နိုင်ငံအတွက် တာဝန်ကျေသော ကျေးရွာ
ဂျပန်ခေတ်က ဒေါ်ခင်ကြည် ခိုလှုံခဲ့သော ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်းကျေးရွာမှ နေအိမ်နှင့် မူလနေအိမ်ကို ပြသနေသော ရွာသူကြီးဦးစိန်ကြီး၏ချွေးမဖြစ်သူ အသက်(၉၄)နှစ်အရွယ် ဒေါ်ကျင်မေကို ဖေဖော်ဝါရီ ၂၅ရက်က တွေ့ရစဉ် ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဂျပန်ခေတ်တွင် ဒေါ်ခင်ကြည်က ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်ဝန်ဆောင်ထားစဉ် ရန်ကုန်မှ တိမ်းရှောင်ခိုလှုံခဲ့သော ကျေးရွာရှိ မိသားစုဝင်များ မျှော်လင့်သည်မှာ သမိုင်းအမှန်ကို ပြည်သူများသိရန်သာဖြစ်၏။
‘‘ယခု စာယူလာသူများသည် ရိုး သေားဖြောင့်မတ်စွာလုပ်ကိုင်စား သောက်ကြသူများဖြစ်သည့်အ ပြင် ငါတို့အားကူညီသူများဖြစ်သ ဖြင့် ငါတို့တပ်များအနှောင့်အ ယှက်အလျှင်းမပြုဘဲ ကူညီနိုင်က ကူညီကြရမည်’’
ပုံ
အောင်ဆန်း
ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်းကျေးရွာသူကြီး ဦးစိန်ကြီး နှင့်အဖွဲ့ကို ၁၉၄၇ ဇွန်လ ၂၇ ရက်စွဲဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးသားပေးခဲ့သည့် စာ ဖြစ်သည်။ ဗိုလ်ချုပ်လက်ရေးဖြင့် ရေးသားထားသည့် မူရင်းစာကို တော့ ဦးစိန်ကြီးမိသားစုဝင်များက ၁၉၇၁ တွင် တပ်မတော်မော်ကွန်းတိုက်သို့ ဖျာပုံအခြေစိုက်အမှတ် (၉၈) ခြေလျင်တပ်ရင်းမှ တစ်ဆင့်လှူဒါန်းခဲ့သည်။
အထက်ပါစာမှာ ကာယကံ ရှင်မိသားစုဝင်များကို လက်နှိပ် စက်ဖြင့် ပြန်လည်ရိုက်နှက်၍ထုတ် ပေးခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်ကိုယ် တိုင်ရေးပေးခဲ့သည့် စာမှန်ကန် ကြောင်းနှင့် မိတ္တူမှန်ဖြစ်ကြောင်း ကို တပ်ရင်းမှူး ဗိုလ်မှူးကျော်သန်း လက်မှတ်ဖြင့် ထောက်ခံထား သည်။
မျိုးရိုးစဉ်ဆက်ထိန်းသိမ်း လာခဲ့သော်လည်း နှစ်ကာလကြာ မြင့်ပြီဖြစ်၍ ဟောင်းနွမ်းမှေးမှိန်နေ သည် စာလေးမှာ သမိုင်းတွင် မ ထင်ရှားဘဲ တိမ်မြုပ်နေသောဖြစ် ရပ်တစ်ခုကို ဖော်ပြနေလေသည်။
လွတ်လပ်ရေးဗိသုကာ၏ ဇ နီးလည်းဖြစ်၊ ဒီမိုကရေစီခေါင်း ဆောင်၏ မိခင်လည်းဖြစ်သော ဒေါ်ခင်ကြည်နှင့် လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ ၏ မိသားစုနှင့် ပတ်သက်နေပြီး သမိုင်းမတွင်ခဲ့သည့် ယင်းဖြစ်ရပ် မှာ လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ကျော်က စတင်ခဲ့သည်။
အချိန်မှာ ဖက်ဆစ်ဂျပန် တော်လှန်ရေးကို လျှို့ဝှက်စွာ စ တင်တော့မည့်ကာလ ၁၉၄၅ မတ်လအတွင်းဖြစ်သည်။ တော်လှန်ရေးဌာနချုပ်တည်ရှိရာ သရက်ခရိုင်တွင်းသို့ ထွက်ခွာတော့မည့် ဗိုလ်ချုပ်အောင်ဆန်းက ဇနီးဖြစ်သူ
ဒေါ်ခင်ကြည်နှင့် မိသားစုကို မြစ်ဝကျွန်းပေါ် ဖျာပုံဒေသသို့သွားရောက်တိမ်းရှောင်ရန် စီစဉ်ပေးခဲ့သည်။
ဗိုလ်ချုပ်၏ တာဝန်ပေးချက် အရ ရဲဘော် ကိုဖေ၊ ဗိုလ်ကျော်၊ ကိုဘမောင်၊ ကိုသာဆန်းနှင့် ကို မောင်ကြွယ်တို့က အနီးကပ်စောင့် ရှောက်၍ ဒေါ်ခင်ကြည်တို့ မိသား စုကို ဖျာပုံမြို့နယ် ကြက်ဖမွေး ဇောင်းကျေးရွာသို့ ပို့ဆောင်ရန်စီ စဉ်ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန် က ခြောက်လခန့်ရှိပြီဖြစ်သည့် တတိယမြောက်ရင်သွေးကို ကိုယ် ၀န်ဆောင်ထားရသည့် ဒေါ်ခင် ကြည်နှင့်အတူ သားများဖြစ်သည့် မောင်အောင်ဆန်းဦး၊မောင် အောင်ဆန်းလင်း၊ ဒေါ်အမာ၊
ဒေါ် ကျော့တင်နှင့် အိမ်အကူမလေး မစိန်ကြည်တို့ လိုက်ပါခဲ့ကြသည်။
ဒေါ်ခင်ကြည်တို့ မိသားစုကို ရဲဘော်ကိုဖေနှင့်အဖွဲ့က အနီးကပ်တာဝန်ယူစောင့်ရှောက်၍ စ ပါးနှစ်ရာဆံ့ သမ္ဗာန်ကြီးတစ်စင်း၊ စပါး ၂၅တင်းဆံ့ လှေငယ်တစ်စင်းဖြင့် ရန်ကုန်မြို့ ကြည့်မြင်တိုင်ဆိပ်ကမ်းမှ ၁၉၄၅ မတ်လ ၁၈ရက် ညနေ ၅နာရီခန့်တွင်လျှို့ဝှက်စွာထွက်ခွာခဲ့ကြသည်။
တော်လှန်ရေးကာလ ဂျပန် များ စောင့်ကြည့်နေချိန်ဖြစ်၍ ဒေါ် ခင်ကြည်တို့ မိသားစုမှာ ဇာတိ မြောင်းမြသို့ ခေတ္တအလည်အပတ် သွားသည့်ပုံစံဖြင့် ခရီးကိုစီစဉ်ခဲ့ ခြင်းလည်းဖြစ်သည်။
ဒေါ်ခင်ကြည်တို့ မိသားစုကို သူကြီးဦးစိန်ကြီး၏ နေအိမ်တွင် ခိုလှုံတိမ်းရှောင်ရန် စီစဉ်မှုနှင့်ပတ် သက်၍ လူကြီးသူမများ၏ လက် ဆင့်ကမ်းပြောကြားချက်များ၊ မှတ်တမ်းမှတ်ရာများကို ကိုးကား ကာ မိသားစုဝင်များက အချက်နှစ်ချက်ကိုပြောပြသည်။
ဦးစိန်ကြီးမှာ ရန်ကုန်ဇာတိ ဖြစ်ပြီး ဒေါက်တာဘမော်ထံတွင် ပညာသင်ကြားခဲ့ဖူး၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်လည်း နိုင်ငံရေးလှုပ်ရှားမှုများတွင် ဆက်စပ်မှုရှိနိုင်ကြောင်း မိသားစုဝင်များက ယူဆသည်။ ဒုတိယတစ်ချက်ကဒေါ်ခင်ကြည်မိသားစု၏ ကြက်ဖမွေးဇောင်းခရီးစဉ်တွင်လိုက်ပါခဲ့ သူတစ်ဦးဖြစ်သည့် ဒေါ်ကျော့တင် သည် ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ရန် အောင်၏ မရီးတော်စပ်ပြီးဖျာပုံဒေ သမှဖြစ်သဖြင့် ၎င်း အချိတ်အဆက်ကြောင့်ဖြစ်နိုင်ကြောင်း သူကြီးဦး စိန်ကြီး၏ မြေးဖြစ်သူ ဦးအောင် ဇော်လွင်ကရှင်းပြသည်။
လုံခြုံရေးကြောင့် သမ္ဗန်အ ဆင့်ဆင့်ပြောင်းလဲ၍ ခရီးနှင်ခဲ့ သည့် လွတ်လပ်ရေးခေါင်းဆောင် ကြီး၏ ဇနီးနှင့်မိသားစုမှာ တွံတေး၊ ကျိုက်ထော်၊ ဖိုးတုတ်ရွာနှင့် ဖျာပုံမြို့တို့တွင် ခရီးတစ်ထောက် နားခဲ့သည်။
ထို့နောက် မတ်လ ၂၂ရက် နံနက်ပိုင်းတွင် ကြက်ဖမွေးဇောင်း ရွာလေးသို့ ရောက်ရှိခဲ့သည်။လက်ရှိကာလတွင် ရန်ကုန်မြို့မှ ၄နာရီ ကျော်သာကားဖြင့် မောင်းနှင်ရ သည့် လမ်းခရီးကို ကိုယ်ဝန်အရင့် အမာဖြင့် ဒေါ်ခင်ကြည်တို မိသားစုမှာ ယင်းအချိန်က လေးရက်ခန့် ကြာခရီးပြင်းနှင်ခဲ့ရခြင်းလည်းဖြစ် သည်။ လမ်းခရီးတွင် ကျွဲညီနောင် ခေါ် လေယာဉ်များက ချောင်းရိုး တစ်လျှောက် စက်သေနတ်ဖြင့် ပစ်ခတ်မှုကို ကြုံတွေ့ခဲ့ရသော်လည်း ကံကောင်း
ထောက်မစွာဖြင့် ဘေးအန္တရာယ်မရှိခဲ့ကြောင်း ရဲ ဘော်ကိုဖေနှင့် ဦးစိန်ကြီးတို့၏ သားသမီး၊ မြေးများကဆိုသည်။
ဂျပန်တို့၏ စောင့်ကြည်မှုနှင့် စစ်ရေးလှုပ်ရှားမှုအားကောင်းနေ သည့်ကာလတွင် ကိုယ်ဝန်အရင့် အမာဖြင့်ဒေါ်ခင်ကြည်က သားနှစ် ဦးနှင့်အတူ ရွာလေးတွင် ခိုလှုံနေရ ပုံကို ဦးအောင်ဇော်လွင်က ယခု ကဲ့သို့ပြောပြသည်။
‘‘သူ(ဦးစိန်ကြီး) ညီမအရေး ပိုင်ကတော်က စစ်ဖြစ်တဲ့ကာလ မှာ အရေးပိုင်အိန္ဒိယဘက်ထွက် ပြေးသွားလို့ သူ့ညီမကိုခေါ်လာ တဲ့ပုံစံနဲ့ ဒီမှာထားတာ’’
ဖက်ဆစ်တော်လှန်ရေးကိုဦး ဆောင်ဆင်နွှဲနေသည့် ခေါင်း ဆောင်တစ်ဦး၏ မိသားစုဂျပန်များ သဲသဲမဲမဲရှာဖွေနေချိန်တွင် စောင့်ရှောက်ထားရသည်မှာ မလွယ်ကူလှပါ။ သူကြီးဦးစိန်ကြီး၏ နေအိမ်ကို ဂျပန်စစ်သားများက သုံးကြိမ်တိုင်တိုင် လာရောက်စစ်ဆေးမေးမြန်းခဲ့သော်လည်း လှည့်စားနိုင်ခဲ့ကြောင်း ဦး စိန်ကြီးမြေးအကြီးဆုံး ဖြစ်သူဦးလှဦးလွင်က ဆိုသည်။
‘‘ဒီရွာမှာ ဒေါ်ခင်ကြည် ရောက်နေတယ်ကြားတယ်။ဘယ် လိုလဲ သူကြီးပေါ့။ ရှိရင်ခေါ်ပေး။ မခေါ်ပေးရင် တစ်ရွာလုံးမျိုးပြုတ် မယ်ပေါ့’’ဟု ဦးလှဦးလွင်က ၎င်း တို့ငယ်စဉ်ဘ၀က ဖခင်ဦးစံလွင်အမြဲပြောပြနေ၍ စွဲထင်နေသည့် အတိတ်အကြောင်းအရာတစ်ခုကို တစ်လုံးချင်းပြန်ပြောင်းပြောပြသည်။‘‘အဘိုးက ရဲရဲတင်းတင်း အာမခံတယ်။ တကယ်လို့များ ဒီရွာမှာ ဒေါ်ခင်ကြည်ရှိတယ်ဆိုရင် တစ်ရွာလုံးကို မီးရှို့လိုက်ပေါ့။ အဲဒီလို ပြောတဲ့ အချိန်မှာ
ဒေါ်ခင်ကြည်က ဘေးမှာထိုင်နေတာ။ အဖေပြောပြ တာက (မောင်) အောင်ဆန်းဦးတို့၊ အောင်ဆန်းလင်းတို့က ကလေးဆို တော့ ဆော့နေတာ’’ဟု ဦးလှဦး လွင်က ပြောသည်။
၎င်း၏ ဖခင် ဦးစံလွင်သည် သူကြီးဦးစိန်ကြီး၏သားဖြစ်ပြီး ဒေါ်ခင်ကြည်တို့ မိသားစု ၎င်းတို့နေ အိမ်တွင် နေထိုင်ခဲ့စဉ်က အသက် (၁၈) နှစ်ခန့်ရှိပြီဖြစ်သည်။
‘‘အောင်ဆန်းဦးနှင့် အောင် ဆန်းလင်းကို သူတို့(ဦးလှဦးလွင်) အဖေပဲ ထိန်းတာ’’ဟု ဦးစံလွင်၏ ဇနီးအသက် (၉၄) နှစ်အရွယ် ဒေါ်ကြင်မေက ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း မှတ်ဉာဏ်ကောင်းစွာဖြင့် အတိတ်ကို
ပြန်ပြောပြသည်။
ကိုယ်ဝန်အရင့်အမာလွယ် ထားရသည့် ဒေါ်ခင်ကြည်သည် ကြက်ဖမွေးဇောင်းရွာတွင် နှစ်လ ခန့်နေထိုင်ခိုလှုံခဲ့သည်။ ၁၉၄၅ သင်္ကြန်အပြီးတွင် ဗိုလ်စိန်လှ ဦး ဆောင်သည့် တပ်စုက လာရောက် ခေါ်ဆောင်ခဲ့ကြောင်း ရဲဘော်ကိုဖေ နှင့် သူကြီး ဦးစိန်ကြီးမိသားစုဝင် များက ပြောသည်။
ဒေါ်ခင်ကြည် ရွာတွင်နေထိုင် ခဲ့စဉ်က မိသားစုဝင်အချို့မှလွဲ၍ ဦးစိန်ကြီး၏ ညီမတစ်ဦးအဖြစ်သာ ရွာသူရွာသားများက သိရှိခဲ့သည်။ သို့သော် ဗိုလ်စိန်လှတပ်စုက လာရောက်ခေါ်ဆောင်သည့် အခါတွင်မှ ဗိုလ်ချုပ်ကတော်နှင့် မိသားစုမှန်း သိရှိကြပြီး ၀မ်းသာအားရလက် ဆောင်များ ပေးအပ်ခဲ့ကြောင်း ကြက်ဖမွေးဇောင်းရွာသားများက ဂုဏ်ယူစွာ ပြန်ပြောပြသည်။ ထို့အ တူ ဒေါ်ခင်ကြည်မိသားစုအား ကြက်ဖမွေးဇောင်းရွာသား အချို့ကလည်း ရန်ကုန်မြို့သို့ လိုက်ပါပို့ ဆောင်ခဲ့ကြသည်။
ဒေါ်ခင်ကြည်သည် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိ၍ နှစ်လ ခန့်အကြာ ၁၉၄၅ ဇွန်လ ၁၉ ရက် တွင် ဒီမိုကရေစီခေါင်းဆောင် တစ်ဦးဖြစ်လာမည့် ဒေါ်အောင် ဆန်းစုကြည်ကို မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်ကိုဖေနှင့် ဦးစိန်ကြီး ၏ မိသားစုများက ၎င်းတို့အဘိုး၊ ဖခင်တို့ကို ကိုးကား၍ ပြောပြသည်။
‘‘သမိုင်းအမှန်ကို ပေါ်လွင်စေ ချင်ပါတယ်’’ဟု ရဲဘော်ကိုဖေ၏ သမီး ဒေါ်မော်မော်စန်းကဆိုသည်။
ပြည်သူများစိတ်ဝင်စားခဲ့ပြီး စောင့်ကြည့်ခဲ့ကြသည့် ဗိုလ်ချုပ် ရုပ်ရှင်နမူနာဇာတ်ဝင်ခန်းမှာ ဖြစ် ရပ်အမှန်နှင့် လွဲချော်နေကြောင်း ရဲဘော်ကိုဖေနှင့် ဦးစိန်ကြီးမိသား စုများက ပြောသည်။
ယင်းဇာတ်ဝင်ခန်းတွင် ကြက်ဖမွေးဇောင်းကျေးရွာသို့ ထွက်ခွာတော့မည့် ဒေါ်ခင်ကြည် ကို ဗိုလ်ချုပ်ကိုယ်တိုင်လိုက်ပါပို့ ဆောင်၍ နုတ်ဆက်မှာကြားနေ ခြင်း၊ ဒေါ်ခင်ကြည်နှင့်လိုက်ပါလာ သည့်အခြားသူများမပါခြင်း၊ ပေါင်းမိုးပါသော်လည်း သမ္ဗာန်ဟု ခေါ်သည့် အမြီးနှစ်ခွပါ စပါးတင်း နှစ်ရာဆံ့ လှေအကြီးစားမဟုတ် ခြင်းတို့မှာ သမိုင်းအချက်အလက်များနှင့် လွဲချော်နေကြောင်း မိသားစုဝင်များက ထောက်ပြပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်ကို ကြက်ဖမွေးဇောင်းကျေး ရွာတွင် မွေးဖွားခဲ့ကြောင်း အချို့ ပြောဆိုရေးသားနေမှုများ မှန်ကန် ခြင်းမရှိဘဲ ကြက်ဖမွေးဇောင်းမှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီးမှ သာ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း ဒေါ်မော်မော်စန်းက ရှင်းပြသည်။
ဒေါ်ခင်ကြည်တို့ မိသားစုအား လိုက်ပါပို့ဆောင်ခဲ့သည့် ကြက်ဖ မွေးဇောင်းရွာသားများအား လမ်း ခရီးလုံခြုံရေးအတွက် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း စာတစ်စောင်ကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးသားပေးခဲ့ခြင်း
ဖြစ်ကြောင်း ရဲဘော်ကိုဖေနှင့် ဦးစိန်ကြီးမိသားစုများက ပြန်ပြောင်းပြောသည်။
နှစ်ကာလကြာမြင့်ပြီဖြစ်၍ ဟောင်းနွမ်းနေပြီဖြစ်သည့် ယင်းစာ လေးကို ရဲဘော်ကိုဖေနှင့် ဦးစိန်ကြီး မိသားစုများက ဂုဏ်ယူစွာဖြင့် လက်ဆင့်ကမ်းသိမ်းဆည်းထားကြ ဆဲဖြစ်သည်။
ဒေါ်ခင်ကြည်တို့ မိသားစုစစ် ဘေးတိမ်းရှောင်ခိုလှုံခဲ့သည့် ကြက် ဖမွေးဇောင်းရွာလေးသို့ သမီးဖြစ် သူ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၄၀ ကျော်အကြာတွင် ပြန်လည်ရောက်ရှိခဲ့သည်။ ၁၉၈၉ က လူထုတွေ့ဆုံပွဲ
ပြုလုပ်ရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး သူကြီးဦးစိန် ကြီး၏ သားဦးစံလွင်နှင့်လည်း တွေ့ ဆုံစကားပြောခဲ့ကြောင်း မိသားစုများက ဆိုသည်။
‘‘အဲဒီတုန်းက ထူးထူးထွေထွေ ကိစ္စတွေတော့ ပြောခန်းမကျပါဘူး။ သူတို့ မိသားစုနဲ့ပတ်သက်ပြီး ကျေး ဇူးရှိတယ်ပေါ့။ ဒီရွာကြောင့် ကျွန်မ တို့ အသက်ရှင်ရတယ်ပေါ့။ အဲဒီ လောက်ပဲ၊ ဆွေမျိုးစပ်တဲ့ပုံစံ လောက်ပဲ ပြောပြီး
ဟောပြောပွဲကို လည်း တော်ရုံသင့်ရုံလောက်ပဲလုပ် ရတာပါ’’ဟု ယင်းကာလနိုင်ငံရေး အခြေအနေများကို ဦးအောင်ဇော် လွင်က ပြန်ပြောပြသည်။
လက်ရှိအချိန်တွင်တော့ သူ တို့ လေးစားတန်ဖိုးထားသည့် ခေါင်းဆောင်တစ်ဦး မိသားစုကို တတ်စွမ်းသည့်ဘက်မှ တာဝန်ကျေ ခဲ့သည့် ရဲဘော်ကိုဖေနှင့် သူကြီး ဦးစိန်ကြီးတို့နှစ်ဦးစလုံးမှာ ကွယ် လွန်ခဲ့ပြီဖြစ်သည်။
ဦးစိန်ကြီးသည် ဒေါ်ခင်ကြည် တို့မိသားစု ရန်ကုန်မြို့သို့ ပြန်သွား အပြီး တစ်နှစ်ခန့်အကြာ ၁၉၄၆ ၀န်းကျင်က ရောင်စုံသောင်းကျန်းသူဟု ယူဆရသူများ၏ လုပ်ကြံခြင်းကိုခံခဲ့ရသည်။ ဦးစိန်ကြီးနှင့်အတူ ကြက်ဖမွေးဇောင်းရွာသို့ ဗိုလ်ချုပ်မိသားစုကို လိုက်ပါပို့ဆောင်ခဲ့သည့် ဦးမောင်ကြွယ်အပြင် အခြားဆွေမျိုးသားချင်းနှစ်ဦးပါ လုပ်ကြံခံခဲ့ရသည်။ ထို့အတူ ဒေါ်ခင်ကြည်တို့ မိသားစု ခိုလှုံခဲ့သည့် ဦးစိန်ကြီးတို့ နေအိမ်မှာလည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။
သူကြီးဦးစိန်ကြီးတို့ သတ် ဖြတ်ခံရခြင်းမှာ ဗိုလ်ချုပ်မိသားစုကို စောင့်ရှောက်ထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း မိသားစုဝင်များက ရှေးလူကြီးသူမများ ပြောစကားကို ကိုးကား၍ ဆိုသည်။
ရဲဘော်ကိုဖေမှာ ၁၉၉၃ တွင် ကွယ်လွန်ခဲ့ပြီး ‘ဗိုလ်ဖေမော်ကွန်း ၀င်’ဟု ရေးထိုးထားသည့် ဂူကို ကြက်ဖမွေးဇောင်းရွာလေးတွင် ယနေ့တိုင်မြင်တွေ့နိုင်သည်။ ဒေါ် ခင်ကြည်ဈာပနကာလအတွင်းက ရန်ကုန်မြို့သို့ သတင်း သွားရောက်မေးခဲ့သည့် ရဲဘော်ကိုဖေအား မျက်စိမကောင်းသည့်အတွက်ခွဲစိတ်ကုသရန် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူခဲ့ကြောင်း ဒေါ်မော်မော်စန်းက ဆိုသည်။
ဖျာပုံ-ကျုံကဒွန်းကားလမ်းမှ လေးမိုင် နှစ်ဖာလုံသာ ကွာဝေးသော်လည်း တစ်နာရီခန့်ကားဖြင့် မောင်းရသည်အထိ လမ်းပန်း ဆက်သွယ်ရေးခက်ခဲလှသည့် ကြက်ဖမွေးဇောင်းရွာသားများ ကတော့ လူသိမများသော်လည်း သမိုင်းတစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရခဲ့ခြင်းအတွက် ဂုဏ်ယူ နေကြသည်။ ကြက်ဖမွေးဇောင်း ရွာလေးသို့ ရောက်ရှိပါက အသစ် ထပ်မံဆောက်လုပ်ထားသည့် ဦး စိန်ကြီးမိသားစုနေအိမ်ကို မြင်တွေ့ရမည် ဖြစ်ပြီးဒေါ်ခင်ကြည်တို့ မိသားစုနေထိုင်သွားသည့် အိမ်အ ဟောင်းဓာတ်ပုံလေးကို ဂုဏ်ယူ စွာ ချိတ်ဆွဲထားသည်ကိုလည်း မြင်တွေ့နိုင်သည်။ အိမ်ခြေ တစ် ထောင်ကျော်ရှိပြီး လူဦးရေ ငါး ထောင်ခန့်ရှိသော ကျေးရွာကြီးမှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့်အပြင် မီးလည်း မရှိပါ။
ရဲဘော်ကိုဖေနှင့် ဦးစိန်ကြီး မိသားစုဝင်များကတော့ ပုဂ္ဂိုလ်ရေးမျှော်လင့်ချက်လုံးဝမထားသော်လည်း သမိုင်းမှန်ကိုတော့ တင်ကျန်ခဲ့စေလိုကြောင်း ဖွင့်ဟသည်။
‘‘သမိုင်းမှန်ကို သိစေချင်ပါ တယ်။ ဘာမှမလိုချင်ပါဘူး။ ပိုသိ တဲ့သူရှိရင်လည်း ဖော်ထုတ်ပေး ကြပါ’’ဟု ရဲဘော်ကိုဖေ၏ သမီး ဒေါ်မော်မော်စန်းက ဆိုသည်။
ဒေါ်ခင်ကြည် ကြက်ဖမွေး ဇောင်းကျေးရွာခရီးစဉ်နှင့် ပတ် သက်၍ သမိုင်းမှတ်တမ်းများကို ပိုမိုစနစ်တကျဖော်ထုတ်စုဆောင်း နိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်၍ ဆောင်ရွက်စေလို ကြောင်း ဦးအောင်ဇော်လင်းက သူ၏ ဆန္ဒကိုပြောသည်။
နိုင်ငံ့ခေါင်းဆောင် မိသားစု အပေါ် အဘိုးဖြစ်သူ သစ္စာရှိစွာ၊ရဲ ရင့်စွာလုပ်ကိုင်ပေးခဲ့ခြင်းအပေါ် ဂုဏ်ယူပြီး သမိုင်းမှန်ကို ထင်ကျန် ခဲ့စေလိုကြောင်း ရဲဘော်ကိုဖေမြေး မြစ်သူဒေါ်နှင်းအိလှိုင်ကလည်း သူ၏ ဆန္ဒကိုဖွင့်ဟလေသည်။
မှတ်ချက်။။ ဖျာပုံမြို့နယ် ကြက်ဖ မွေးဇောင်ကျေးရွာ၊ အပြောင်ကျေးရွာတို့မှ ဦးဖေ(ရဲဘော်)၊ ဦးစိန်ကြီးမိသားစုများနှင့် တွေ့ဆုံမေးမြန်းမှုများ၊ ၎င်းတို့သိမ်းဆည်းထားသည့် မှတ်စုမှတ်တမ်းများကို ကိုးကား၍ ရေးသား ထားခြင်းဖြစ်သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment