Latest News

Saturday, March 11, 2017

နှစ်လုံးထီ သုံးလုံးထီ ချဲထီ ရပ်သင့်ပြီ - ဆရာစံမြအောင် (ရန်ကင်း)

နှစ်လုံးထီ သုံးလုံးထီ ချဲထီ ရပ်သင့်ပြီ - ဆရာစံမြအောင် (ရန်ကင်း)

ကျွန်တော်သည် ကျန်းမာရေးအရ နံနက်ခင်းတိုင်း လမ်းလျှောက်လေ့ရှိပါသည်။ လမ်းလျှောက်ရင်းလည်း ကြုံသလို ဈေးဝယ်လေ့ရှိပါသည်။ ကံဘဲ့ဈေးတွင်း တစ်နေ့ ဈေးဝယ်နေစဉ် မိန်းကလေးတစ်ဦးက ဆိုင်ရှင်အဒေါ်ကြီးကို ဒီနေ့ ဘာကောင်းလဲဟု မေးပါသည်။ ဆိုင်ရှင်အဒေါ်ကြီးက သုံးထိပ်စီး ကောင်းသည်ဟု ပြောပါသည်။ ဈေးဝယ်မိန်းကလေးက ကျွန်မခင်ပွန်းကတော့ ပူးဂဏန်းနှစ်ပူး ၂၂ နှင့် ငါးပူး ၅၅ ကောင်းသည်ဟု ပြောပါသည်။ ထိုစဉ် ဘေးဆိုင်မှ လူ၀၀အဒေါ်ကြီးက ဟဲ့ကောင်မတွေ သိပ်လည်း အတင့်ရဲမနေကြနဲ့။ တိုးတိုးတိတ်တိတ်ပြောကြ။ ရှေ့ပြော နောက်ကြည့် ညပြော အောက်ကြည့်တဲ့ မနေ့က ညနေဘက်မှာ ဒို့အိမ်ဘေးက မအေးအိမ် ရုတ်တရက် ရဲတွေဝင်စစ်တာ လောင်းကြေးငွေ ကိုးသောင်းကျော်နဲ့ ဘောက်ချာစာရွက်တွေတွေ့လို့ ဖမ်းသွားပြီဟဲ့။ နင်တို့လည်း နှုတ်ကြောင့်သေ လက်ကြောင့်ကြေ ဖြစ်နေကြဦးမယ်ဟု သတိပေးစကား ပြောကြားပါသည်။

နောက်တစ်နေ့ ကျွန်တော် တောင်ဥက္ကလာဘက် လမ်းလျှောက်ရင်း လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် ထိုင်သောက်နေစဉ် လူငယ်တစ်စု ၀ိုင်းဖွဲ့စကားပြောနေကြပါသည်။ တစ်ဦးသောလူငယ်က ငါတော့ စိတ်တိုလာပြီကွာ။ မနေ့က ပေါက်ဂဏန်း အခုထိ လာမပေးသေးဘူး။ ဒိုင်ဖိုးပိုင်တော့ ပြေးပြီ။ နင်တကယ်ကွာ၊ အခြား လူငယ်တစ်ဦးက ဘာခက်တာမှတ်လို့ကွာ၊ ညနေဘက် ဒိုင်ဖိုးပိုင်ဆိုင်သိမ်းပြီး ငွေထုပ်လိုက်ပိုက် အိမ်အပြန် ဒို့နှစ်ပေတက်မိုင်းတွယ်ပြီး ငွေရအောင်ယူပေးမယ်။ မင့်ချဲကြေးထက်တောင် ငွေပိုရစေရမယ်။ ငါတို့ကို ကြက်ကင်နဲ့ အရက် တ၀တိုက်ဟု ပြောသံကြားရ၍ သတ်္တိခဲကျွန်တော်မှာ ကြက်သီးမွေးညင်းများ ထ၍ ကျောချမ်းသွားပါသည်။
ကျွန်တော်သည် စာအုပ် စာပေလူ့မိတ်ဆွေ ဆိုသည့်အတိုင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများကို ဖတ်ရှုရာမှာလည်း မကြာခဏချဲရောင်း၊ ရဲဖမ်း၊ ထောင်ကျ သတင်းများကို စိတ်မချမ်းသာစွာ ဖတ်ရှုနေရပါသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ အရေးအခင်းနောက်ပိုင်း န၀တခေတ်နှင့် နအဖ စစ်အာဏာရှင်ခေတ်၊ ခေတ်ပျက်နှင့် မင်းအဆက်ဆက်သာ ပြောင်းလဲသွားသည်။ နှစ်လုံးထီ၊ သုံးလုံးထီ၊ ချဲထီများမှာ မိုးဦးကျ ကျွန်တော်တို့ အညာရွာမှာ ဆီးပင်၊ ဆီးကိုင်းခုတ်ရသလို ခုတ်လေရှင်လေ ငါမသေဖြစ်နေပါသည်။ စစ်အစိုးရခေတ် ပြည်ထဲရေးလူကြီးအမှာမိန့်ခွန်း ပြောကြားရာ၌ ချဲပြုတ်လျှင် ပြုတ်၊ မပြုတ်လျှင် ရဲပြုတ်ရမည်ဟု လမ်းညွှန်စကား ပြောကြားရာတွင် ယနေ့ချဲလည်းမပြုတ်၊ ရဲလည်းမပြုတ် ထိုလူကြီးသာ အလုပ်နားသွားရပါသည်။

ကျွန်တော်သည် ဤဆောင်းပါးကို ရေးရခြင်းမှာ တစ်စုံတစ်ဦး တစ်ယောက်ကို ထိခိုက်နစ်နာစေရန် ဆန္ဒမရှိပါ။ ပထမဦးဆုံးချဲမှု လောင်းကစားမှုနှင့် ထောင်ကျသွားရရှာသော မိသားစုများ၊ ဘ၀ပျက် သောကဝေ ဒုက္ခရောက်ဖြစ်ရပ်များအတွက် စိတ်မကောင်းဖြစ်ရပါသည်။ ဆက်နွှယ်ပြောရလျှင် အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာဆိုသလို ထိုလူတစ်ဦးတစ်ယောက် ထောင်ကျခြင်းမှာ ၄င်းတို့ မိသားစုများ ပူဆွေးရသလို တိုင်းပြည်နှင့် လူမျိုးအတွက်လည်း ကြီးမားသော ဆုံးရှုံးနစ်နာမှုကြီးတစ်ရပ် ဖြစ်ပါသည်။ အရင်းစစ်တော့ အမြစ်မြေက ဆိုသလို ပြည်သူတွေ၏ စီးပွားရေးချို့တဲ့မှု၊ အမြင်မကျယ်မှု၊ ငွေရှင်ကြေးရှင် ၀ိသမ လောဘသမားများ၏ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသလို စိတ်ဓာတ်နှင့် ပြည်သူ့လခရိက္ခာစား၊ ဥပဒေကို မလေးစား တာဝန်ရှိ အုပ်ချုပ်သူ မင်းမှုထမ်းများ၏ ငိုစားရယ်စား နှစ်ဖက်ချွန်နှစ်ဖက်စား စာရိတ္တ ပျက်ပြားမှုများကြောင့် နာမည်ပျက်ပြား လောင်းကစားမှုမျိုးစုံမှာ  ဤရွေ့ဤမျှ သက်ဆိုးရှည်၍ သံသရာလည်နေရခြင်း ဖြစ်ပါသည်။

 ကျွန်တော်သည် ပြည်ပအထင်ကြီး၊ နိုင်ငံခြားအားကိုး- ကိုယ့်အမျိုးကို မချစ်တတ်သော မျိုးချစ်မျက်ကန်း စာပေတတ်တော့ မဟုတ်ပါ။ နှစ်ပေါင်းငါးဆယ်ကျော် ကိုယ့်နိုင်ငံကိုယ့်လူမျိုးတွေကို ဒုက္ခပေးနေသည့် နှစ်လုံးထီ သုံးလုံးထီ ချဲထီများ ကောင်းမွန်စွာ ပပျောက်သွားစေမည့် နည်းလမ်း နည်းစနစ်များကို တင်ပြလိုပါသည်။

ကျွန်တော့်သားငယ်၏ စေတနာနှင့် ကူညီဆောင်ရွက်ပေးမှုကြောင့် ကျွန်တော်တို့ ဇနီးမောင်နှံ စင်ကာပူနိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့ရပါသည်။

SERANGOON (ဆီရန်ကုန်) ဟုခေါ်ဆိုသော အရပ်ဒေသမှာ တည်းခိုရပါသည်။ ရပ်ကွက်ဒေသနာမည် ထူးခြားနေ၍ အကြောင်းစုံသိရှိရအောင် မေးကြည့်တော့ ...ဟိုယခင် ရှေးမကွာဝေးလွန်လှသေးသော ကာလက ကျွန်တော်တို့ အမိမြန်မာပြည်ရွှေမြို့တော် ရန်ကုန်ကို အားကျ၍ မှည့်ခေါ်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။ ယခုတော့ ...စင်ကာပူနိုင်ငံမှာ အစိုးရကလည်း ဦးဆောင်မှုမှန်၊ ၀န်ထမ်းတွေကလည်း ဥပဒေကိုလေးစား၊ ပြည်သူတွေကလည်း စည်းကမ်းလိုက်နာ သုံးနားညီ၊ သုံးဘက်ညီ ခေတ်မီတိုးတက် သန့်ရှင်းလှပ သပ်ရပ်သော နိုင်ငံတော်ကြီး ဖြစ်နေပါပြီ။

တစ်နေ့ ကျွန်တော်တို့မိသားစု ဈေးတန်းသို့ ဈေးဝယ်ရန်အသွား ဆိုင်ခန်းတစ်ခုမှာ လူတွေတန်းစီ နေကြသည်ကိုတွေ့ရ၍ ကျွန်တော့် သားငယ်အားမေးကြည့်ရာ ဖေဖေ ဒါက ရန်ကုန်မှာ ခေတ်စားနေတဲ့ နှစ်လုံးထီ၊ သုံးလုံးထီ၊ ချဲထီလိုမျိုး ထီထိုးတဲ့နေရာလေဟု သားငယ်က ရှင်းပြပါသည်။

ဆိုင်ခန်း အ၀င်ဝထိပ်မှာ ဓာတ်ပုံတွင် ပါရှိသည့်အတိုင်း SINGAPORE Pools စာလုံးနှင့် အောက်ခြေတွင် SARANGOON CENTRAL ဟု ရေးထားပါသည်။ ဆိုင်ကောင်တာမှ 4(D) စာရွက်ကိုယူပြီး မိမိထိုးမည့်ဂဏန်း လေးလုံးကို ခြစ်ရပါသည်။ TOTO အမျိုးအစား ထီထိုးလိုလျှင် ၄င်းပုံစံစာရွက်ပေါ်တွင် မိမိထိုးမည့် ဂဏန်းခြောက်လုံး ခြောက်ကွက်ကို ခြစ်ပြီး ကျသင့်ငွေကို ကောင်တာအတွင်းသို့ ပေးလိုက်ရပါသည်။

မကြာမီ ကောင်တာစာရေးက ကွန်ပျူတာနှိပ်ပြီး ထိုးထားသော ဂဏန်းနှင့် ပေးသွင်းထားသော ငွေတန်ဖိုး ဖြတ်ပိုင်းစာရွက်ကို ပြန်ပေးပါသည်။ စင်ကာပူနိုင်ငံတွင် လေးလုံးဂဏန်း 4(D) မှာ တစ်ပတ်လျှင် သုံးကြိမ်နှင့် ခြောက်လုံးဂဏန်းတွဲ TOTO ထီမှာ တစ်ပတ်လျှင်နှစ်ကြိမ် ဖွင့်ပေးပါသည်။

ထီပေါက်သောအခါ ပေးထားသော ဘောက်ချာစာရွက်ကို စစ်ဆေးပြီး ငွေလက်ငင်းချက်ချင်း ထုတ်ပေးပါသည်။ မြန်မာပြည်မှာလို ဒိုင်ပြေးမှာလည်း မကြောက်ရ၊ ပေါက်ငွေကိုလည်း မှန်မှန် မြန်မြန်ရ၊ ထိုးသူလည်း ထောင်မကျ၊ အစိုးရလည်း အခွန်ငွေရ၊ ပြည်သူများမှာလည်း စိတ်ချမ်းသာရသော စင်ကာပူနိုင်ငံ၏ တိကျမှန်ကန်၊ ဘေးရန်ကင်းကွာ၊ ထီးမျိုးစုံ နည်းစနစ်များကို စေတနာရှေ့ထား၍ ရေးသားတင်ပြအပ်ပါသည်။
နှစ်လုံးထီ၊ သုံးလုံးထီ၊ ချဲထီရပ်သင့်ပြီ။
ဆရာစံမြအောင် (ရန်ကင်း)

Category: Articles

Tomorrow News Journal

No comments:

Post a Comment