Latest News

Monday, March 6, 2017

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်ခြင်းအပေါ် စိတ်ထိန်းထားကြရန် တရုတ်တိုက်တွန်း

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်ခြင်းအပေါ် စိတ်ထိန်းထားကြရန် တရုတ်တိုက်တွန်း

ပေကျင်း၊ မတ် ၆ ။          ။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်လေးစင်းပစ်လွှတ်လိုက်ခြင်းနဲ့ ပတ်သက်ပြီး ဝေဖန်လိုက်တဲ့ တရုတ်က သက်ဆိုင်တဲ့နိုင်ငံအဖွဲ့အားလုံးကိုလည်း စိတ်ထိန်းကြရန်   ပြောလိုက်သလို တောင်ကိုရီးယားနဲ့ အမေရိကန်တို့မှာလည်း အပြစ်မကင်းသလို ပုံဖော်ပြောဆိုသွားခဲ့ပါတယ်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး DPRK (မြောက်ကိုရီးယားနိုင်ငံ)က ဒုံးကျည်ပစ်လွှတ်တာကို တရုတ်နိုင်ငံအနေနဲ့ ဆန့်ကျင်ကန့်ကွက်ပါတယ်။”လို့ မြောက်ကိုရီးယားရဲ့ တရားဝင်နာမည်အတိုကောက်ကို ရည်ညွန်းသုံးစွဲပြီး သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Geng Shuang က ပြောခဲ့တာဖြစ်ပါတယ်။

“လက်ရှိအခြေအနေတွေအရ သက်ဆိုင်ရာနိုင်ငံ အဖွဲ့အစည်းတွေအနေနဲ့ သည်းခံစိတ်ထိန်းကြသင့်တယ်။ အချင်းချင်း ရန်စသလိုဖြစ်စေနိုင်တာမျိုး၊ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်စေနိုင်တာမျိုးတွေကို ရှောင်ကြဉ်ကြသင့်တယ်။”လို့ ၎င်းက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံအတွက် အမြဲတစေဒေါသဖြစ်နေရတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ နှစ်စဉ်ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့သီတင်းပတ်က စတင်ပြီး လေ့ကျင့်နေချိန်လည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားနျူကလီးယားပြဿနာဆိုင်ရာ တရုတ်ထိပ်တန်းသံတမန် Wu Dawei က အမေရိကန်နဲ့ တောင်ကိုရီးယားက အဆင့်တူပုဂ္ဂိုလ်တွေနဲ့ မတ်လ ၃ ရက်နေ့နှောင်းပိုင်းမှာ စကားပြောဆိုဆွေးနွေးခဲ့ကြောင်း Geng Shuang က ပြောပါတယ်။

အဲဒီပြောဆိုမှုမှာ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံကြားက အကြီးစားပူးပေါင်းစစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးကို အကူအညီဖြစ်စေမှာ မဟုတ်ဘဲ ဆန့်ကျင်ဖက် ပိုမိုခွာပြဲစေပြီး ပြဿနာကို ပိုခက်ခဲရှုပ်ထွေးစေမှာဖြစ်တယ်လို့ နှစ်နိုင်ငံစလုံးကို Wu က သတိပေးခဲ့တယ်လို့ Geng က ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ အခုဒုံးကျည်ပစ်လွှတ်မှုဟာ တရုတ်နိုင်ငံမှာ လွှတ်တော် နှစ်ပတ်လည်စုံညီ ညီလာခံကျင်းပနေတဲ့ အထိအခိုက်မခံတဲ့ အချိန်မှာ ပစ်လွှတ်လိုက်တာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ တစ်ဦးတည်းသော မဟာမိတ်နဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ ခုဒုံးကျည်ပစ်လွှတ်မှုကြောင့် မြောက်ကိုရီးယားကို ပိုမိုထိန်းကွပ်ပေးရေး ဖိအားများနဲ့ ပိုပြီးရင်ဆိုင်လာရပါတယ်။

Mizzima

No comments:

Post a Comment