Latest News

Saturday, March 11, 2017

ဇာတိချက်ကြွေ အဖျောက်မြေက မဟာသံတဆောင်းတော်ကြီး နှစ်တရာပြည့်အခမ်းနားကို ဂုဏ်ပြုကြိုဆိုခြင်း


နိုင်ငံကျော် စာရေးဆရာကြီး ပါရဂူရဲ့ ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးလို့ ဖွဲ့ဆိုခဲ့တဲ့ ပိဋကတ်သုံးပုံ ထားရှိရာ မဟာသံတဆောင်းတော်ကြီးဟာ နှစ်တရာတိုင်ခဲ့ပါပြီ။ သုတ္တံ၊ ဝိနည်း၊ အဘိဓမ္မာတည်းဟူသော ပိဋကတ်သုံးပုံကို ကျောက်ချပ်ရေ ၇၂၀ တို့ဖြင့် သီးခြားကျောက်စာတိုက်များ ဖွဲ့စည်းကာ တာရှည်ခိုင်ခံ့စွာ တည်ရှိနေဖို့ သံထည်များဖြင့် တည်ဆောက်ထားခဲ့ခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ သံထည်နဲ့ တည်ဆောက်တဲ့လုပ်ငန်းဒီနှစ်များအတွင်းမှာမှ ခေတ်စားလာပေမယ့် ဘုရားဒကာကြီးဖြစ်တဲ့ ဦးပွကြီးဟာ လွန်ခဲ့တဲ့ နှစ်တရာလောက်ကထဲက steel structureလို့ ခေါ်ဆိုအပ်တဲ့        အဆောက်အဦးကို အမြှော်အမြင်ကြီးစွာ တည်ထောင်ထားခဲ့ခြင်း ဖြစ်ပါတယ်။ ပိဋကတ်သုံးပုံဆိုတာ ဘာသာ သာသနာရေးအရရော မြန်မာနိုင်ငံတော်ရယ်လို့ ဖြစ်ပေါ်လာခြင်းနဲ့အတူ သမိုင်းရေးရာအရပါ တန်ဖိုးကြီးလှပါတယ်။ ပိဋကတ်တော် ရရှိရေးအတွက် ပထမမြန်မာနိုင်ငံတည်ထောင်သူ အနော်ရထာမင်းစော (၁၀၄၄_၇၇AD) ရဲ့သမိုင်းမှာ အတိအလင်းပါပြီးသား ဖြစ်ပါတယ်။

အဖျောက်မြို့ဟာ လွန်ခဲ့တဲ့နှစ်တရာလောက်က ကျေးလက်အဆင့်သာ ရှိခဲ့ပေမယ့် နိုင်ငံတဝှမ်းလုံးမှာ ပိဋကတ်သုံးပုံရယ်လို့ လုံးဝဥဿုံ       အစုံအလင်ရှိတဲ့ နေရာဟာ ပဉ္စမသံဃာရတနာ တင်ခဲ့တဲ့ မင်းတုံးမင်းကြီးရဲ့         မန္တလေးမြို့တော်က ပိဋကတ်သုံးပုံကျောက်စာချပ်ရေ ၇၂၉ချပ်နဲ့ မွေးရပ်မြေ အဖျောက်က ကျောက်ချပ်ရေ ၇၂၀ချပ်ကို တည်ဆောက်နိုင်ခဲ့တာ ဖြစ်လို့လဲအမိမြေအတွက် ဂုဏ်ယူဝမ်းသာရပါတယ်။
ဒီနေရာမှာ ဘုရားဒကာဦးပွကြီးဟာ မင်းတုံးမင်းကြီးရဲ့ကျောက်စာတော် အရေအတွက်ထက် ၉ ချပ်လျော့နည်း  ပြီး တည်ဆောက်ထားတာဟာ တိုင်းပြည်ရဲ့ဥသျှောင်မင်းတုံးမင်းကြီးကို မကျော်သင့် မကျော်အပ်လို့                  လျော့နည်းခြင်းတဆင့်စကားတဆင့်ကြားပြီး သိရှိရတာကြောင့် ဘုရားဒကာကြီးရဲ့ မျိုးချစ်စိတ်ဓာတ်ကို         ချီးကျူးလေးစားမိရပါတယ်။

ဦးပွကြီးနဲ့ဇနီးဒေါ်မမကြီးတို့ရဲ့ ကဗျည်းကျောက်စာတိုင်မှာ မွေးရပ်မြေက အရပ်သူ/သားအပေါင်းတို့ဟာ           ပြားခေတ်(အကြွေသုံးတဲ့ခေတ်)ဖြစ်လို့ ကျပ်ကအစ ပြားအထိပါ အတူတကွ လှူဒါန်းခဲ့ခြင်းကို ကျောက်ထက်အက္ခရာတင်ပြီး ဖော်ပြထားတာ တွေ့ရလို့ အထူးပင်လေးစားဂုဏ်ယူမိပါတယ်။ ပိဋကတ်သုံးပုံတည်ရှိရာကို လာရောက်ကြည်ညိုနိုင်ဖို့အတွက်လဲ နွေမိုးဆောင်း ဥတုသုံးလီနဲ့ လျော်ညီအောင်လဲ စောင်းတန်းကို ပြုလုပ်ထားရှိပေးတဲ့အတွက်လဲ နှစ်တရာတိုင် အဆင်ပြေချောမောစွာ လေ့လာကြည်ညိုနိုင်ခဲ့ကြပါတယ်။

မဟာသံတန်ဆောင်းကြီးဟာ ကိုလိုနီခေတ်၊ လွပ်လပ်ရေးခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်၊ နဝတခေတ်၊ နအဖခေတ်ကနေ ၂၀၀၈ဥပဒေအရ ပေါ်ပေါက်လာတဲ့ ၇၅%ရွေးကောက်ခံအစိုးရ ခေတ်အထိ ခေတ်အသီးသီးကို ဂုဏ်ယူဝံ့ကြွားစွာ ဖြတ်သန်းလာခဲ့ပါတယ်။
မဟာသံတန်ဆောင်းတော်ကြီးရဲ့ အတိတ်သမိုင်းကြောင်းကို ပြန်ပြောင်းသုံးသပ်ရရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်အတွင်းမှာတော့ သာသနိကအဆောက်အဦးတခုဖြစ်တဲ့ ပိဋကတ်သုံးပုံထားရှိရာ                မဟာသံတဆောင်းတော်မှာ လယ်သမားတွေဆီက ဈေးဖြတ်ဝယ်ယူခဲ့တဲ့ စပါးတွေကို မိုးမကျမီ အမိုးအကာအောက်ရောက်ရှိရေးမူ ဆိုတဲ့ခေါင်းစဉ်အရ စပါးထားရှိတဲ့ ဂိုထောင်အဖြစ် မိုးရာသီကျော်လွန်တဲ့အထိ ကာလတာရှည်အသုံးချသွားခြင်းပါပဲ။ လာရောက်ကြည်ညိုလေ့လာခြင်သူများအဖို့ ကြီးမားသော စိတ်အနှောက်      အယှက်ခံစားခဲ့ရပါတယ်။ တစ်ပါတီအာဏာရှင် စနစ်အောက်မှာဖြစ်လို့ ဘယ်သူကိုမှ ဘယ်သူကမှ မကန့်ကွက်ရဲခဲ့ပါဘူး။ (၂၀ရာစုနှစ်အတွင်းက သမိုင်းပေးသင်ခန်းစာတခုပါ)
၂၁ရာစုရောက်တော့ တစ်ပြည်လုံးမှာ အတိုင်းအတာတစ်ခုပြောင်းလဲလာခဲ့တယ်လေ။ အပြည့်အ၀မဟုတ်ပေမယ့် ၇၅%ရွေးကောက်ခံ ဒီမိုကရေစီ ရောင်ခြည်ဦးရောက်ရှိလာတဲ့အတွက် မဟာသံတဆောင်းတော်ကြီးရဲ့  ခန်းနားဝံ့ထယ်မှုဟာ မြန့်မာတပ်မတော်ကာကွယ်ရေးဦးစီးချူပ် မင်းအောင်လှိုင်ကြောင့် ပြန်လည်တောက်ပြောင် လာခဲ့ရပါတယ်။ ဇာတိချက်ကြွေအဖျောက်မြေဟာ ရန်ကုန်တိုင်းအတွင်း ဧရာဝတီမြစ်ကမ်းပါးပေါ်မှာရှိတဲ့ အတွက် နှစ်စဉ်ရေကြီး ရေလျှံလေ့ရှိပါတယ်။ ထူးခြားရေလျှံမှုအတွက် စိုးရိမ်ရတဲ့အခြေအနေကြောင့်            တပ်မတော်မှ စစ်သည်တော်အပေါင်း မှလည်း ရာချီပြီး ပြည်သူတွေနဲ့ တသားတည်း လုပ်အားပေးခဲ့ကြလို့ စစ်သည်တော်တို့ရဲ့ နေရေးစားရေးအတွက်ပါ ပြည်သူတွေက တက်ကြွစွာကူညီပေးခဲ့ပါတယ်။ လက်ဖက်ရည်   ဆိုင်တခုကဆိုရင် နံနက်စာအတွက် လာရောက်သုံးဆောင်တဲ့ စစ်သည်တော်တွေကို နေ့စဉ် ကျွေးမွေး         လှူဒါန်းခဲ့လို့ ရှေးခေတ်ဟောင်းအောင့်မေ့ဖွယ်ဆိုသလို စစ်သည် ပြည်သူကြည်ဖြူတဲ့ဖြစ်စဉ်လေးတွေကို တသသ ခံစားရပါတယ်။ အဲဒီရဲ့ အကျိုးဆက်တွေကြောင့် ကာချုပ်မင်းအောင်လှိုင်ကိုယ်တိုင် ရေဘေးအတွက် ရောက်ရှိလာသခိုက်မှာ ပိဋကတ်သုံးပုံထားရှိရာ မဟာသံတဆောင်းတော်ကြီးကိုလေ့လာကြည်ညိုခွင့် ရခဲ့ပြီး သာဿနိက နယ်မြေကစလို့ ပိဋကတ်သုံးပုံထားရှိရာ အဆောက်အဦးတိုင်းရဲ့လိုအပ်ချက်များကို လအတန်ကြာ အင်ဂျင်နီယာအဖွဲ့များနဲ့ ရှေးမူမပျက်မွမ်းမံ ပြင်ဆင်ပေးခဲ့ပါတယ်။ အထူးသဖြင့် မြန်မာတို့ရဲ့ အမျိုးသားအထိမ်းအမှတ် သင်္ကေတဖြစ်တဲ့ ကဒေါင်းရုပ်လွှာဟာ ထူးခြားပေါ်လွင်လှပါတယ်။ မွမ်းမံပြင်ဆင်ပြီးတဲ့အခါမှာလည်း သက်ဆိုင်ရာ မူလအလှူတော် ဒါ ယိကာများကို ရည်စူးပြီး သံဃာ့နာယက အဖွဲ့ဝင် ဆရာတော်များရဲ့           ရှေ့မှောက်မှာ ပြန်လည်အပ်နှံ ပူဇော်ပွဲ အခမ်းအနားပြုလုပ်ခဲ့ရုံသာမက တရားဝင် ကျောက်ထက်အက္ခရာတင်ထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

 (၂၁ရာစုရဲ့မဟာသံတဆောင်းတော်နဲ့ပတ်သတ်တဲ့ ဂုဏ်ယူကြည်နူးစရာ သမိုင်းဝင်မှတ်တမ်းတခုပါပဲ)
ခြုံပြီးပြောရမယ်ဆိုရင်တော့ ကျေးလက်အသွင်ကတည်ဆောက်ခဲ့တဲ့ ပိဋကတ်သုံးပုံပါ မဟာသံတဆောင်းတော်ကြီးဟာ နှစ်တရာတိုင်ခဲ့ပါပြီ အခုလိုထိုက်ထိုက်တန်တန်သိုက်သိုက်ဝန်းဝန်းနဲ့နှစ်တရာပြည့် အခမ်းအနားကို ဘက်ပေါင်းစုံ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြသူ အပေါင်းတို့ကိုလဲ အထူးပင်ကျေးဇူးတင်ပါကြောင်းနှင့်    အလှူ့ဒါယကာကြီး ဦးပွကြီး အလှူ့ဒါယကာမကြီး ဒေါ်မမကြီးနှင့်တကွ တက်အားသမျှငွေကြေးဓနများကို ပါဝင်လှူဒါန်းခဲ့သူအပေါင်းတို့ကိုပါ ရှိခိုးဦးခိုက်ပါကြောင်းရေးသားရင်း မဟာသံတဆောင်းတော်ကြီးရဲ့ နှစ်တရာပြည့်အခမ်းအနားကို ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။
U Sein Htun Kyaw

No comments:

Post a Comment