Latest News

Thursday, March 16, 2017

အမျိုးသမီးများ လှအောင်နေပါ စာဖတ်ပါ

အမျိုးသမီးများ လှအောင်နေပါ စာဖတ်ပါ


ကျွန်မအနေနဲ့ကတော့ကိုယ်ခင်မင်မိတဲ့မိတ်ဆွေအမျိုးသမီးတွေကို အမြဲတမ်း
လှအောင်နေဖို့ အကြံပြုလေ့ရှိသလို စိတ်အေးချမ်းလှပအောင် စာဖတ်ပါလို့ လည်းအကြံပြုလေ့ ရှိပါတယ်။

ဘာကြောင့်လဲ ဆိုတော့ လှနေတဲ့ မိန်းမတစ်ယောက်ဟာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ခြေလှမ်းတွေနဲ့တက်ကြွတဲ့မိန်းမတစ်ယောက် တင့်တယ်တဲ့မိန်းမတစ်ယောက် ဖြစ်လာတတ်လို့ပါပဲ။

ကိုယ့်ကိုယ်ကို လှလှပပသန့်သန့်ရှင်းရှင်းကျော့ကျော့ မောမော့ရှိနေချိန်မှာ
ယုံကြည်ချက်ပိုရှိတယ်ဆိုတာ ကျွန်မတို့မိန်းမတွေ နားလည် လက်ခံကြပါတယ်။အဲဒီအတွက် ကျွန်မတို့ အမျိုးသမီးတွေက ရှင်းသန့်လှပအောင် ပြင်ဆင်ကြပါတယ်။

ပြီးတော့ ဒီနေ့ခေတ်အမျိုးသမီးတွေရဲ့ လှပမှု၊ စွမ်းဆောင်နိုင်မှုနဲ့ တက်ကြွလှုပ်ရှားမှုဟာ လူ့အဖွဲ့အစည်းအတွက် အသုံးဝင်လာပြီး တန်ဖိုးတက်လာတဲ့အတွက် ခေတ်သစ်ရသဗေဒ ဖြစ်လာတယ်လို့ ကျွန်မအနေနဲ့ နားလည်လိုက်ခံလိုက်မိပါတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့သူ့ကိုယ်သူ သန့်ရှင်းသပ်ရပ်စွာနဲ့လှပအောင် ပြင်ဆင်နေထိုင်ခြင်းအားဖြင့် ဒါဟာ သူ့တန်ဖိုးကို မြှင့်တင်တာပဲလို့နားလည်မိတယ်။ သူတင်မကပါဘူး သူ့မိသားစု၊ သူ့အသို်ငးအ၀ိုင်းရဲ့ လူနေမှု အဆင့်အတန်းကိုလည်း ဖော်ပြရာ ရောက်ပါတယ်။

ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတဲ့သူကို တွေ့မြင်ရတဲကအခါ မြင်ရတဲ့ သူတွေအနေနဲ့လည်း စိတ်ကျေနပ်မှုတစ်ခု ရှိစေသလို၊ ပြင်ဆင်ထားသူမှာလည်း ယုံကြည်မှု တိုးစေပါတယ်။

ဒါကြောင့် ကျွန်မကတော့အမျိုးသမီးတွေကို တွေ့တိုင်းကိုယ့်ကိုယ်ကို အလှမပျက်အောင် ဂရုစိုက်ရမယ်၊ ကျန်းမာရေးအတွက် အစားအသောက်ကို ဆင်ခြင်ရမယ်၊ အမျှတအောင် ကြိုးစားရမယ်လို့ တိုက်တွန်းအားပေးမိပါတယ်။

ကျမကိုယ်တိုင်လည်း အမြဲတမ်းလှနေဖို့ အားထုတ်ကြိုးပမ်းတာတွေ ရှိပါတယ်။ နေ့ခင်းပိုင်းမှာ ပြင်ပြင်ဆင်ဆင်လေးနဲ့ လိုက်ဖက်တဲ့ အဝတ်အစားလေးတွေ ရွေးဝတ်ပါတယ်။

ညခင်းရေမချိုးမီမှာ ခါးနဲ့ ပေါင်ပေါ်မှာ အဆီပိုတွေ မစုစေဖို့အတွက်၊ ကိုယ်အလေးချိန်ကို ဂရုတစိုက်နဲ့ ထိန်းရမယ် ဆိုတဲ့ အသိနဲ့ ၁၀ မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပါတယ်။
ညအိပ်ရာမ၀င်ပြီ အသားအရည်အလှအပအတွက် ခရင်လိမ်းပါတယ်။ဒါ့အပြင် စိတ်ကျမ်းမာဖို့နဲ့စိတ်အေးချမ်းဖို့အတွက် တရားထိုင်ပါတယ်။ ပြီးတော့ စိတ်အာဟာရနဲ့စိတ်ခွန်အားအတွက် စာဖတ်ပါတယ်။

ဒီလို နေ့စဉ်ပုံမှန်လေး ဆောင်ရွက်တာက ကျမကို ကိုယ်ရောစိတ်ပါ လန်းဆန်းစေတယ် လှပတယ်လို့ကျွန်မကတော့ လက်ခံယူဆထားပါတယ်။

အမျိုးသမီးတွေ သပ်ရှင်းသပ်ရပ်စွာနဲ့ ပြင်ဆင်ပြီးနေထိုင်ကြတာကို ကိုယ့်ချစ်သူ၊ ကိုယ့်ဇနီးချောနေ လှလှပပပြင်ပြင်ဆင်ဆင်လေးနေထိုင်တာကို သဘောကျတဲ့ အမျိုးသားတွေကတော့ ၉၉% လောက်ရှိမယ်ထင်ပါရဲ့။

ဒါပေမဲ့ အချို့ကျတော့လည်း ၀ိဝါဒဖြစ်စေတဲ့သဘောတရားတစ်ခုလည်း ရှိပါသေးတယ်။ ဒါကတော့ကိုယ့်ဇနီးက သိပ်လှနေတယ်၊ ကိုယ်နဲ့ ကွာခြားနေတယ်လို့ ထင်မြင်လာရင်လည်း အဲဒီဇနီးအပေါ်ကို အလိုလားအပ်တဲ့ မနာလိုမှုမျိုးတွေ ပေါ်လာတတ်တာလည်း တွေ့ရပါတယ်။

အမြင်ကျဉ်းမြောင်းပြီး ကိုယ့်မိန်းမကိုယ် မနာလိုတတ်တဲ့ အမျိုးသားတွေက လောကမှာ ရှိတတ်ပါတယ်။ သူတို့ကတော့  ဇနီးသည်ရဲ့ ပြင်ဆင်လှပမှု ပေါ်မှာ ပြဿနာ ရှာလာတတ်တယ်။ ဒါကိုလည်း သူ့အမျိုးသမီး သိမှာကိုလည်း စိုးရိမ်တဲ့အတွက် သ၀န်တိုမှုလို့ အကြောင်းပြကြပါတယ်။ တကယ့်စိတ်ထဲ မနာလိုမှုကိုတော့သူတို့ကိုယ်သူတို့ပဲ သိကြပါလိမ့်မယ်။

အဲလို မနာလိုတတ်တဲ့ ခင်ပွန်းမျိုးကို ရရှိထားတဲ့ ဇနီးသည်တွေအနေနဲ့ ယောင်္ကျားက မကြိုက်ဘူးဆိုတဲ့ စကားတစ်ခွန်းနဲ့တော့ကိုယ့်ကိုယ်ကို အဆုံးမသတ်မိပါစေနဲ့ သူက ကိုယ်ပြင်တာ မကြိုက်ပေမဲ့ လှတဲ့ မိန်မကိုငေးနေတာကိုလည်း သတိပြုမိဖို့ လိုပါတယ်။ဒါကြောင့်ကိုယ့်ရဲ့လှပမှုနဲ့ ပြင်ဆင်မှုဟာ အခြားသူတွေအတွက် မဟုတ်ဘူး
ကိုယ့်ခင်ပွန်းအတွက်ပါ ဆိုတာကို နားလည်အောင် ပြောပြတတ်ဖို့ လိုအပ်ပါတယ်။

ခင်ပွန်သည်အတွက် နဲ့ ခင်ပွန်းသည်ရဲ့ ဂုဏ်သိက္ခာတိုးမြှင့်ဖို့အတွက် မိသားစုအတွက် ဆိုတာကို နားလည်သဘောပေါက်အောင် ပြောပြပြီးကိုယ့်ရဲ့လှပမှုအတွက် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။

လူ့သဘာဝ အရနောက်ထပ်တွေ့ရလေ့ရှိတဲ့ ပုံစံတစ်မျိုးလည်း ရှိပါသေးတယ်။
ကိုယ်ကိုယ်တိုင်ကလည်း ထိန်းသိမ်းသလို၊ ကိုယ့်ဇနီးသည်ကိုလည်း ထိန်းသိမ်းလှပစေချင်တဲ့ အမျိုးသားတွေလည်း ရှိပါတယ်။

တစ်ခါတစ်ရံမှာ အမျိုးသမီးတွေက အိမ်မှုကိစ္စတွေောကာင့်ပဲ ဖြစ်ြဖစ် အသက်အရွယ်နဲ့ကျန်းမာရေးကြောင့်ပဲ ဖြစ်ဖြစ်  ပုံမကျပန်းမကျဖြစ်နေတဲ့ ဇနီးသည်မျိုး ရှိနေတယ်ဆိုရင် သူတို့ဟာ ဇနီးသည်အပေါ်ကို စိတ်တိုင်းမကျတာကိုလည်း တွေ့ရတတ်ပါတယ်။
သူ့မိန်းမက သူတကာထက်သာလွန်လှပမှု၊ ပြင်ဆင်မှု မရှိဘူးဆိုရင်တောင်မှ အနည်းဆုံး အောင်မှတ်လောက်တော့ရှိစေချင်တယ်။ ခါးတုတ်၊ ဗိုက်ပူနေပေမဲ့ မျက်နှာလေးကတော့ ချစ်စရာလေး ကျက်သရေ ရှိတယ်ဆိုတာကိုတော့ လိုချင်ကြပါတယ်။

အဲလောက်မှ ကိုယ့်ဇနီးသည်က မထိန်းသိမ်းဘူး၊ မပြင်ဆင်ဘူးဆိုရင်တော့ လင်မယား စကားများကြတဲ့အခါတိုင်း မလှမပဖြစ်နေတဲ့ ဒီအချက်ကို အကြောင်းပြပြီး လှောင်လေ့ရှိတယ်။ ဒါ့အပြင် အကြောင်းသိတဲ့ ငယ်သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲအချို့လောက်ကလွဲပြီး ဒီမယားကို ပွဲမထုတ်ကြတော့ဘူး။ အဲလိုဇနီးသည်မျိုးဟာ အထီးကျန်စွာနဲ့ အချိန်ကုန်ဆုံးသွားရတတ်တယ်။

အမျိုးသားတွေက ကိုယ့်ဇနီးသည် ပြင်ပြင်ဆင်ဆင်ထိန်းထိန်သိမ်းသိမ်းနေဖို့ ကိုယ့်ကို ပြောလာပြီဆိုရင် အဲဒါကို ကိုယ်က လက်ခံတတ်ဖို့ လိုပါတယ်။ ကိုယ့်အနေနဲ့ အပျိုတုန်းက ကိုယ်လုံးလေး ပြန်မရနိုင်တော့ပေမဲ့ ကိုယ့်အရွယ်နဲ့ လိုက်ဖက်တဲ့လှပအောင်တော့ ပြင်ဆင်သင့်ပါတယ်။

တကယ်တော့ ဇနီးမောင်နှံဘ၀ဆိုတာ တဏှာပေမ တန်ဖိုးနဲ့ လူမှုရေးတန်ဖိုးတွေ ရောစပ်ထားရတာ ဖြစ်တဲ့အတွက် အခါခပ်သိမ်းမှာတော့ ပြည့်စုံနေတယ်ဆိုတာလည်း မရှိနိုင်ပါဘူး။

ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ထိန်းသိမ်းခြင်းနဲ့ လှပစွာဆင်ယင်ခြင်းဆိုတာ
ကိုယ့်အတွက်ရော ပတ်ဝန်းကျင်အတွက်ရော ကောင်းမွန်စေတဲ့အတွက် စိတ်ပါဝင်စားစွာ ပြုလုပ်သင့်တယ်လို့ မြင်မိပါတယ်။

ရုပ်ရော စိတ်ပါလှဖို့အတွက် ပြင်ဆင်ရတာ ဘ၀အတွက်လည်း ဖြစ်တယ်။ မိသားစုအတွက်ရော ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ ဖြစ်တယ်ဆိုတာကို နားလည်လာတဲ့အခါ ကိုယ့်ကိုယ်ကို  လှအောင်နေထိုင်ဖို့ တွန့်ဆုတ်မနေသင့်ပါဘူး။အလှပြင်ပါ၊ စာဖတ်ပါလို့ တိုက်တွန်းပါရစေရှင်။

ကျေးဇူးတင်ပါတယ်ရှင်။
မတူတဲ့ အမြင်များကိုလည်းဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment