Latest News

Thursday, March 16, 2017

ကိုဆွေဝင်းကို အမှုဆက်လက်ဖွင့်သင့် ၊ မဖွင့်သင့် မဟနနဲ့သာသနာရေးဝန်ကြီးဌာနတို့ရဲ့ အကြံပြုချက်ပြန်လည်တောင်းခံသင့်တယ်လို့ဥပဒေအကြံပေး ဆို

ကိုဆွေဝင်းကို အမှုဆက်လက်ဖွင့်သင့် ၊ မဖွင့်သင့် မဟနနဲ့သာသနာရေးဝန်ကြီးဌာနတို့ရဲ့ အကြံပြုချက်ပြန်လည်တောင်းခံသင့်တယ်လို့ဥပဒေအကြံပေး ဆို

ရန်ကုန်။ မတ် ၁၆

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို အမှုဆက်လက် ဖွင့်သင့်၊မဖွင့်သင့်ဆိုတာနဲ့ပတ်သတ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ မဟန(နိုင်ငံတော် သံဃမဟာနယကအဖွဲ့) နဲ့သာသနာရေးဝန်ကြီးဌာနတို့ရဲ့ အကြံပြုချက်ကို ပြန်လည်တောင်းခံသင့် တယ်လို့ ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေးက ရဲအရာရှိတွေကို မနေ့ကပြောဆိုလိုက်ပါတယ်။ မဘသအဖွဲ့အစည်းမှ ဆရာတော်ဦးဝီရသူ ပါရာဇိကကျမကျဆိုတာ တရားရုံးနဲ့ရဲတပ်ဖွဲ့က ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့် ကပြောပါတယ်။

“ပါရာဇိက ကျမကျကို ဘယ်တရားသူကြီးမှ မဆုံးဖြတ်နိုင်ဘူး ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိဘူး နိုင်ငံတော်သံဃနာယက အဖွဲ့က တရားဝင်ဖွဲ့စည်းထားတဲ့ သံဃဝိနိစ္စယခုံရုံးက ဆုံးဖြတ်မှသာ ဦးဆွေဝင်း ရေးတဲ့အရေးအသားတွေက ဒီဆရာတော်ကို သိက္ခာကျစေလား မကျစေဘူးလားဆိုတာ ဆုံးဖြတ်နိုင်တာ”လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကပြောပါတယ်။ အယ်ဒီတာချုပ်ကိုဆွေဝင်းကို ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး မနေ့ကညခုနှစ်နာရီကျော်ခန့်က မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးခန်းမှာ မန္တလေး မဟာအောင်မြေရဲစခန်းမှ လာရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ မဟနနဲ့သာသနာရေးဝန်ကြီးဌာနတို့ရဲ့ အကြံပြုချက်ကို ပြန်လည်တောင်းခံပြီးမှသာ စစ်ဆေးသင့်ကြောင်းပြောဆိုခဲ့ရတာဟာ မဘသ အဖွဲ့ဝင် ဦးကျော်မျိုးဆွေရဲ့ တိုင်ကြားချက်တွေက စွပ်စွဲမှုများနဲ့ခိုင်လုံမှုမရှိတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

မဘသအဖွဲ့ဝင် ဦးကျော်မျိုးဆွေတိုင်ကြားခဲ့တဲ့ မတ်လ ၇ ရက်နေ့နောက်ပိုင်းမှာ မဟနအဖွဲ့အစည်းမှ ဆရာတော်ဦးဝီရသူကို တရားဟောခွင့် ၁ နှစ်တိတိပိတ်ပင်တဲ့ ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲသည်ထုတ်ပြန်ချက်ထဲမှာ ဆရာတော်ဦးဝီရသူက ဘာသာတစ်ခုနဲ့တစ်ခုကြား အမုန်းတရားပွားများပြီး ဘာသာရေးအဓိကရုဏ်းများဖြစ်စေနိုင်တဲ့ ဟောပြောချက်တွေ၊လှုံ့ဆော်ချက်တွေ ၊နိုင်ငံရေးပါတီများအကြား ဘက်လိုက်ဝေဖန်ပြောဆိုမှုများကို ဒေသအနှံ့မှာ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့တဲ့အတွက် တရားဟောခွင့် ၁ နှစ်တိတိပိတ်ပင်ခြင်း ဖြစ်တယ်လို့ အဆိုပါထုတ်ပြန်ချက်အရ သိရပါတယ်။

“သူတို့တင်ပြတဲ့ တောင်းဆိုချက်တွေကို ကျွန်တော်တို့အထက်လူကြီးကို တင်ပြမယ် သူတို့ပြောတဲ့ဝန်ကြီးဌာနကို တင်ဆိုလည်းတင်မယ်။အဲဒီတောင်းဆိုချက်ကို တင်ပြပြီးတော့မှ ဆက်လက်ဆောင်ရွက် စရာရှိတာ ဆောင်ရွက်မယ်။” လို့ မန္တလေး မဟာအောင်မြေ အမှတ်(၇)ရဲစခန်းမှ ရဲအုပ်ကျော်သူက ပြောပါတယ်။

“၇ ရက်နေ့မှာကိုဆွေဝင်းကို အမှုဖွင့်တယ်။၁၀ ရက်နေ့ကျတော့ မဟနက ထုတ်ပြန်ကြေညာတယ်။၁၁ ရက်နေ့ကျတော့သာသနာရေးဝန်ကြီးက စာထွက်တယ်။အဲဒီအချက်တွေအရ ကိုဆွေဝင်းအမှုက ကျွန်တော်တို့ တရားရေးအရ အလိုလိုပျက်ပြယ်ပြီးသားဖြစ်တယ်။ ပျက်ပြယ်ပြီးသားအမှုဖြစ်တဲ့အတွက် ကိုဆွေဝင်းကဒါကို ဖြေရှင်းစရာကိုမလိုတော့ဘူး။ဒါကိုရဲတပ်ဖွဲ့က အမှုမပိတ်သိမ်းဘဲ အမှုဆက်လက်စစ်ဆေးတဲ့အတွက် ကျွန်တော်တို့က အကြံဥာဏ်ပြန်တောင်းခိုင်းတာပါ” လို့ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရ်ီလ ၂၈ ရက်နေ့က Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ မန္တလေးက ဆရာတော် နဲ့ အင်တာဗျုးပြုလုပ်ခဲ့တဲ့အထဲက ဦးဝီရသူနဲ့ပတ်သတ်တဲ့စာပိုဒ်ကို ကောက်နူတ်ပြီး သူ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ယက် စာမျက်နှာမှာ ပြန်လည်ဝေမျှခဲ့ပါတယ်။ အဲသည်လိုရေးသားခဲ့တာနဲ့ပတ်သက်ပြီး မန္တလေးမဘသအဖွဲ့အစည်းမှ ဆရာတော်ဦးဝီရသူက ၄င်းကို ပြန်လည်တောင်းပန်ဖို့ ရေးသားခဲ့ပေမယ့် ကိုဆွေဝင်းမှပြန်လည် တောင်းပန်ခဲ့ခြင်းမရှိခဲ့ပါဘူး။

အဲဒါကြောင့် မန္တလေး မဘသ အဖွဲ့အစည်းမှ အဖွဲ့ဝင် ဦးကျော်မျိုးဆွေက အယ်ဒီတာချုပ်ကိုဆွေဝင်းကို မန္တလေး အမှတ်(၇)ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဝင်းနန္ဒာ( Kumudra )


No comments:

Post a Comment