Latest News

Wednesday, March 1, 2017

ရွှေတိဂုံစေတီတော်တွင် ဖိနပ်အပ်နှံခြင်းအတွက် ကန်ထရိုက်စနစ် ဖျက်သိမ်းပြီး အခမဲ့ ဝန်ဆောင်မှု စတင်မည်

ရွှေတိဂုံစေတီတော်တွင် ဖိနပ်အပ်နှံခြင်းအတွက် ကန်ထရိုက်စနစ်

ဖျက်သိမ်းပြီး အခမဲ့ ဝန်ဆောင်မှု စတင်မည်

ရွှေတိဂုံစေတီတော်တွင် ဖိနပ်အပ်ရန် ဆောင်ရွက်ထားသည့် ကန်ထရိုက်စနစ်ကို ဖျက်သိမ်းကာ ယခုလ ၁ ရက်မှစတင်၍ အခမဲ့ဝန်ဆောင်မှု ပေးတော့မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

''လက်ရှိကန်ထရိုက်က အဆင်မပြေလို့ရှိရင် သူတို့တင်ထားတဲ့ အပ်နှံငွေကို ပြန်ပေးလိုက်မယ်။ စာချုပ်မှာလည်း ဂေါပကအဖွဲ့ကလိုအပ်ရင် ဆောင်ရွက်လို့ ရပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်နဲ့
သူတို့လည်း နစ်နာမှု မရှိစေဖို့ ဆုံးဖြတ်ထားပါတယ်'' ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့သစ်(ယာယီ) အဖွဲ့ဝင်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ဘုရားဖူးပြည်သူများ စေတီတော်သို့ လာရောက်ဖူးမြော်ကြည်ညိုရာတွင် ဖိနပ်အပ်ရန်ဌာန၌ ဖိနပ်အပ်ခ တစ်ရန် ကျပ် ၅ဝ ဟုဖော်ပြထားသော်လည်း ကျပ် ၁ဝဝ ကောက်ခံနေသည်ကို ဝန်ကြီးဌာနသို့တိုင်ကြားမှုများ ရှိလာသဖြင့် ယခုကဲ့သို့ ညွှန်ကြားဆောင်ရွက်ခြင်းဖြစ်ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။

ရွှေတိဂုံစေတီတော်တွင် ဖိနပ်အပ်ရန် လက်ခံသည့် ကန်ထရိုက်စနစ်ကို ရပ်ဆိုင်းခဲ့သည့်ပြင် သန့်စင်ခန်းအသုံးပြုမှု ကောက်ခံခြင်း ကန်ထရိုက်စနစ်ကို ဖျက်သိမ်းကြောင်း ယခုလ ၁ ရက်က စတင်ပြီး သန့်စင်ခန်းအသုံးပြုခကို အလှူခံပုံးများ ထားရှိခြင်းဖြင့်သာ ဆောင်ရွက်တော့မည်
ဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖိနပ်အပ်ခြင်းအတွက် ကန်ထရိုက်စနစ် အသုံးပြုခြင်းကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရားစေတီများတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် သာသနာရေးမှူးများမှတစ်ဆင့် တစ်ပြေးညီ ကြီးကြပ်ဆောင်ရွက်ရန် သာသနာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Myanmar Times

No comments:

Post a Comment