Latest News

Saturday, March 11, 2017

ယင်ကောင်ရဲ့ မုဒိတာ - ယင်ကောင်

ယင်ကောင်ရဲ့ မုဒိတာ - ယင်ကောင်

ယင်ကောင်တို့ မြန်မာနိုင်ငံသားဖြစ်ရတာ မလွယ်ပါဘူးဗျာ။ အစိုးရမင်းတွေ ဘာလုပ်လုပ် ထစ်ခနဲရှိ နိုင်ငံသားတွေရဲ့ ပခုံးပေါ်ကို ဂွပ်ခနဲ ရောက်လာတာပဲခင်ဗျ။ အခုလည်းကြည့်။ ယင်ကောင်တို့ နိုင်ငံသားတွေရဲ့ ပခုံးပေါ်ကို ဘယ်အချိန်ကမှန်းမသိ တင်ထားတဲ့ အထုပ်က လူထုအစိုးရလက်ထက်မှာ လေးဆကျော် ကြီးလာပြီတဲ့ဗျာ။ ဘယ်လိုကြီးလာမှန်းမသိတဲ့ အထုပ်ကြီးကို ယင်ကောင်ကတော့ လန့်နေပါပြီ။ လန့်ဆို အထုပ်က ပြည်ပကို ဆပ်ရမယ့် အကြွေးထုပ်ဖြစ်နေတာကိုးခင်ဗျ။ ဒီအကြွေးထုပ်က အခု အစိုးရလက်ထက်မှာ ဘယ်လောက်ကြီးလာသလဲဆိုရင် နိုင်ငံသားတစ်ဦးကို ၂၃ သိန်းဖြစ်နေပြီတဲ့ဗျာ။ အရင်အစိုးရ လက်ထက် ငါးနှစ်တာ ကာလအတွင်းက နိုင်ငံသားတစ်ဦးမှ ငါးသိန်းနီးနီးလောက် ရှိတာဆိုပေမယ့် အခု အစိုးရသစ်ရဲ့ ၁၁ လတာ ကာလအတွင်းမှာ လေးဆကျော် ငါးဆ ဖြစ်သွားတာတဲ့။ အော်.. မဆီမဆိုင် ကံဆိုးမိုးမှောင် ကျသွားရတဲ့ မြန်မာနိုင်ငံသားတွေပါ ခင်ဗျာ။

ဒီသတင်းက လူထုအစိုးရ လက်ထက်မှာ ကြားလို့မှမတော်ဘူး။ နားရက်မို့ နေ၀င်တဲ့အထိ အိပ်မယ်လို့ စိတ်ကူးခဲ့တဲ့ ယင်ကောင်တောင် မျက်လုံးကို အတင်းဖြဲပြီး အွန်လိုင်းပေါ် တက်ကြည့်လိုက်ရတယ်။ ဘယ်နှယ်ဗျာ.. အရင်အစိုးရလက်ထက်တွေတုန်းက လူကြီးတွေခမျာ သွားလိုက်ရတဲ့ ပြည်ပနိုင်ငံတွေ၊ ဘယ်နိုင်ငံရောက်ရောက် ပိုက်ဆံတွေ ချေးလာလို့ ချစ်ကြည်ရေး သွားတာလား၊ ပိုက်ဆံချေးဖို့ သွားတာလားဆိုတာ သိပ်သဲကွဲခဲ့တာ မဟုတ်လားဗျာ။ ဒီလောက် နိုင်ငံတကာပတ်ပြီး ပိုက်ဆံလှည့် ချေးနေခဲ့တာတောင် လူတစ်ဦး ငါးသိန်းပဲတင်ခဲ့တာပဲ။ အဲ..လူထုအစိုးရတက်လာတာ တစ်နှစ်တင်းတင်းတောင် မပြည့်သေးဘူး၊ နိုင်ငံသားတစ်ဦးကို ၂၃ သိန်းလောက် တင်နေပါပြီတဲ့။ ကောင်းရော..

လူထုအစိုးရလက်ထက်မှာမှ ဘယ်လိုဖြစ်လို့ အရင်က လူတစ်ဦး အကြွေးငါးသိန်းနီးနီးကနေ လေးငါးဆလောက် တက်သွားရပါလိမ့်၊ ဆန်းစစ်ကြည့်လိုက်တော့ ယင်ကောင်တောင် ကြက်သီးထမိတယ်ခင်ဗျ။ မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ  ၃၁ ရက်နေ့အထိ ပြည်ပကြွေးမီးက ၈.၉ ဘီလီယံရှိသတဲ့။ ၈.၉ ဘီလီယံကို ဒေါ်လာပေါက်ဈေး ၁၃၅၀ ကျပ်နဲ့ တွက်ပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၂ သန်းနဲ့  အချိုးချကြည့်လိုက်တော့ တစ်ဦးကို ၂.၃ သန်း (၂၃ သိန်း) ဖြစ်သွားပါတယ်တဲ့ခင်ဗျာ။ ဘယ်သူတွေက ချပြသွားတာလဲဆိုတော့ ရှမ်းပြည်နယ် မဲဆန္ဒနယ်တစ်ခုက ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်မှာ ချပြဆွေးနွေးသွားတာပါ။ အနှီလွှတ်တော် ကိုယ်စားလှယ်က နိုင်ငံတော်မှာ ဒီလို အကြွေးပိနေတဲ့အတွက် အစိုးရ၀န်ကြီးဌာနတွေ အနေနဲ့ ပြည်သူ့ဘဏ္ဍာငွေကို အလေအလွင့်မဖြစ်အောင် ဂရုပြုဆောင်ရွက်သင့်တယ်လို့ စေတနာစကားလေး ပါးသွားပါသဗျ။

ဒီလိုစေတနာ စကားလေးတွေနဲ့ ထောက်ပြဆွေးနွေးချက်အပေါ် ယင်ကောင်ကို အကြောင်းပြဿနာတောင်းရင် တော့ အပေါင်းလက္ခဏာဘက် စောင်းတယ်လို့ ဆိုရမယ်ဗျ။ ဒါပေမယ့် ၉ ဘီလီယံကို ၅၂ သန်းနဲ့ အချိုးချတာကတော့ တစ်ခုခု လွဲနေတယ်လို့ သံသယ၀င်မိတယ်။ ဒါနဲ့ ယင်ကောင်လည်း ကာကူလက်တာ တစ်လုံးနဲ့ အလုပ်ရှုပ်တော့တာပေါ့ခင်ဗျာ။ ကိုယ်တွေဉာဏ်က ပါးပါးလေးရယ်။ သူများတွေလို သိပ်မထူတော့ တစ်ရက်နှစ်ရက်ပဲ ကြာတယ်။ အဖြေထွက်မလာတော့လို့ ရပ်ကွက်ထဲက ကျောင်းသားတစ်ယောက်ကို အကူအညီ တောင်းလိုက်ရတယ်။ ကိုယ်လည်း အဖြေရရှိရေးအတွက် အရပ်ကူပါ၊ လူဝိုင်းပါ အခြေအနေနဲ့ ကြုံလိုက်ရတော့ မဆီမဆိုင် လွှတ်တော်မှာ ဆွေးနွေးတဲ့ကိုယ်စားလှယ်ကို ကိုယ်ချင်းစာမိပါတယ်ခင်ဗျ။ သူလည်း ယင်ကောင်လို အဖြေက မရသေးတဲ့အချိန် ဆွေးနွေးရမယ့် အလှည့်ရောက်လာလို့ ဂဏန်းတွေကို မှန်းပြောမိသလားပေါ့။ အကောင်းဘက်ကနေ အပြုသဘောဆောင် တွေးကြည့်ပေးတာပါ။ ဘာသဘောမှ မပါဘူးရယ်။ ဘုရားဖူး၊ မိုးကြိုးလွတ်၊ မြွေပွေးသူများကိုက်။

ပြည်ပကြွေးမြီကိစ္စ ပြန်ဆက်ရရင် ၈.၉ ဆိုပေမယ့် ၉ ဘီလီယံထား။ ဘီလီယံဆိုတော့ ၉ နောက်မှာ သုံညကိုးလုံးခင်ဗျ။ မြန်မာငွေနဲ့ မတွက်နဲ့ဦး။ မြန်မာလူဦးရေက ၅၂ သန်းဗျာ။ သန်းဆိုတော့ ၅၂ နောက်မှာ သုည ခြောက်လုံးခင်ဗျာ။ အဲဒီတော့ ကာကူလက်တာမှာ ၉ နောက်မှာ သုည ကိုးလုံးထည့် အစားကို နှိပ် ၅၂ နောက်မှာ သုညခြောက်လုံး ထည့်၊ ညီမျှခြင်းကို နှိပ်လိုက်ဗျာ။ ၁၇၃.၀၇၆၉၂၃၀၇၆၉ ဒေါ်လာရပါပြီ။ ဒါက မြန်မာနိုင်ငံသား တစ်ဦးချင်းစီမှာ တင်နေတဲ့ ပြည်ပကြွေးမြီခင်ဗျ။ ကြွေးမြီပြန်ဆပ် မယ့်နေကျရင် ၁၇၃.၀၇၆၉၂ ၃၀၇၆၇ ဒေါ်လာကို မြန်မာငွေနဲ့ မြှောက်ကြည့်လိုက်ရင် နှစ်သိန်းသုံးသောင်းကျော်ကျော်လေးပဲ ကျပါတယ်။ ပြောရရင် အရင်ကထက် ကြွေးမြီတစ်ဝက်လောက် သက်သာတာကို အနှီလွှတ်တော်ကိုယ်စားလှယ်ကြီးက ဒသမကိုနေရာရွှေ့ပြီး ဖြတ်လိုက်မိတယ်လို့ ထင်တယ်။ ဒါကြောင့် ယင်ကောင် ကြက်သီးထတယ်လို့ ပြောတာ ခင်ဗျ။
ဒီလို လွှတ်တော်ထဲမှာ ချပြဆွေးနွေးခဲ့တာ လွဲပေမယ့် ကိစ္စမရှိပါဘူး။ ကိုယ်ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ တွက်ချက်တာ လွဲသွားတဲ့အတွက် စိတ်မကောင်းပါဘူး။ အမှန်က ဒီလောက်ပါဆိုပြီး တရားဝင်ပြန်ရှင်းလို့ရတာပဲ လေနော့။ အရင်လူတွေတုန်းကလည်း ဘယ်နားမှာ ဘာတွေမှားမှား၊ ကိုယ်ရဲ့ လူမှုကွန်ရက်ပေါ်မှာ တရားဝင်တောင်းပန်တာတွေ၊ တရားဝင်ရှင်းလင်းတာတွေ လုပ်ခဲ့ကြသေးတာပဲ မဟုတ်လားဗျာ။ လူတစ်ကောင်လုံးထက် ကိုယ့်ရဲ့ လူမှုကွန်ရက်စာမျက်နှာက ပိုတန်ဖိုးရှိနေတာကတော့ ယနေ့ ခေတ်ရေစီးကြောင်းပေမို့ အပြစ်မဆိုသာဘူးခင်ဗျ။

တကယ်တော့ ဒီကိစ္စကို အချိန်ကုန်ခံပြီး ယင်ကောင်တို့က ဒီလောက်ဖြစ်နေပြီတို့၊ ဟာ... အဲလောက်မရှိပါဘူးတို့ အသံကုန်ဟစ် အငြင်းပွားနေပေမယ့် နိုင်ငံတော်အစိုးရက ပြည်ပကြွေးမြီ ပြန်လည်ကောက်ခံရေး ဗဟိုဌာနတို့၊ ကြွေးမြီးလိုက်လံ သိမ်းဆည်းရေးကော်မတီတို့ ပြည်ပကြွေးမြီ အချိန်မီ ပြန်ဆပ်နိုင်ရေးအသင်းတို့ စသဖြင့် အဖွဲ့တွေဖွဲ့ပြီး ပြည်ပကြွေးမြီကို ဆပ်ရပါတော့မယ်။ ဒါကြောင့် တစ်ဦးချင်းအလိုက် ကိုယ်ရထားတဲ့ အကြွေးပမာဏကို တာဝန်သိပြည်သူပီပီ လာဆပ်ကြပါ။ လာမဆပ်ရင် ဥပဒေအရ ဘယ်လိုအရေးယူခံရမယ်လို့ ကြေညာချက်တွေ ထုတ်ပြီး တောင်းမှာလည်း မဟုတ်ပါဘူး။ ဒါကိုပဲ လွှတ်တော်မှာ လွဲပြောမိတာကို သက်သက် အချိန်ကုန်ခံနေကြလို့ဗျာ။

ဒီကြားထဲ..ပါတီအရောင်စွဲနဲ့ မာဖီအရောင်မွဲတွေက ပြည်ပကြွေးမြီ ငါးဆလောက် တက်ပါတယ်ဆိုပြီး လူမှုကွန်ရက်မှာ ထွန့်ထွန့်တွေ လူးနေလိုက်ကြတာ ယင်ကောင်တောင် ခြင်ထောင်အပြင် မထွက်ရဲဘူး။ တချို့ဆို ဒီသတင်းကို ကြားဖြတ် မဲဆွယ်ပွဲမှာ အသုံးပြုသွားတာ ၀က်ဝက်ကွဲ အောင်မြင်တယ်လို့ဆိုပြီး လှုမှုကွန်ရက်စာမျက်နှာပေါ်တင်ကြ၊ ပြကြနဲ့ ဂုဏ်ယူနေကြသေးတာခင်ဗျ။

ယင်ကောင်တို့ရဲ့ စာနယ်ဇင်းလောကထဲကို မနေ့တစ်နေ့ကမှ ရောက်လာတဲ့ ညီငယ်လေး ပုတက်လှမွှေဆိုရင် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် သူငယ်ချင်းအတွက် ကူညီမဲဆွယ်ရာမှာ ရှေ့ရောက်လာတဲ့ ဧည့်ပရိသတ်ကို ငါးနှစ်အုပ်ချုပ်မှ နိုင်ငံသားတစ်ဦးကို ငါးသိန်းနဲ့ ၁၁ လ အုပ်ချုပ်ရုံနဲ့ တစ်ဦးကို နှစ်ဆယ့် သုံးသိန်းဖြစ်စေတဲ့သူ ဘယ်သူ့ကို ရွေးမလဲဆိုပြီး မေးခွန်းထုတ် မဲဆွယ်သတဲ့။ အောက်ကလူတွေကလည်း ပုတက်လှမွှေအကြံကို မသိကြတော့ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းက အမိုက်အမဲလေး ဖြစ်ခဲ့တာကို ခွင့်လွှတ်ပါ။ အခု ကြားဖြတ်တော့ တကယ့်အားကိုး အားထားရမယ့် အနှီလူကိုပဲ မဲပေးပါ့မယ့်ဆိုပြီး လက်သီးလက်မောင်းတွေ ထတန်းကြသတဲ့ဗျာ။ ဘာပဲဖြစ်ဖြစ် အကြွေးပူကို အရေးတယူမလုပ်ဘဲ အပေးအယူလုပ်လို့ အဆင်ပြေနေတယ်ကြားတော့ ယင်ကောင်အနေနဲ့ ဒင်းတို့ ပုတ်ခတ်တာ အဲ...လုပ်တတ်တာကို မုဒိတာပွားမိပါသဗျ။

Category: Satire

Tomorrow News Journal

No comments:

Post a Comment