Latest News

Wednesday, March 15, 2017

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စကျင်ကျောက်ဖြင့် ထုလုပ်ရန် စီစဉ်

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စကျင်ကျောက်ဖြင့် ထုလုပ်ရန် စီစဉ်

မန္တလေး၊ မတ် ၁၅

မန္တလေးမြို့တော်တွင် ထားရှိမည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံတူ စကျင်ကျောက်ဆစ် ရုပ်တုကို ဧပြီလတွင် စတင်ထုလုပ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

အဆိုပါရုပ်တု ထုဆစ်ရန် တန်ချိန်  ၉၀ ခန့်ရှိ နို့နှစ်ရောင် ကျောက်သားတုံး မန္တလေးမြို့တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပုံစံကောင်းဖြစ်စေရန် ရွှံ့စေးရုပ်တုကို စတင်ပြုလုပ်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တု၊ ဗိမာန်နှင့် ပြည်သူ့ အပန်းဖြေဥယျာဉ် တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်က The Voice သို့ ပြောကြားသည်။
“ဗိုလ်ချုပ် သက်ရှိထင်ရှား ရှိခဲ့စဉ်တုန်းကအတိုင်း အရပ်၊ ကိုယ်ထည်၊ လက်တံ၊ ခြေတံကအစ သူဝတ်ဆင်ထားတဲ့ စစ်ဝတ်စုံအတိုင်းလုပ်ဖို့ တပ်မတော် မော်ကွန်းပြတိုက်မှာ လေ့လာပြီးမှ အတိအကျ ပုံဖော်မှာ။ သူရဲ့ ပကတိအရွယ်အတိုင်း ခြေနင်းကနေ ဦးထုပ်အထိ ၁၅ ပေအမြင့် ထိုင်လျက်ပုံအတိုင်း ထုဆစ်မယ်” ဟု ၎င်းက ပြောဆိုသည်။

ရုပ်တုပြုလုပ်ရာတွင် ဗိသုကာ၊ ရွှံ့စေးနှင့် ကျောက်ဆစ်ပညာရှင် ခုနစ်ဦး ပါဝင်မည်ဖြစ်ပြီး စကျင်ကျောက်သားကို မုဒိတာ ကျောက်ဆစ်ပညာရှင် ဦးအောင်မင်းက ထုဆစ်မည် ဖြစ်ကြောင်း ယင်းအစီအစဉ်အရ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကျောက်ဆစ်ရုပ်တု လုပ်ငန်းအားလုံးကို ပညာရှင်များက အခမဲ့ ကူညီဆောင်ရွက်ပေးမည် ဖြစ်ပြီး စနစ်တကျ ထုလုပ်မည်ဖြစ်၍ အချိန်ကြာမြင့်နိုင်ကြောင်း ဦးသိန်းတန်က ထပ်လောင်းပြောကြားသည်။

အမေရိကန်တွင် လင်ကွန်း၊ မြန်မာပြည်တွင် ဗိုလ်ချုပ်ဟု တင်စားလုပ်ဆောင်မည့် ယင်းရုပ်တုကို ရဟန်း၊ ရှင်၊ လူတို့ နှစ်သက်သည့် နေရာတွင် ဥယျာဉ်ပြုလုပ် ထားရှိမည် ဖြစ်ကြောင်း၊ မည်သည့်နေရာတွင် ထားရှိမည် ဆိုသည်ကို ရုပ်တုပြီး မည့်အချိန်မှသာ သိရမည် ဖြစ်ကြောင်း   အဆိုပါ ကျောက်ဆစ်ရုပ်တုနှင့် ဗိမာန်၊  ပြည်သူ့အပန်းဖြေဥယျာဉ် တည်ဆောက်ရေး အဖွဲ့ဝင်များ အဆိုအရ သိရသည်။

ဗိုလ်ချုပ်ကျောက်ဆစ်ရုပ်ကို လက်ရှိယာယီရုံးစိုက်ရာ အောင်မြေသာစံမြို့နယ် မဟာကုသိုလ်ဘုရားအနီး စန္ဒာမုနိဘုရား အရှေ့မုခ်တွင် ပြုလုပ်မည် ဖြစ်သည်။
       
The Voice

No comments:

Post a Comment