Latest News

Wednesday, March 8, 2017

ကြားရကြားရ နားဝ မသက်သာ

ကြားရကြားရ နားဝ မသက်သာ


ပထမဦးဆုံး ကြားရသည်မှာ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို ကြိုတင်ကြံစည်၍ သတ်ဖြတ်ခြင်းနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် လူငယ်သဘာဝပုဂ္ဂိုလ်ရေး မုန်းတီးမှုနှင့် အစွန်းရောက်သော မျိုးချစ်စိတ်ကြောင့် လုပ်ကြံခံရသည်ဟူသော ကောက်ချက် စကားသံများဖြစ်၏။ အသက် (၄၀)ကျော် လူသတ်တရားခံအား လူငယ်သဘာဝဟု သုံးနှုန်းရုံမျှမက မျိုးချစ်စိတ် အစွန်းရောက်သည်ဟူသော မှတ်ချက်ပြုမှုများကို ပြည်သူများက ကျေနပ်မှုမရှိဘဲ တုံ့ပြန် ဝေဖန်မှုများ ပေါ်ထွက်လာသည်ကို ကြားရပြန်၏။ စာရေးသူလည်း ပြည်သူထဲမှ ပြည်သူတစ်ဦးဖြစ်သည့်အလျောက် ကြားရကြားရ နားဝမသက်သာသဖြင့် အောက်ပါ ‘ဘယ်လိုလူတွေပါလိမ့်’ဟူသော ကဗျာကို ရေးဖွဲ့၍ရင်ဖွင့်လိုက်မိပါသည်။

ရက်စက်ကြမ်းတမ်း၊
ဟော့ရမ်းသွေးငတ်၊ လူသတ် သည့်ပွဲ
ဆင်နွှဲအရွယ်၊ သက်လေးဆယ်ကို
လူငယ်ခေါ်တွင်၊ ထို့အပြင်လည်း
သွင်သွင်ယိုဖိတ်၊ မျိုးချစ်စိတ်များ
တရိပ်ရိပ်သွန်း၊ အစွန်းရောက်ခါ
ကျူးလွန်တာဟု၊ ဖွင့်ကာညွှန်းဆို
အံ့ဖွယ်ပိုသည်၊ ဘယ်လိုလူတွေ ပါလိမ့်နော်.. ။

ထပ်မံ၍ မကြာမီရက်ပိုင်းအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်သော သတင်းတစ်ပုဒ်ကို ကြားသိရပြန်ပါသည်။ ပန်ဆိုင်းညီလာခံသတင်းဖြစ်၏။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်မထိုးဘဲ ‘ဝ’လက်နက်ကိုင်အဖွဲ့၏ ဦးဆောင်မှုဖြင့် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းရန် အတွက် ‘ဝ’လက်နက်ကိုင်အဖွဲ့၊ မိုင်းလားလက်နက်ကိုင်အဖွဲ့၊ ကချင်လက်နက်ကိုင်အဖွဲ့၊ ရှမ်း လက်နက်ကိုင်အဖွဲ့၊ တအာင်း လက်နက်ကိုင်အဖွဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ စသည့်အဖွဲ့ခုနစ်ဖွဲ့ တက်ရောက်သော ပန်ခမ်း (ပန် ဆန်း) အစည်းအဝေးက ဖေဖော် ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည့် သတင်းဖြစ်ပါ သည်။ အစိုးရနှင့် နိုင်ငံရေးဆွေး နွေးရေးအဖွဲ့ကို မတ်လအတွင်း ဖွဲ့စည်းရန်နှင့် ၎င်းအစည်းအဝေးသို့ စာတမ်းပေးပို့သော မွန်လက်နက်ကိုင်အဖွဲ့နှင့် ကရင်နီ (ကယား)လက်နက်ကိုင်အဖွဲ့တို့ အပါအဝင် လက်နက်ကိုင်ကိုးဖွဲ့ဖြင့် ဖွဲ့စည်းဆောင်ရွက်နေသည်ဟူသော နောက်ဆက်တွဲသတင်းလည်း ပါလာသေး၏။

အမှန်ပင်  ကြားရကြားရနားဝမသက်သာသော သတင်းဟု ဆိုချင်ပါသည်။ အမျိုးသားရင်ကြားစေ့ရေးကို ပြည်သူတို့ မျှော်လင့်နေသည့်အချိန်အခါတွင် အထက်ပါ ခြေလှမ်းသစ်များကြောင့် ငြိမ်းချမ်းရေးနှင့် ဝေးသွားမှာကို စိုးရိမ်နေမိ ပါသည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမလုပ်ဘဲ အဆင့်ကျော်ပြီး နိုင်ငံရေးဆွေးနွေးမည်ဆိုခြင်းကို အလွန်နားလည်ရခက်ခဲလှ၏။ ငြိမ်းချမ်းရေးအတွက် ပဏာမခြေလှမ်းဟူသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသည့်လုပ်ငန်းပင် မဟုတ်ပါလော၊ လက်ထဲတွင် သေစေနိုင်သော လက်နက်များကိုင်ဆောင်ထားသည့်အပြင် ပစ်ခတ်မှုများရပ်စဲရန် သဘောတူညီမှုမပါဘဲ အနာဂတ်စည်းလုံးညီညွတ်ရေးကို ဆွေးနွေးညှိနှိုင်းရန် ဖြစ်နိုင်ပါမည်လောဟု အကြိမ်ကြိမ်အခါခါတွေးရင်း ရင်လေးနေမိပါသည်။ ‘ယမ်း ပုံပေါ်ထိုင်၊ မီးခြစ်ကိုင်ပြီး၊ နိုင်ငံမီးဘေး၊ ကာကွယ်ရေးကို၊ ဆွေးနွေးညှိနှိုင်းကြပါစို့’ဟု ဆုံးဖြတ်ခြင်း မပြုကြပါရန် မေတ္တာရပ်ခံလိုပါသည်။

လွန်ခဲ့သော ပြည်ထောင်စုနေ့၌ ရှမ်းပြည်နယ် ပင်လုံမြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး NCA ကို ယုံကြည်စိတ်ချစွာ လက်မှတ်ရေးထိုးကြပါရန် ဒေါ်အောင်ဆန်းစုကြည်၏ လှိုက်လှိုက်လှဲလှဲမေတ္တာရပ်ခံသည့်အသံကိုလည်း ကြားယောင်နေမိ၏။ သို့သော် ပန်ခမ်းအစည်းအဝေးမှ NCA ကို လက်မှတ်မထိုးကြဘဲ နိုင်ငံရေးဆွေးနွေးညှိနှိုင်းရန် ထုတ်ပြန် ကြေညာလိုက်ခြင်းဖြင့် တုံ့ပြန်လေ ပြီလားဟု တွေးတောရင်း ငြိမ်းချမ်းရေးအတွက် စိတ်ပျက်အားငယ်မိသည်မှာ အမှန်ပင်ဖြစ်၏။ တိုင်းရင်းသား ညီအစ်ကိုများသည် ‘ရင် ကြားစေ့ရင်း ရင်ကွဲရင်း’ဆိုသကဲ့သို့ ဖြစ်နေမှာလားဟု တွေးတောပူ ပန်မိပြန်ပါသည်။ ၁၉၉၈ ခုနှစ်က ချင်းမိုင်မြို့ရှိ သက်သတ်လွတ်စားသောက်ဆိုင်၌ တွေ့ဆုံခဲ့ဖူးသော ဗုဒ္ဓဘာသာဝင် ဗြိတိန်လူမျိုး အင် ဂျင်နီယာတစ်ဦး၏ ပြောစကားကို ပြန်လည်သတိရမိ၏။ သူသည် မြန်မာနိုင်ငံ ထရိတ်ဒါးဟိုတယ် (ယခု ရှန်ဂရီလာဟိုတယ်)တည်ဆောက်ရေးလုပ်ငန်းတွင် နှစ်ရှည် ပါဝင်ဆောင်ရွက်ရင်း ဝိပဿနာ စခန်း၌ အကြိမ်များစွာ တရားအား ထုတ်ခဲ့ဖူး၏။ သူက မြန်မာနိုင်ငံ၌ သဘာဝသယံဇာတ လွန်စွာပေါ များကြောင်း၊ တိုင်းရင်းသားလူမျိုး များမှာ ချစ်ခင်နှစ်လိုဖွယ်ကောင်းကြောင်း၊ အာဆီယံနိုင်ငံများအတွင်း၌ ရိုးသားမှုအရာတွင် ရှေ့ဆုံးမှရှိပြီး ဉာဏ်ရည်လည်း ထက်မြက်ကြောင်း ပြောကြားခဲ့လေ၏။ စာရေးသူက အထက်ပါ ဂုဏ်ရည် များ ပြည့်ဝနေသော မြန်မာနိုင်ငံသည် အဘယ်ကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းမှုမရှိဘဲ ဆင်းရဲတွင်းနက်နေရပါသနည်းဟု မေးသောအခါ ထိုသူက ပြည်သူများအားလုံးသည် ဝိပါကဝဋ်ကြွေး မကုန်သေး၍ ဖြစ်နိုင်ကြောင်း၊ စိတ်ရှည်သည်းခံပြီး နေကြရဦးမည်ဖြစ်ကြောင်း ဘာသာရေးအမြင်ဖြင့် ပြန်ကြားပြောဆိုလေ၏။ စာရေးသူသည် ထိုအကြောင်းကို ဆောင်းပါးတစ်ပုဒ်၌ ရေးသားဖော်ပြခဲ့ဖူး ပါသည်။ သို့သော် တိုင်းပြည်ငြိမ်း ချမ်းရေးမှာ လွယ်မယောင်နှင့် ခက်နေသည့်အတွက် သူပြောသလို ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဝဋ် ကြွေးတုံ့တင်ရှိခဲ့လျှင်လည်း သံသရာသည် ဘဝသည်မျှနှင့် ကျေပါစေတော့ဟု ထပ်ခါတလဲလဲ ဆုတောင်းနေမိပါသည်။

နောက်ထပ်ကြားရပြန်ပါပြီ။ နိဒါန်းချီ၍ ပြောရလျှင် YBS ယာဉ်လိုင်းစနစ်သစ် မစတင်မီ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံကြီးကို ပြန်လည်တည် ဆောက်မည်ဟု ပြောဆိုခဲ့သဖြင့် စိတ်ထဲမှ ကျိတ်ပြီး သာဓုခေါ်နေမိ၏။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့ညက တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ဖြိုချဖျက်ဆီးခံခဲ့ရသော သမိုင်းဝင် တကသအဆောက်အအုံကြီး ပြန်လည်ပေါ်ထွန်းတော့မည်ဟု ဝမ်းသာပီတိ ဖြစ်ခဲ့မိ၏။ စာရေးသူသည် ၁၉၆၂ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ဘီအိုစီကောလိပ်၌ ဥပစာဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး ဆန္ဒပြပွဲ၌ ရှေ့တန်းမှ မပါဝင်ခဲ့သော် လည်း နောက်တန်းမှ ကျောင်းသားထု၏ ဟောပြောပွဲများကို လှည့်လည်အားပေးရင်း ကြွေးကြော်သံ များကို အော်ဟစ်နေခဲ့၏။ ထိုနေ့မှာ စနေနေ့ဖြစ်၍ နေ့တစ်ဝက်စာ သင်၏။ ကျောင်းမတက်ဘဲ မိန်း (Main) ခေါ် ပင်မတက္ကသိုလ်ကြီး ဘက်သို့ လှည့်ခဲ့ရာ တကသအ ဆောက်အအုံရှေ့ အဓိပတိလမ်း တွင် ကျောင်းသားများ ပြည့်နေ၏။ အဝင်တံခါးမကြီးကိုလည်း ပိတ် ထား၏။ နေ့လယ်ပိုင်းတွင် ဂွတ္တ လစ်လမ်းရှိ နေအိမ်သို့ ထမင်းပြန် စားပြီး ညနေမှ ကျောင်းသို့ပြန်လာ ရန် သူငယ်ချင်း ပြင်ပကျောင်းသား အချို့နှင့် ထွက်ခွာခဲ့၏။ ညနေတွင် လမ်းများပိတ်၍ ကျောင်းကို စစ် သားများဝိုင်းထားပြီး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့၏။ အစ်ကိုဖြစ်သူမှာ မန္တလေးဆောင်တွင် ပိတ်မိနေပြီး ညမိုးချုပ်မှ အိမ်သို့ပြန်ရောက်လာ ၏။ ရက်ရက်စက်စက် ပစ်ခတ်မှု များကြောင့် ကျောင်းသားများ အ လူးအလဲခံရပုံကို ကြေကွဲစွာပြော ပြ၏။ ညပိုင်းတွင် ‘ဝုန်း’ဟူသော အသံကြီးကို စာရေးသူတို့နေထိုင် ရာ ဂွတ္တလစ်လမ်း (ဆရာစံလမ်း) မှ အတိုင်းသားကြားရပြန်၏။ ‘ကျောင်းသားတွေ သေကုန်ပါပြီ’ ဟု ပြည်သူတို့ ဟစ်ကြွေးကြ၏။ နံနက်ခင်း ညီအစ်ကိုနှစ်ဦး ပင်မ တက္ကသိုလ်သို့ သွားရောက်သော အခါ တက္ကသိုလ်ကို စစ်တပ်မှ သိမ်းထားပြီး တက္ကသိုလ်စာအုပ်ဆိုင် ရှေ့ မြက်ခင်းပြင်တွင် လတ်ဆတ် နီရဲသော သွေးကွက်များကို တွေ့ မြင်ခဲ့ရ၏။ တကသအဆောက်အ အုံကြီးမှာလည်း အုတ်ခဲပုံကြီးဖြစ် သွားခဲ့လေ၏။ ဤအနိဋ္ဌာရုံ မြင် ကွင်းများကို နှစ်ပေါင်း ၅၀ ကျော် သော်လည်း သတိရနေဆဲဖြစ်၏။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအ ရေးတော်ပုံကာလအတွင်း သမ္မတဒေါက်တာမောင်မောင်က တကသအဆောက်အအုံကို ပျော်ပျော်ရွှင် ရွှင် ပြန်လည်တည်ဆောက်ကြရန် ထည့်သွင်းပြောကြားပြီး ကျောင်း သားနှင့် ပြည်သူများကို စည်းရုံးခဲ့ သေး၏။ သို့သော် ပြည်သူတို့က အစိုးရကို အယုံအကြည်မရှိသည့် အတွက် လုံးဝလက်မခံခဲ့ကြပေ။

ယခု ပြည်သူ့အစိုးရက ဆောက် လုပ်ပေးမည်ဆိုသောအခါ စာရေး သူတို့ ကျောင်းသားဟောင်းကြီး များအပါအဝင် ပြည်သူအပေါင်း တို့ အဘယ်မှာ ဝမ်းမသာဘဲ နေ နိုင်ပါအံ့နည်း။ သို့သော် တကသ အဆောက်အအုံ ဆောက်လုပ်ရေး အတွက် ဆောက်လုပ်ရေးလုပ်ငန်း ခွင်ရုံး အဆောက်အအုံဆောက် လုပ်မှုကို ဝိုင်းဝန်းကန့်ကွက်မှုများ ပေါ်ပေါက်လာ၍ လုပ်ငန်းရပ်ဆိုင်း ခဲ့ပြန်ကြောင်း သတင်းရရှိခဲ့ပြန် ၏။ သို့သော် ၂၀၁၇ ခုနှစ် ဖေဖော် ဝါရီလ ၂၈ ရက်နေ့တွင် တကသ အဆောက်အအုံပြန်လည်တည် ဆောက်ရေး ကော်မတီဖွဲ့စည်းရေး အတွက် တော်ဝင်နှင်းဆီစား သောက်ဆိုင်၌ ကျင်းပခဲ့ကြောင်း သိရှိရ၏။ ပြန်လည်အားတက်လာ မိပါသည်။ သို့သော်.. သို့သော်.. ဤသို့သော်ကား Seven July ကျောင်းသားဟောင်းကြီးတစ်ဦး၏ ကြေကွဲ မှုဖြင့် ကမ္ပည်းတင်ရမည့် သို့သော် ဖြစ်ခဲ့၏။ စာရေးဆရာ တက္ကသိုလ် ကိုကိုမောင်ကြီး (ဦးချစ်လှိုင်)၏ အသုံးအနှုန်းအရ 'A Big But' ဖြစ်ခဲ့လေ၏။

အစိုးရအနေဖြင့် တကသအ ဆောက်အအုံတည်ဆောက်ခြင်း မပြုမီ သမဂ္ဂတရားဝင်ရပ်တည် ခွင့်ကို ဦးစွာအာမခံပေးရန် လိုအပ် ကြောင်း၊ သမဂ္ဂရှိမှ သမဂ္ဂအ ဆောက်အအုံရှိမည်၊ သမဂ္ဂတွေ ရဲ့ ရုံးခန်းကို ကျောင်းတိုင်းမှာ ပေးဖို့လိုကြောင်း၊ ပြီးမှ သမဂ္ဂအ ဆောက်အအုံဆောက်ဖို့ ကြိုးစား ပါဟူသော ဆွေးနွေးချက်များ အောက်တွင် အဖြေပျောက်၍ ရှေ့ မရောက်တော့ဘဲ ဇာတ်သိမ်းခဲ့ ကြောင်း သတင်းကို ဝမ်းနည်းဖွယ် ကြားသိခဲ့ရပါသည်။ ဤနေရာ တွင် စာရေးသူ၏ အမြင်ကို တင်ပြ ဆွေးနွေးလို၏။ ဖျက်ဆီးခံရသော တကသ အဆောက်အအုံသည် လွန်ခဲ့သော နှစ် ၅၀ ကျော်ကာလ ဖြိုချခြင်းမခံရမီက ကျောင်းသား သမဂ္ဂရုံးခန်းမျှသာ မဟုတ်ဘဲ မြန်မာနိုင်ငံ၏ သမိုင်းဝင်နိုင်ငံရေး အမွေအနှစ်အဆောက်အအုံကြီး အဖြစ် ထီးထီးမားမားကြီး တည်ရှိ နေခဲ့ခြင်းဖြစ်၏။ ဗိုလ်ချုပ်အောင် ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင် များကို မွေးထုတ်ပေးခဲ့သော သမိုင်းဝင်အဆောက်အအုံဖြစ်၏။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးသမိုင်းတွင် အဓိ ကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော အ ဆောက်အအုံကြီးလည်းဖြစ်၏။ Seven July ခေတ်၏ အာဏာရှင် ဆန့်ကျင်ရေးစခန်းကြီးလည်းဖြစ် ၏။ ထို့ကြောင့် သမိုင်းအမွေအနှစ် ဖြစ်သော နိုင်ငံရေးဘူမိနက်သန် အဆောက်အအုံကို မဖြစ်မနေပြန် လည်တည်ဆောက်ရမည်သာဖြစ်၏။

လက်ရှိ တက္ကသိုလ်ကျောင်းသားတို့၏ သမဂ္ဂတရားဝင်ရပ် တည်ခွင့်မရ၍ ဖြိုချခံရသော မြန်မာနိုင်ငံရေး သမိုင်းဝင် တကသအဆောက်အအုံကြီး ပြန်လည်၍ မတည်ဆောက်နိုင်ဟုဆိုသည်မှာ လုံးဝမဖြစ်သင့်ပေ။ တကသအ ဆောက်အအုံသစ်တည်ဆောက် ခြင်းဟူသည် အာဏာဖြင့် အတိတ်က မိုက်မဲစွာ ဖြိုချခဲ့သော ပုဂ္ဂိုလ်တို့၏ အစွန်းရောက်လုပ်ရပ်ကို ပစ္စုပ္ပန်ပြည်သူတို့က ပြန်လည် တည်ဆောက်ခြင်းဖြင့် အနိုင်ယူ အောင်ပွဲခံသည့် သမိုင်းမှတ်တိုင်ကို တည်ထောင်ခြင်းဖြစ်၏။ သမဂ္ဂဖွဲ့စည်းရေးနှင့် ရုံးခန်းရရှိရေးသက် သက်ကို ရည်ရွယ်ဆောက်လုပ်ရန် မဟုတ်ပေ။ အာဏာရှင်တို့အပေါ် ပြည်သူတို့ ပြန်လည်အနိုင်ယူနိုင် စွမ်းရှိသည်ဆိုသော ဝိညာဉ်ကို အ ကောင်အထည်နှင့် ပြသရန် ဖြစ်၏။

 ပြန်လည် တည်ဆောက် သော အဆောက်အအုံကြီးသည် ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်၊ ၁၉၃၀ ပြည့်နှစ် ကျောင်းသားသပိတ်၊ အိုးဝေမဂ္ဂဇင်းနှင့် ဦးညိုမြ၏ Hell Hound at Large ဆောင်းပါး၊ တကသသမဂ္ဂဥက္ကဋ္ဌ အဆက်ဆက်ဓာတ်ပုံများ၊ အမှု ဆောင်အဖွဲ့၏ ဓာတ်ပုံများ၊ ဗိုလ် ချုပ်အောင်ဆန်းနှင့် တက္ကသိုလ် ကျောင်းသားများ၏ ဆောင်းပါး များ၊ အခြားမှတ်တမ်းများ၊ ဓာတ် ပုံနှင့် ပန်းချီသရုပ်ဖော်ပုံများ၊ လွတ်လပ်ရေးရရှိပြီးနောက် ကျောင်း သားသမဂ္ဂ ရွေးချယ်တင်မြှောက်ပွဲ များ၊ တပ်ဦးနှင့် ရဲခေါင်တို့၏ လှုပ် ရှားမှုများ၊ ဇူလိုင် ၇ ရက် သွေးမြေ ကျဖြစ်စဉ်များ၊ ရင်ပြင်နီကဗျာများနှင့် စာစောင်များ၊ ဖြိုချခံရ သည့် မှတ်တမ်းများနှင့် နောက်ဆုံး ပြည်သူတို့၏ အောင်ပွဲအဖြစ် ပြန်လည်တည်ဆောက်မှု မှတ်တမ်းများ စသည့်စသည့်မြောက်မြားလှ စွာသော သမိုင်းဝင်မှတ်တမ်းများ ကို မျိုးဆက်သစ်လူငယ်များ လေ့ လာနိုင်ရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်း မှုသမိုင်း၏ ‘မူလအစ တကသ’ အ ကြောင်း ပြည့်စုံစွာ သိရှိနိုင်ရန်အတွက်လည်းကောင်း ခင်းကျင်း ပြသမည့် ပြခန်းအဆောက်အအုံ ကြီးသာဖြစ်သင့်ပေသည်။ လက်ရှိ တက္ကသိုလ်ကျောင်းသားများ၏ သမဂ္ဂများ တရားဝင်တည်ရှိခွင့်နှင့် လိုအပ်မည့် သမဂ္ဂအဆောက်အ အုံများကို သီးခြားနေရာသစ်၌ ဆောက်လုပ်ပေးသင့်ပါသည်။ အနှစ်ချုပ်ပြောရလျှင် တကသအ ဆောက်အအုံသစ်ကြီးသည် ကျောင်းသားများအပါအဝင် ပြည် သူအားလုံး၏ နိုင်ငံရေးအမွေအ နှစ် အဆောက်အအုံကြီးအဖြစ် လည်းကောင်း၊ နိုင်ငံရေးအောင်ပွဲ မှတ်တိုင်ကြီးအဖြစ်လည်းကောင်း၊ ပြန်လည်တည်ဆောက်ရန်သာ ဖြစ်ကြောင်းနှင့် အထက်ပါအတိုင်း ပြခန်းကြီးအဖြစ်သာ သုံးစွဲသင့် ကြောင်း တင်ပြလိုပါသည်။

နောက်ဆုံး ‘နားဝ မသက်သာ’သည့် သတင်းမှာ မွန်ပြည်နယ် မော်လမြိုင်ချောင်းဆုံ သံလွင် မြစ်ကူးတံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည် ပေးသည်ကို ဒေသခံများက ဝိုင်းဝန်းကန့်ကွက်သည့် သတင်းဖြစ် ပေသည်။ စာရေးသူသည် ဘာ ကြောင့် ဗိုလ်ချုပ်အောင်ဆန်းတံ တားဟူသော အမည်ကို ရွေးချယ် ရပါသနည်းဟု သက်ဆိုင်ရာဌာန မှ တာဝန်ရှိပုဂ္ဂိုလ်ကြီးတစ်ဦးအား မေးမြန်းခဲ့ရာ ဤတံတားသည် မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆောက်လုပ်သမျှ မြစ်ကူးတံတားကြီးများစွာအနက် ပင်လယ်ဝနှင့် အနီးဆုံးဖြစ်ပြီး အခက်အခဲအကြီးမားဆုံးဖြစ်ခဲ့ကြောင်း၊ အခက်အခဲများ မည်မျှ ကြီးမားပါစေ အင်အားများကို စုစည်း၍ ကိုယ်ပိုင်အားဖြင့် ဇွဲ သတ္တိရှိရှိ ညီညီညွတ်ညွတ် တည် ဆောက်နိုင်ခဲ့သော တံတားကြီး ဖြစ်၍ အမျိုးသားခေါင်းဆောင်ကြီး ၏ နာမည်ကို အသင့်လျော်ဆုံးဟု ယူဆပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ပါ သည်ဟု သိရှိရပါသည်။ ဤနာ မည်ကို မွန်ပြည်နယ်မှ ရရှိသည့် အတွက် အတိုင်းထက်အလွန် ဂုဏ်ယူမိ၏။ ရှင်စောပုလမ်း၊ သမိန်ဗရမ်းလမ်း၊ ရာဇာဓိရာဇ် အိမ်ရာ၊ ရာဇာဓိရာဇ်လမ်း၊ ဗညား ဒလလမ်းနှင့် ဓမ္မစေတီလမ်းတို့ သည် ရန်ကုန်မြို့ပြ၏ အထင်ရှား ဆုံးသော မွန်လူမျိုးသမိုင်းဝင် အ ကျော်ဇေယျပုဂ္ဂိုလ်ကြီးများ၏ အမည်ဖြင့် မှည့်ခေါ်သည်ကိုလည်း များစွာဂုဏ်ယူနေမိ၏။ ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ကို ဘာကြောင့် ကန့်ကွက်နေကြပါသနည်း။ ၎င်းအနေဖြင့် စဉ်းစား၍ ပင်မရပါဟု တံတားထိပ်ဘီလူး ကျွန်းဒေသ ကညော်ရွာဇာတိ စာရေးသူ၏ ဆံသဆရာ မွန်အမျိုးသားကြီးက စာရေးသူအား တအံ့တဩမေးမြန်းသည်ကို မဖြေမီ ဖြစ်စဉ်တစ်ခုကို ပြောပြလို၏။

စာရေးသူ အငြိမ်းစားမယူမီက ဒဂုံဆိပ်ကမ်းမြို့သစ်ရှိ ပင်မလမ်းမကြီးများ၏ အမည်များကို ရွေးချယ်ပေးအပ်ရန် တာဝန်ပေး ခြင်းခံခဲ့ရ၏။ ကျူးကျော်စစ်ပြုသူ ကုလားစစ်သူကြီးကို အနိုင်ယူစစ်ထိုးသည့် မွန်သူရကောင်း ကွမ်အပ်သားမင်းသားကို ဂုဏ်ပြုပြီး ပဲခူးမြစ်လမ်းနှင့် အပြိုင်တည်ရှိ သော မြို့အဝင်ပေ ၁၀၀ လမ်းမကြီးကို စာရေးသူက ‘ကွမ်အပ်သားမင်းသားလမ်းမကြီး’ဟု အမည်ပေးခဲ့၏။ အတည်ပြုချက်လည်း ရရှိခဲ့၏။ အချို့က ရှာရှာ ဖွေဖွေ ရှားရှားပါးပါး မွန်အမည် ပေးတတ်ရန်ကောဟု ဝေဖန်အ ပြစ်တင်ကြ၏။ စာရေးသူကမူတိုင်း ရင်းသားစွဲ၊ ဒေသစွဲတွေ လုံးဝမထားဘဲ သမိုင်းဝင်ဂုဏ်ပြုထိုက်သူမို့ မှည့်ခေါ်ခြင်းဖြစ်ကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်ရှင်းလင်းခဲ့၏။ ယခုလည်း အထက်ပါ စိတ်ထားမျိုးဖြင့် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသာဖြစ်၍ ပြည်သူအပေါင်းတို့သည် အမျိုးသားခေါင်းဆောင်ကြီး၏ အမည်ကို ကြားရကြားရနားဝ၌ အလွန်ချမ်းသာကြမည် မဟုတ်ပါလော... ။    ။



7Day News Journal

No comments:

Post a Comment