Latest News

Sunday, March 26, 2017

ခံစားတဲ့အတိုင်းပေါ်လွင်စေတဲ့အလှတစ်မျိုး အမျိုးသမီးတိုင်းမှာ ရှိတယ်

ခံစားတဲ့အတိုင်းပေါ်လွင်စေတဲ့အလှတစ်မျိုး အမျိုးသမီးတိုင်းမှာ ရှိတယ်


အမျိုးသမီးတွေရဲ့အလှနဲ့ပတ်သက်ပြီး  ကျွန်မမြင်မိ ခံစားမိတာလေးတွေရှိတယ်။ အလှအကြောင်း ဘာကြောင့်ပြောရသလဲဆိုတော့အလှအပနဲ့ပတ်သက်ပြီး အားငယ်စိတ်ဓါတ်ကျနေတတ်တဲ့ အမျိုးသမီးတွေ ကျမတို့ ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါပဲ။

တကယ်တော့ အလှနဲ့ပတ်သက်ရင် စိတ်ညစ်စရာ၊ စိတ်ဓါတ်ကျစရာမလိုဘူးလို့ကျွန်မ ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့အမျိုးသမီးတိုင်းမှာ အလှ တစ်မျိုး မဟုတ် တစ်မျိုးကတော့ အမြဲတမ်း ရှိနေလို့ပါပဲ။

အချို့အမျိုးသမီးတွေအရမ်းလှတယ်။ ပြင်လည်း ပြင်တတ်တယ်၊ သူမရဲ့အလှက သူတစ်ပါးကိုလည်း လွှမ်းမိုးနိုင်တယ်။ ဒါကို ကျေနပ်စိတ်နဲ့အတူတူ အမြဲတမ်း လှနေအောင် အားထုတ်မယ်ဆိုတဲ့စိတ်နဲ့ရုပ်ရော စိတ်ပါ ထိမ်းသိမ်းပြီး ပြုပြင်တာ တွေ့ရပါတယ်။ ကောင်းပါတယ်။ လှတယ်ဆိုတာ ပြင်တဲ့သူရဲ့စိတ်ကိုလည်း ကျေနပ်စေသလို၊ မြင်ရတဲ့သူတွေအတွကလည်း စိတ်ချမ်းသာမှုကို ဖြစ်စေတဲ့အတွက် ကောင်းတဲ့အရာတစ်ခုပါပဲ။

နောက်တစ်မျိုးကတော့ ပြင်ထားတာလေးက တစ်မျိုးလေး ဖြစ်နေတတ်တယ်။ ဒါကို လှတယ်လို့လည်း မဆိုနိုင်ဘူး၊ ဒါပေမဲ့ပြင်ဆင်ထားတဲ့  မျက်နှာလေးမြင်လိုက်ရတဲ့အခါ ခင်မင်နှစ်လိုဖွယ်စိတ်မျိုး ဖြစ်ပေါ်စေတဲ့အသွင်မျိုးဖြစ်သွားတတ်ပါတယ်။ဒါကိုတော့လူတွေက ချစ်စရာလေး နော်လို့ မှတ်ချက်ပေးလေ့ရှိတယ်။

 နောက်တစ်ချက်ကတော့အမျိုးသမီးတစ်ဦးက သန့်ရှင်း သပ်ရပ်စွာ ပြင်ဆင်ထားပြီး ပျော်ရွှင်နေတယ်၊ သူ့ဘ၀ကို သူကျေနပ်နေတယ်ဆိုရင် သူမနဲ့ သူမရဲ့အလှက လန်းဆန်းပြီးတက်ကြွနေတယ်၊ သူ့ကို မြင်ရတဲ့သူတောင်မှ သူ့ရင်ထဲက အပျော်တွေ ကူးစက်ပြီး ကြည်နှူးလာစေပါတယ်။

ဒီလို မျက်ဝန်းကစ၊ နှုတ်ခန်းအဆုံး ဟန်ပန်အမူအရာတွေမျာပါ ပျော်ရွှင်နေတဲ့မိန်းမတစ်ယောက်ကို လူအများစုက နှစ်လိုကြတယ်။ ဘာကြောင့်လဲဆိုတော့သူတို့ရင်ထဲကို အပျော်တွေကူးစက်စေလို့လို့ ကျွန်မ မြင်မိတယ်။

နောက် ကျွန်မ နှစ်သက်မိတဲ့အလှတစ်မျိုး ရှိသေးတယ်။ အဲဒါကတော့အေးချမ်းသိမ်မွေ့တဲ့အလှမျိုးပါ။ အဲဒီအလှက ခံစားချက်နှစ်မျိုးပေးတယ်။ပထမ ခံစားချက်ကတော့ မြင်လိုက်ရတဲ့သူကို စိတ်အေးချမ်းသွားစေတယ်၊ ပြီးတော့ သိမ်မွေ့နှူးညံ့မှုကြောင့် ကိုယ့်ဆီမှာ ရှိတဲ့ ကြမ်းတမ်းခက်ထန်မှုတွေဟာ လျော့ကျသွားတယ်။

ဒီလို အေးချမ်းသိမ်မွေ့နှူညံ့ တဲ့အလှပိုင်ရှင်တွေကိုတော့ လူအချို့ကသာ မြင်တတ်လို့နှစ်သက်တတ်ကြတယ်။ အချို့ကတော့ကိုယ့်ဘေးနားမှာ ရှိနေတယ်ဆိုရင်တောင်မှ မမြင်နိုင်ကြဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဘေးနားမှာ လွှမ်းမိုးချုပ်ကို်င်ထားနိုင်တဲ့ အလှတစ်မျိုးရှိနေရင် အေးချမ်းသိမ်မွေ့တဲ့အလှက မြှုပ်နေတတ်လို့ပါ။

ကိုယ့်စိတ်ထဲမှာ ဒီမိန်းကလေးကတော့ဒီအမျိုးသမီးကတော့ချစ်ခင်ဖို့ကောင်းတယ်လို့ယူဆတတ်ကြတယ်။အဲဒီလို အလှမျိုးကိုလည်း လူတွေ နှစ်သက်တတ်ပါတယ်။

နောက်တစ်မျိုးကတော့ကြီးကျယ်ခန်းနားတဲ့ အလှပါ။ အသက်အရွယ်ကြီးကြီး၊ ငယ်ငယ်၊ရွယ်ရွယ်ဖြစ်ပါစေ အလှက ခမ်းနားနေတယ်။ ထယ်နေတယ် ဆိုတဲ့အလှတစ်မျိုး ရှိတယ်။ ကျက်သရေ ရှိတယ်လို့လည်း ဆိုကြတယ်။

အဲဒီအလှကိုတော့အချို့ကပဲ နှစ်သက်ကြတယ်။ အမျိုးသားအများစုကတော့သိပ်မကြိုက်ကြဘူး ဘာကြောင့်လဲ ဆိုတော့ သူတို့အပေါ်ကို လွှမ်းမိုးခြယ်လှယ်နိုင်တယ် သူတို့ရဲ့ ယောင်္ကျားမာနနဲ့အတ္တကို ထိခိုက်စေနိုင်တယ်လို့ယူဆကြလို့ပါ။

မိန်းမတွေမှာ အလှတစ်မျိုး ကျန်နေတတ်ပါတယ်။နောက်တစ်မျိုးကတော့အမြဲတမ်း ညှိုးငယ်ပြီး ရီဝေစေတဲ့ အလှမျိုးပါ။နာကျင်နေတဲ့ နှလုံးသားနဲ့ လိုက်ဖက်တဲ့မျက်ဝန်းတွေနဲ့ သွင်ပြင်ဟန်အနေအထားလည်း ရှိတယ်။ သူ့ကို
မြင်ရတဲ့အခါမှာတော့ဝမ်းနည်းသလို ဂရုဏာသက်သလို ခံစားမှုကို ဖြစ်ပေါ်စေတာ တွေ့ရပါတယ်။

နောက်တစ်မျိုးကတော့မာကျောပြီးခက်ထန်တဲ့ အလှမျိုးပါ၊ လှပေမဲ့ မာနေတယ်၊ ထန်နေတယ်၊ မြင်ရတဲ့သူကို တွန့်သွားစေတယ်။ ရက်စက်တတ်တဲ့မိန်းကလေးများလားလို့လည်း ထင်မှတ်စေတယ်၊။အထူးသဖြင့် စိတ်ဒဏ်ရာရရှိခဲ့ပြီး ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်နေချိန်မှာ ရှိနေတတ်တဲ့အလှမျိုးပါ။

ဒါကြောင့် မိန်းမတစ်ယောက်ကို ဖြတ်ခနဲအမြင်မှာ သူ့အလှကို ခံစား ကြည့်လိုက်ရုံနဲ့ သူ့ရင်ထဲက ခံစားချက်ကို သိမြင်လွယ်ပါတယ်။

အဲဒီအမျိုးသမီးရဲ့ မျက်ဝန်းနဲ့ လှုပ်ရှားမှု ဟန်ပန်ဟာ သူ့မ နှုတ်ကနေ ထွက်လာတဲ့စကားတွေထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်။
ဆက်ပြီး အကဲခတ်ကြည့်တဲ့အခါ သူမရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ဟန်ပန်ကိုပါ တွေ့ရပါတယ်။ အဲဒီကနေ ဆက်ပြီး အကဲခတ်ကြည့်တဲ့အခါ သူမရဲ့ စိတ်အနေအထားနဲ့ လက်ရှိအခြေအနေကိုပါ အကဲခတ်လို့ရသွားနိုင်ပါတယ်။

အထူးသဖြင့် သက်လတ်ပိုင်း အရွယ် အမျိုးသမီးတွေမှာ ပိုပြီး သိသာလာပါတယ်။ ဘ၀ရဲ့အတွေ့အကြုံနဲ့လောကဓံကောင်းဆိုးတွေကို ကြုံတွေ့ရပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ရုပ်ရည်သွင်ပြင်က မိန်းမတွေရဲ့ အလှကို ပြောင်းလဲစေပါတယ်။

ဒါပေမဲ့ကျွန်မကတော့ ကိုယ့်ရဲ့ အလှကို ကိုယ့်ရဲ့စိတ်ကနေ ပြောင်းလဲနိုင်တယ်ဆိုတာကို ယုံကြည်မိတဲ့သူ ဖြစ်တယ်။ စိတ်နဲ့ရုပ်ဟာ တွဲနေတဲ့အတွက်စိတ်တွင်းဖြစ်ပေါ်နေတဲ့အတိုင်း ရုပ်က ပေါ်လွင်နေမှာပါ။ဒါကြောင့်ကိုယ်က အေးချမ်းသိမ်မွေ့တဲ့ အလှပိုင်ရှင်ဖြစ်ချင်တာလား၊ ဒါဆို  စိတ်ထဲမှာ အေးချမ်းအောင်နေပါ၊ မေတ္တာစိတ်နဲ့သာ ပြောဆို ဆုံးဖြတ်ပါ၊ ပြောဆိုနေထိုင်ပါ၊ ချက်ခြင်းလေ့ကျင့်လို့မရပေမဲ့ နေ့စဉ်နဲ့အမျှ လေ့ကျင့်ရင်တော့ရရှိပါမယ်။

ကျွန်မကတော့ ကိုယ့်ကို မြင်တဲ့ သူတိုင်း အေးချမ်းကြပါစေလို့ ဆုတောင်းလေ့ရှိတယ်။ဒါကြောင့်ဆင်ယင်တဲ့အခါမှာလည်း စိတ်အေးချမ်းစေမဲ့သဏ္ဍန်မျိုးဖြစ်ောအင် ပြင်ဆင်ပါတယ်။ ပြောရရင်တော့ အလှပြင်တဲ့အခါ စေတနာလေး ထည့်ပြင်တယ်ပေါ့ရှုင်။

တကယ်တော့လှတယ်ဆိုတာ ကိုယ့်ကိုယ်ကိုလည်း ကျေနပ်စေသလို၊ အများကိုလည်းစိတ်ချမ်းသာမှု တစ်ခုခုကို ဖြစ်ပေါ်စေပါတယ်။ ဒါကြေင့်ကိုယ်က ကျက်သရေရှိရှိ တည်ငြိမ်တဲ့အလှပိုင်ရှင်ဖြစ်ချင်တာလား၊ဒါဆို  ကျက်သရေရှိစွာ နေထိုင်ပြောဆိုပါ၊ ငါးပါးသီလကို လုံခြုံအောင်ထိန်းပြီး စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေလည်း လုပ်ပေးမယ်ဆိုရင် အဲဒီကျက်သရေဟာ မျက်နှာမှာပေါ်လွင်စေပါတယ်။

ကိုယ်ဖြစ်ချင်တဲ့ အလှမျိုးဖြစ်ပေါ်စေအောင် ကိုယ့်အနေနဲ့လုပ်နိုင်စွမ်းရှိတယ် ဆိုတာကို ယုံကြည်ပြီး  ကိုယ့်ကိုယ်ကို ဖြစ်စေချင်တဲ့ ပုံသဏ္ဍန်အတိုင်း ဖြစ်ပေါ်စေဖို့ မျှဝေလိုက်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
မတူတဲ့အမြင်များကိုလည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါရစေရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment