Latest News

Monday, March 6, 2017

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် လက်နက်ကိုင်အဖွဲ့များ ၀င်ရောက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ကျောင်းဆရာမတစ်ဦး အပါအ၀င် ၁၂ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် လက်နက်ကိုင်အဖွဲ့များ ၀င်ရောက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ကျောင်းဆရာမတစ်ဦး အပါအ၀င် ၁၂ ဦး သေဆုံး


ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် အဆောက်အအုံများ၊ ရဲစခန်းများအား မတ် ၆ ရက် နံနက် ၁ နာရီခန့်က လက်နက်ကိုင်အဖွဲ့များက ၀င်ရောက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပစ်ခတ်မှုများကြောင့် ရဲတပ်ကြပ်တစ်ဦး အပါအ၀င် ၁၂ ဦးခန့် သေဆုံးကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။

“ပစ်ခတ်မှုတွေက ၁ နာရီလောက်မှာ စဖြစ်တယ်။ ရန်လုံကျိုင်းရဲစခန်းကို ၀ိုင်းတိုက်တယ်။ မြို့ထဲက ရင်ဖုန်းအ၀ိုင်း၊ ကျင်းဖုဟိုတယ်၊ ကျင်းစင်ဟိုတယ်တို့ကိုလည်း လက်နက်တွေနဲ့ ပစ်ခတ်မှုဖြစ်တယ်။ မီးရှို့မှုတွေ ဖြစ်တယ်။ မော်တော်ကားတွေ၊ ဗုံးခွဲတာတွေလည်း ဖြစ်တယ်။ အခု လက်ရှိအခြေအနေမှာလည်း ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်တုန်းပါပဲ။ ပစ်ခတ်မှုတွေက ပစ်လိုက်၊ ငြိမ်လိုက် အဲဒီလို ဖြစ်နေပါတယ်။ သေဆုံးမှုတွေလည်း ရှိတယ်။ အရပ်သား ၁၁ ယောက်၊ ရဲတပ်ဖွဲ့ဘက်က ရဲတပ်ကြပ်တစ်ယောက် လောလောဆယ် ၁၂ ယောက် သေဆုံးသတင်းရထားပါတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်” ဟု ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။

ပစ်ခတ်မှုများကြောင့် လောက်ကိုင်မြို့နှင့် လေးမိုင်ခန့်ဝေးသော လောက်အဲချီကျေးရွာ၊ မူလတန်းကျောင်းတွင် နေထိုင်သော မူလတန်းပြဆရာမ ဒေါ်ပြာမှီ သေဆုံးခဲ့ကြောင်း ရှမ်းပြည်နယ် တွဲဖက်ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံး (လားရှိုး) မှ သိရသည်။
“လောက်ကိုင်မှာဖြစ်ပွားတဲ့ ပစ်ခတ်မှုတွေကြောင့် လောက်ကိုင်မြို့နဲ့ လေးမိုင်လောက်ဝေးတဲ့ လောက်အဲချီကျေးရွာက မူလတန်းကျောင်းမှာနေတဲ့ မူလတန်းပြဆရာမ ဒေါ်ပြာမှီ လက်နက်ထိမှန်ပြီး သေဆုံးသွားပါတယ်။ လောက်ကိုင်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေ အတွက်လည်း အဆင်ပြေပြေ ဖြေဆိုနိုင်ဖို့အတွက် စီစဉ်နေပါတယ်” ဟု တွဲဖက်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးရုံး (လားရှိုး)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ မတ် ၆ ရက် နံနက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ကိုးကန့်၊ ဟုန်အိုင်ဒေသကို အပြင်းအထန်တိုက်ခိုက်နေသော တပ်မတော်အား မလွှဲမရှောင်သာ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရကြောင်း၊ ထို့ပြင် လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းကျေးရွာ၊ တုန်ချိန်၊ ကျိုဖန်၊ ရှင်းပိုင်ရှင့်၊ ကျင်ရှင့်ချိန်နှင့် ကျင်ဆန်ကျော်နှင့် အခြားနေရာနှစ်ခု၌လည်း မလွှဲမရှောင်သာ ခုခံကာကွယ်မှုများကို ပြန်လည်ပြုလုပ်ခဲ့ရကြောင်း ဖော်ပြထားသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) ၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့ပါဝင်ပြီး လောက်ကိုင်ဒေသတွင် ဖြစ်ပွားသည့်တိုက်ပွဲမှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) အဖွဲ့သာ ပါဝင်ကြောင်း သိရသော်လည်း တိုက်ပွဲဖြစ်ပွားရာတွင် မည်သည့်အဖွဲ့ ပါဝင်သည်ဆိုခြင်းထက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အနေဖြင့် ဖြစ်ပွားခြင်းသာဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားသည်။

“ကျွန်တော်တို့က အခုချိန်ထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အနေနဲ့ပဲ လှုပ်ရှားတာရှိ တယ်။ ဆိုတော့ ဒီတိုက်ပွဲထဲမှာ ဘယ်သူတွေ ပါတယ်ဆိုတဲ့ဟာမျိုးထက် ဒါမြောက်ပိုင်းမဟာ မိတ်တပ်ဖွဲ့အနေနဲ့ ကိုယ်စားပြုပြီးတော့ တိုက်ပွဲဝင်နေတာခင်ဗျ။ ဥပမာ ကိုးကန့်ကို လာတိုက်တယ်ဆိုပေမယ့် ဒါမြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တိုက်တာ။ ရခိုင်ကိုလာတိုက်ရင်လည်း ဒါမြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ကို တိုက်တာ။ ကျွန်တော်တို့အနေနဲ့က မြောက်ပိုင်းမဟာမိတ်စုဖွဲ့မှုက အခုထက်ထိရှိပါသေးတယ်” ဟု ဒေါက်တာညိုထွန်းအောင်က ပြောကြားသည်။

ထို့ပြင် တိုက်ပွဲများသည် ယခင်ရက်များကတည်းက တောတွင်းတိုက်ပွဲများ ဖြစ်နေသောကြောင့် အသံမကျယ်ခြင်းဖြစ်ပြီး ယခုမြို့နားဖြစ်သည့်အတွက် အသံပိုကျယ်သည့် သဘောမျိုးဖြစ်ကြောင်း၊ တစ်ဖက်တွင် နိုင်ငံရေးပြဿနာများကို တိုက်ပွဲနှင့် မပြီးပြတ်ဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာမှသာ ပြေလည်နိုင်မည်ကို တစ်စိုက်မတ်မတ် တောင်းဆိုနေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“သူတို့လာပြီး ထိုးစစ်မဆင်ရင် တိုက်ပွဲမဖြစ်ဘူး။ သူတို့လာပြီးတော့ ထိုးစစ်ဆင်ရင်ဒါကတော့ တိုက်ပွဲဖြစ်တယ်။ ဒီလိုမျိုး တိုက်ပွဲဖြစ်လာတဲ့အချိန်မှာကျတော့ ကျွန်တော်တို့က လှုပ်ရှားရတာတွေ နေရာကျဉ်းလာပြီဆိုတော့ တချို့နေရာတွေက မြို့နဲ့ကပ်သွားတဲ့ အခါမျိုးရှိတယ်။ အခု ဒီတိုက်ပွဲတွေကလည်း လှုပ်ရှားရင်းနဲ့ နေရာကပ်သွားပြီးတဲ့အချိန်မှာ လောက်ကိုင်မြို့နားမှာ ဖြစ်သွားတာ” ဟု ဒေါက်တာညိုထွန်းအောင်က ပြောကြားသည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် အဖွဲ့များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မရေးထိုးရသေးသည့် အဖွဲ့များဖြစ်သည့် အပြင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များတက်ရောက်ခဲ့သည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ ‘၀’ ဒေသပန်းခမ်းတွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး အပြီးတွင် ထုတ်ပြန်သော ကြေညာချက်တွင် NCA မရေးထိုးဘဲ ‘၀’ အဖွဲ့က ကမကထပြုပြီး အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရေးအတွက် နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းရန်နှင့် NCA ကို အပစ်အခတ်ရပ်စဲရေး စာချုပ်သစ်ဖြင့် အစားထိုးရန် တောင်းဆိုထားသည်။

လောက်ကိုင်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်နေသူ ကိုစိုင်းထီးက “အခု ကျွန်တော်တို့က တရုတ်ပြည်ထဲမှာ ရောက်နေတယ်။ ဒီနေ့တော့ နယ်စပ်ဖြတ်ကျော်ဂိတ်ကို ပိတ်ထားတယ်လို့ပြောတယ်။ ကျွန်တော်က အရင်ရက်တွေကတည်းက တရုတ်ပြည်ထဲကမြို့ကို ရောက်နေတာပါ။ လောက်ကိုင်မြို့ထဲမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ဆက်သွယ်နေတာ ဆက်သွယ်လို့ကို မရတော့ဘူး။ ပစ်ခတ်သံတွေကတော့ ကြားနေရတုန်းပဲ။ ဒါပေမဲ့ လောက်ကိုင်မြို့ထဲမှာတော့ မပစ်တော့ဘူး။ ဘေးနားပတ်ဝန်းကျင်တစ်ဝိုက်က ပစ်ခတ်သံတွေကိုတော့ ခုထိကြားနေရတုန်းပဲ” ဟု မတ် ၆ ရက် နံနက် ၁၁ နာရီခန့်က ပြောကြားသည်။

“လက်ရှိအချိန်မှာတော့ လောက်ကိုင်မြို့မှာနေတဲ့ ဒေသခံတွေရော၊ အခြားနယ်ဘက်ကနေ လောက်ကိုင်မှာ လာအလုပ်လုပ်ကြတဲ့ သူတွေရော ကားဂိတ်မှာ ပြန်ဖို့စောင့်နေကြတယ်” ဟု လောက်ကိုင်မြို့နေ ဦးညီမောင်က ပြောကြားသည်။
မတ် ၆ ရက် နံနက်ပိုင်းတွင် လုံခြုံရေး အခြေအနေကြောင့် လမ်းပိတ်ထားသော်လည်း မွန်းလွဲပိုင်းတွင် လမ်းပြန်ပွင့်သွားသဖြင့် လောက်ကိုင်မှ ယာဉ်အများအပြား လားရှိုးသို့ ဆင်းလာကြောင်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက မတ် ၆ ရက် ညနေ ၅ နာရီခန့်တွင် ထုတ်ပြန်ချက်အရ လောက်ကိုင်မြို့ ရန်လုံကျိုင်းရဲစခန်းအား နံနက် ၂ နာရီတွင် MNDAA (ကိုးကန့်အဖွဲ့) လက်နက်ကိုင်အဖွဲ့ အင်အား ၃၀ ခန့်က ရဲဝတ်စုံများ ၀တ်ဆင်အယောင်ဆောင်ကာ စခန်း၏ တောင်ဘက်မှ ၀င်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ MNDAA လက်နက်ကိုင်အင်အား ၅၀ ခန့်သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း၏ နေအိမ်အား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး ဆုတ်ခွာရာ ရန်သူနောက်သို့ လိုက်လံရှင်းလင်းဆဲ ဖြစ်ကြောင်း သိရသည်။

ထို့အတူ MNDAA အဖွဲ့သည် နံနက် ၂ နာရီခွဲခန့်တွင် လောက်ကိုင်မြို့ရှိ ကျင်းတင်ဟိုတယ်အား ၀င်ရောက်ပစ်ခတ်ပြီး ဟိုတယ်ရှိ မော်တော်ယာဉ်လေးစီးအား မီးရှို့ဖျက်ဆီးခဲ့ကာ ဖူလီလိုက်ဟိုတယ် ငွေသိမ်းကောင်တာအား ဓားပြတိုက်လုယက်မှုကျူးလွန်ပြီး နံနက် ၅ နာရီ ၁၀ မိနစ်တွင် အရှေ့ဘက် နှစ်နိုင်ငံနယ်စပ် BP- 127 ဘက်သို့ ဆုတ်ခွာသွားကြောင်းနှင့် လောက်ကိုင်မြို့အား ၀င်ရောက်တိုက်ခိုက်မှု ပြုနေချိန်နှင့် တစ်ပြိုင်တည်း နှစ်နိုင်ငံနယ်စပ် BP – 125 နှင့် BP – 127 အကြားရှိ တပ်မတော်စခန်းများအား အရှေ့ဘက်မှ ၀င်ရောက်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ ၀င်ရောက်တိုက်ခိုက်ရာတွင် MNDAA လက်နက်ကိုင်အဖွဲ့နှင့် အတူအခြားပူးပေါင်းအဖွဲ့များ ပါရှိဖွယ်ရှိကြောင်း သိရှိရကာ မိမိဘက်မှ ထိခိုက်ဆုံးရှုံးမှု မရှိဘဲ ရန်သူ့ထံမှ မီးရှို့ထားသည့် အလောင်း ၂၀ အပါအ၀င် လက်နက် ၁၀ လက်ခန့် ရရှိထားပြီး ကိုးကန့်ယာဉ်ထိန်းရဲ ငါးဦး၊ ပြည်သူငါးဦး သေဆုံးကြောင်းနှင့် ကိုးကန့်ယာဉ်ထိန်း ရဲလေးဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။


ကျော်ဇင်ဝင်း၊ ထွန်းနေလှိုင်

Eleven Media Group

No comments:

Post a Comment