂုံစေတီတော်၏ ခေါင်းလောင်းတော်အောက်ခြေ မှ ကျည်းဝန်းအထိတစ်ဆင့်ပြီး တစ်ဆင့် ရွှေပြားသင်္ကန်းတော်များ ဆက်ကပ်မည်ဟု သာသနာရေးဦးစီးဌာနက သတင်းထုတ်ပြန် သည်။

ထိုသို့ ဆက်ကပ်ခြင်းဖြင့် ရွှေ၏အလျော့တွက်၊ အလေးချိန်၊ အရောင်အဆင်းပျက်စီးဆုံးရှုံးခြင်း လျော့နည်းမှု ပပျောက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။

‘‘ရွှေသင်္ကန်းထုတ်လုပ်မှုကို အလုပ်ရုံဖွင့်လှစ်ပြီး ဆောင်ရွက် ချက်အဆင့်ဆင့်တွေကို စီစီတီဗီ တွေ တပ်ဆင်ပြီး ဂေါပကအဖွဲ့ဝင် တွေက ကြီးကြပ်ဆောင်ရွက်သွား မယ်’’ဟု ၎င်းကပြောသည်။

ထို့အပြင် လက်ရှိတွင်ရွှေတိဂုံစေတီတော်ကြီး၌ ဆက်ကပ် ထားသော ရွှေသင်္ကန်းများ၏ ရွှေ ရောင်သည် ညီညာမှုမရှိသည်ကို တွေ့ရှိရသဖြင့် အနာဂတ်တွင် ရွှေသင်္ကန်းထုတ်လုပ်မှုကို စစ်ဆေးရေးအဖွဲ့များဖြင့် သာသနာရေးဦးစီးဌာနက စဉ်ဆက်မပြတ်စစ် ဆေးဆောင်ရွက်မည်ဟုဆိုသည်။

လက်ရှိရွှေစင်ပြား (Gold Plate) ထုတ်လုပ်မှုစနစ်သည် ရွှေ စင်ရွှေပြားကို ရွှေမှုန့်များပြုလုပ် ပြီး ပြဒါးဖြင့်ရော၍ ကြေးပြားများ  အပူပေးထားချိန်တွင် သုတ်လိမ်းရပြီး ရွှေမှုန့်သည်ကြေးပြားနှင့် တွဲဆက်သွားသောအခါ မီးအပူပေး ၍ ပြဒါးကို ပြန်လည်ထုတ်ယူသော စနစ်ဖြစ်သည်။

ယင်းစနစ်သည် ပြဒါးကိုအ ဓိကအသုံးပြုရသဖြင့် အန္တရာယ် များပြီး အငွေ့ကိုရှူမိပါက ဇီဝ နည်းအရ ဆင့်ကဲဆင့်ကဲ ပြဒါးဆိပ်သင့်သည့် ရောဂါဖြစ်ပြီး ရွှေမိုက် ထုတ်ခြင်းဖြင့် ရွှေသန့်စင်ခြင်းလုပ်ငန်းတို့ကို လုပ်ဆောင်ရာတွင် သဘာဝကို ထိခိုက်မှုရှိကြောင်း စစ်ဆေးတွေ့ရသည်ဟု သိရသည်။ ထို့အပြင် အထက်ပါစနစ်ကြောင့် ရွှေ၏အရောင်အဆင်း ညီလာမှုနှင့် အရည်အသွေးစစ်ဆေးရန် ခက်ခဲပြီး ကုန်ကျစရိတ်များပြားခြင်း၊ အလေအလွင့်များပြားခြင်း၊ နည်းစနစ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များပြားခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

 ယင်းအားနည်းချက်များ ကြောင့် ရွှေကြိတ်စက်ဝယ်ယူကာ ရွှေသင်္ကန်းထုတ်လုပ်မှုစနစ်ကို ပြောင်းလဲအသုံးပြုခြင်းဖြစ်သည်။

 ရွှေတိဂုံစေတီတော်ကြီး တွင် ၂၀၁၇ ဖေဖော်ဝါရီ ၁၉ ရက် ဘဏ္ဍာငွေလက်ကျန်စာရင်းများအရ ကျပ် ၆၀ ဘီလီယံ ကျော်ရရှိထားသည်။



7Day News Journal

No comments:

Post a Comment