Latest News

Friday, March 3, 2017

မြောင်းမြမှာမီဒီယာတွေကို ဘာကြောင့်ဆန္ဒပြခဲ့ကြသလဲ


မြောင်းမြမှာမီဒီယာတွေကို ဘာကြောင့်ဆန္ဒပြခဲ့ကြသလဲ
မတ်လ ၃ ရက်၊ ၂၀၁၇ ခုနှစ်။

မြောင်းမြမြို့နယ်၊ က၀က်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာကြီး ဦးအောင်အောင် ကိုကျောင်းသားတစ်ဦးအား လိင်တူကာမစပ်ယှက်မှုပြုလုပ်ခဲ့သည် ဟုဆိုကာ မမှန်မကန်အမှုဖွင့် တိုင်ကြားနိုင်အောင် မီဒီယာများအပါဝင် စီစဉ်ခဲ့သူများကို အရေးယူပေးရန် ဒေသခံ ၂၀၀ ခန့်က မတ်လ ၃ ရက်နေ့တွင် ခွင့်ပြုမိန့်ယူကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လွန်ခဲ့သည့်တစ်နှစ်ခန့်က ကျောင်းအုပ်ဆရာကြီး ဦးအောင်အောင်မှ ၁၀ တန်းဖြေမည့် ကျောင်းသားတစ်ဦးကို လိင်တူကာမစပ်ယှက်မှု ကျူးလွန်ခဲ့သည်ဆိုသည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များဖြင့် အမှုဖွင့်နိုင်အောင် လုပ်ဆောင်ခဲ့ကြသော က၀က်ကျောင်းတွင် တာဝန်ထမ်း ဆောင်နေဆဲ ဆရာ၊ဆရာမ ၅ ဦး၊မီဒီယာများနှင့် တာဝန်ရှိသူအားလုံးကို အရေးယူပေးရန် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများကပြောသည်။

“ဆရာကြီးက စည်းကမ်းကြီးတယ်၊ တပည့်တွေအပေါ်မှာလည်း စေတနာအရမ်းထားတော့ တာဝန်မကျေတဲ့ ၀န်ထမ်းတွေ ကိုလည်း ဆုပေးဒါဏ်ပေးစနစ်တွေ မင်နီတားတာတွေလုပ်ခဲ့လို့ မကျေနပ်တဲ့ ဆရာ၊ဆရာမတွေက နယ်ခံမီဒီယာတွေနဲ့အရင်တွေ့ပြီး မဟုတ်မမှန်သတင်းတွေအရင်လွှင့်တယ်၊ နောက်ထပ်သူကျူးလွန်တာကို တွေ့ပါတယ်ဆိုပြီး ရဲစခန်းမှာအမှုဖွင့်ခဲ့တဲ့ အတွက် ဆရာကြီးရဲ့ဂုဏ်သိက္ခာရော မိသားစုတွေပါ လူမှုရေးအရအဘက်ဘက်က နစ်နာနေတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာပါ”ဟု ဆန္ဒဖော်ထုတ်ပွဲကိုဦးဆောင်ခဲ့သူ ဦးသက်ကိုက ပြောသည်။

ဆရာကြီးဦးအောင်အောင် အမှုဖွင့်ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့်အတွက် ၄င်းဖွင့်လှစ်ထားသော စာကျက်ဝိုင်းများလည်း ပိတ်ခဲ့ရပြီး က၀က်ကျေးရွာ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများမှာ စာမေးပွဲဝင်ရောက်ဖြေဆိုချင်စိတ်ပင် မရှိတော့သည့်အတွက် မိဘများအနေဖြင့်လည်း အလွန်စိတ်ထိခိုက်ရသဖြင့် ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ရခြင်းဖြစ်ကြောင်း က၀က်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးမြင့်ဦးကပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် ကျောင်းအုပ်ဆရာကြီးအား လုပ်ကြံဖန်တီးသိက္ခာကျအောင် လုပ်ဆောင်သူ က၀က် အ.ထ.က မှ ဆရာ၊ဆရာမ ၅ ဦးအားအရေးယူပေးရေး၊ ဖြစ်ရပ်မှန်မဟုတ်ဘဲ သတင်းမီဒီယာအချို့နှင့်တွေ့ဆုံ၍ သတင်းမှားများ ဖန်တီးလုပ်ဆောင်ခဲ့သူများအား အရေးယူပေးရေး၊ကျောင်းသားများ စာမေးပွဲရက်နှင့် အချိန်ကိုက်ကြိုတင်ကြံစည်ပြီး ကျောင်းသားများနှင့်မိဘများ ကိုယ်စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ဆောင် ခဲ့သူများအားအရေးယူပေးရေးနှင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေး စသည့်ကြွေးကျော်သံများ ကြွေးကျော်ကာ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ မြောင်းမြမြို့ အနှံ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Photo The Ayeyarwaddy Times
The Ayeyarwaddy Time
https://www.facebook.com/ayetimes

No comments:

Post a Comment