Latest News

Saturday, March 11, 2017

နောက်ဖေး မိုင်းဆက် တော်လှန်ရေး


နောက်ဖေး/နောက်ဖီ ဆိုတာ အသုံးမတည့်တာ စွန့်ပြစ်ရာနေရာ လို့ပဲ ကျနော်တို့ စိတ်ထဲ သိထားကြတယ်။
အိမ်သာနဲ့ အမှိုက်သရိုက်တွေကို နောက်ဖေးဘက် ထားလေ့ရှိပြီး အသုံးမတည့်တဲ့ ပရိဘောဂ၊ အသုံးအဆောင်၊ ကလေးကစားစရာ/ စက်ဘီးစုတ်ကအစ နောက်ဖေးဂိုဒေါင်ထဲပဲ စုပုံ ပြစ်ထားလေးရှိတယ်။ အိမ်နောက်ဖေးဟာ အလှနေရာမဟုတ်၊ ကျက်သရေမရှိတဲ့ စွန့်ပစ်ပစ္စည်းထားရာ။ ဒါက ကျနော်တို့ အလေ့အထနဲ့ ပုံစံ။

ဒီမနက် ဖေ့စ်ဘွတ်စာမျက်နှာပေါ် တက်ကြည့်တော့ ရန်ကုန်မြို့ရဲ့ နောက်ဖေးလမ်းကြား အသွင်ပြောင်း တော်လှန်ရေး ဓာတ်ပုံတွေ တွေ့လိုက်လို့ အတော်စိတ်ဝင်စားသွားတယ်။
ညစ်ပတ်စုတ်ပြတ်နေတဲ့ တိုက်နောက်ဖေးလမ်းကြားတဘက်က မြောင်းပုတ်ရေ၊ ပလပ်စတစ်စုတ်/ အမှိုက်ပုံ/ ညောင်မြစ်စွဲတိုက်နံရံတွေနဲ့ ဆန့်ကျင်ပြီး တဘက် နောက်ဖေးလမ်းကြားမှာ ရှင်းလင်းသန့်ပြန့်နေတဲ့ လမ်းလေးနဲ့ ရောင်စုံ ကလေးပန်းချီနံရံကြီးအပြင် ပန်းပွင့် ၊အလှပန်းအိုး၊ ပျိုးပင်လေးတွေအကန့်လိုက်ရှိတဲ့ ပန်းဥယျာဉ်အသေးစားလေးကို မြင်လိုက်ရတော့ စိတ်ထဲ နှစ်ထောင်းအားရဖြစ်သွားတယ်။

တချိန်က စစ်အာဏာရှင်တွေ ကျာင်းသား၊ရဟန်းပြည်သူတွေကို လမ်းပေါ်မှာ အစုအလိုက်အပြုံလိုက်သတ်ဖြတ်ပြီး မြို့တော်ကြီးကို မြို့ပျက်ကြီးအသွင်နဲ့ ဗရမ်းပတာစွန့်ပစ်ခဲ့တယ်။ အဆိုးဆုံးက အဖျက်သဘောထား မိုင်းဆက်တွေ သွတ်သွင်းပြီး စိတ်ဓာတ်ရေးရာ အမှိုက်သရိုက်တွေ ခြေချစရာမရှိအောင် ညစ်ပတ်ကုန်တာပဲဖြစ်တယ်။

လူထုရွေးကောက်ခံ တ၀က်တပျက်အစိုးရ တက်လာတဲ့အခါ- တလောတုန်းကပဲ၊
ရန်ကုန်မြို့တော်စည်/ပင် အဖွဲ့က အိမ်နောက်ဖေး သန့်ရှင်းရေး အော်ပရေးရှင်းကြီးတခု အားတက်သရောလုပ်ခဲ့တယ်။ ဂရုမစိုက်ပဲ အမှိုက်စွန့်တဲ့အဖျက်သဘောစိတ်ဓာတ်တွေရဲ့ စိမ်ခေါ်ချက်လည်း ခံခဲ့ရတယ်။ လုံးဝအောင်မြင်သွားတာမဟုတ်ပေမယ့်
အပြုဘက် တည်ဆောက်ချင်တဲ့ အသစ် အင်အားစုတခုကတော့ အခိုင်အမာရှိသွားပြီ။

ဒီကနေ့တိုက်ပွဲဟာ တရားဥပဒေရဲ့ အပေါ်စီးခွထိုင်ပြီး ဒုစရိုက်မှုကျူးလွန်နေတဲ့အာဏာရှင်အပေါင်းအပါတွေ/ စိတ်ဓာတ်ဟောင်း/ မိုင်းဆက်ဟောင်းတွေနဲ့ မသိလိုက် မသိဖာသာရော/ သိသိကြီးနဲ့ရော စီးမြောလိုက်ပါနေတဲ့ စရိုက်ပျက် အုပ်စုကြီးနဲ့ တရားမျှတမှု/ လူ့အဖွဲ့အစည်း ဖွံဖြိုးတိုးတက်မှုကို လိုလားတဲ့ အာဏာမဲ့ ပြည်သူတို့ရဲ့ စိတ်ဓာတ်အသစ်/ မိုင်းဆက်သစ်နဲ့ ပဋိပက္ခတိုက်ပွဲဖြစ်တယ်။

အဲဒီတိုက်ပွဲ၂ ခုရဲ့ ၀ိရောဓိတွေကို ရန်ကုန် တိုက်နောက်ဖေးလမ်းကြားမှာ ဒီမနက် အရှင်လတ်လတ်ကြီးတွေ့လိုက်ရတာပါပဲ.။
ဒီမိုင်းဆက်အဟောင်းနဲ့ အသစ်ပြောင်းချင်တဲ့ တိုက်ပွဲဟာ ကြာကောင်းကြာလိမ့်မယ်။ ဒါပေမယ့် မရှုံးမယ့် တိုက်ပွဲဖြစ်တယ်။
မယဉ်ကျေးမှု/ စည်းကမ်းမဲ့မှု ဆိုတာ အရှက်တကွဲအကျိုးနည်းပြီး နိဂုံးချုပ်တတ်ပါတယ်။
ကျနော်တို့ သေချာပေါက်အနိုင်ရမယ့် တိုက်ပွဲကို ကျနော်တို့ ဘယ်နည်းနဲ့မှ လက်လျှော့၊ စိတ်ဓာတ်ကျ၊ လျှစ်လျှူရှုစရာမလိုပါ။

၁၉၈၈ တောခိုတုန်းက အိန္ဒိယနယ်စပ်မှာ အတူနေထိုင်ခဲ့စဉ် အနုပညာရင်ခုံသံချင်းတူတဲ့ ရဲဘော်ထိန်လင်း ကို အောင်မြင်တဲ့ ခေတ်ပေါ်ပန်းချီဆရာတယောက် အဖြစ်နဲ့တင်မက အနုပညာနဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲနေသူ အသွင်နဲ့ရော
ဒီကနေ့ ရန်ကုန် နောက်ဖေးလမ်းကြား မိုင်းဆက် တော်လှန်ရေးကို လုပ်နေတာမြင်ရလို့ ကျနော် အားရ၀မ်းသာဖြစ်ပြီး ဒီပို့စ်လေးကို ရေးမိတာပါ။

တချိန်မှာ ရန်ကုန်မြို့ရဲ့ အိမ်နောက်ဖေး လမ်းကြားလေးတွေဟာ အနောက်နဲ့ ဥရောပ နိုင်ငံတွေက တိုက်လမ်းကြားတွေလို မိသားစုအပမ်းဖြေရာ ဥယျာဉ်ပန်းခြံနဲ့ ကော်ဖီဆိုင်၊စားသောက်ဆိုင်တွေအပြင် အလှကုန်/ လူသုံးကုန် အရောင်းဆိုင်တန်းလေးတွေနဲ့ လှပ စည်ကားတဲ့ နေရာလေး ဖြစ်လာရမယ်ဆိုတဲ့ စိတ်ကူးယဉ်/ မျော်မှန်းချက်လေး ကျနော်တို့ အားလုံးမှာ အရင်ဆုံးရှိထားရမယ်။

အကျင့်စရိုက်အဟောင်းတွေနဲ့ သံချေးကိုက်နေတဲ့ စနစ်တခုကို တော်လှန်ရာမှာ..တချို့နေရာတွေကို ဖျက်စီးပြီး အသစ်အစားထိုးရသလို တချို့ အသုံးပြုနိုင်သေးတဲ့ အပိုင်းတွေကိုတော့ ခတ်ပြင်းပြင်းနဲ့ ကော်ပတ်ကြမ်းကြမ်းတိုက်စားပြီး ချေးချွတ်ရအုံးမှာပါ။
ဒါကလည်း စိမ်ခေါ်ချက်တွေရှိပေမယ့် မလုပ်နိုင်တဲ့၊မဖြစ်နိုင်တဲ့ အရာမဟုတ်ဘူး ။ အရာရာကို အစိုးရတာဝန်တခုထဲ လို့ ပုံအပ်မထား၊ အားကိုးမထားပဲ မိမိတို့ လူထု လူတန်းစားအားလုံး မိမိတို့နိုင်တဲ့ နေရာကနေ ၀ိုင်းဝန်း ကူညီ၊ အားပေး လုပ်ဆောင်မှ ဖြစ်မြောက်မဲ့အရာပါ။

မြန်မာ့သမိုင်းစဉ်တခုလုံးမှာ အပြောင်းအလဲ/ အဆုံးအဖြတ်ကို ပြည်သူတွေကပဲ အရတိုက်ယူခဲ့တာဖြစ်တယ်။
ပြည်သူမပါပဲ ဘယ်အစိုးရကမှ သူ့ဖာသာသူ အောင်မြင်အောင် မလုပ်နိုင်ခဲ့တာ သတိရပါ။

ကျနော်တို့ အားလုံး စိတ်ဓာတ်ရေးရာ ပြုပြင်ပြောင်းလဲမှု တော်လှန်ရေးကို
အရှိန်မြှင့် ဖော်ဆောင်ကြပါစို့.။
ရန်သူစစ်စစ်ကို ရွေးချယ် တိုက်ထုတ်နိုင်ပါစေ။
Ko Nyo
(ဓာတ်ပုံ- Htein Lin ဖေ့စ်ဘွတ်ခ်မှ)

No comments:

Post a Comment