Latest News

Sunday, March 26, 2017

နှစ်စဉ်သင်္ကြန်ပိတ်ရက် ၁ဝ ရက် ရရှိရေး အလုပ်သမားတွေ ဆန္ဒပြတောင်းဆို

နှစ်စဉ်သင်္ကြန်ပိတ်ရက် ၁ဝ ရက် ရရှိရေး အလုပ်သမားတွေ ဆန္ဒပြတောင်းဆို

ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ကရင်၊ မွန် နဲ့ ဧရာဝတီ စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ နှစ်စဉ် သင်္ကြန်နှစ်သစ်ကူးပိတ်ရက် ၁ဝ ရက် ရရှိရေး အတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အရင်အတိုင်း လုပ်ခလစာအပြည်နဲ့ ပိတ်ရက် ၁ဝ ရက်ရရှိဖို့ ဆန္ဒပြတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် က ကိုမင်းမင်းလတ် က ပြောပါတယ်။

" နှစ်စဉ်ဆက်တိုက်ပေါ့ သင်္ကြန်နှစ်သစ်ကူးပိတ်ရက်ပေါ့၊ ယခင်အတိုင်း လုပ်ခလစာအပြည့်နဲ့ ပိတ်ရက်ကို ၁၀ ရက်ရရှိရေး၊ အဲဒါကို ကျနော်တို့ တောင်းတယ်၊ အခုနှစ်ကစပြီး နောင်နှစ်တွေရော ဆက်တိုက် ၁၀ ရက်ကို ပြန်ပေးဖို့ဥစ္စာ တစ်ချက်တောင်းတယ်၊ မြို့တော်ခန်းမရှေ့မှာပဲ ကျနော်တို့ စုရပ်လုပ်ပြီး ဆန္ဒပြတာပါ"

စက်မှုဇုန်က အလုပ်သမားတွေကို ဒီနှစ် သင်္ကြန်ပိတ်ရက်ကို အရင်အတိုင်း ၁၀ ရက် ပိတ်ပေးမှာဖြစ်ပေမယ့် ၅ ရက်စာကို အလုပ်အစားပြန်ဆင်းပေးတာ၊ ခွင့်ရက်တွေနဲ့ ချေတာ၊ အချိန်ပိုဆင်းပေးတာ၊ လစာမဲ့ခွင့်ပေးတာ စတာတွေကို သက်ဆိုင်ရာအလုပ်ရှင်တွေနဲ့ ညှိနှိုင်းပြီး လုပ်ပေးရမှာဖြစ်ပါတယ်။

ဒါကြောင့် အလုပ်သမားတွေက ပုံမှန်အတိုင်း ပိတ်ရက် ၁၀ ရက် အပြည့်အ၀ ခံစားခွင့်ရရှိဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။

ဒါ့အပြင် နှစ်စဉ်ဆက်တိုက် သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် ၁၀ ရက်ပြန်လည်ရရှိရေးအတွက် အလုပ်သမား ၆ ထောင်လောက်က စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုထားတဲ့စာကို နိုင်ငံတော်သမ္မတရုံးထံ ပေးပို့သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နှစ်သစ်ကူးရုံးပိတ်ရက်ရှည်တာဟာ နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ အခက်အခဲ ဖြစ်ပေါ်စေပြီး ကုန်စည်စီးဆင်းမှု ကြန့်ကြာစေတာကြောင့် ပိတ်ရက်ကို ၅ ရက်အဖြစ် လျှော့ချသတ်မှတ်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ က ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ဆန္ဒပြရာမှာ အလုပ်သမားရေးရာကိစ္စတွေ ဆုံးဖြတ်တဲ့အခါ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်နဲ့ ဆွေးနွေး ညှိနှိုင်းကြဖို့၊ ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားတွေ သင်္ကြန်ပိတ်ရက်တွေမှာ နေရပ်ပြန်နိုင်ဖို့၊ အလုပ်သမားရေးရာမူဝါဒ ရေးဆွဲရာမှာ အလုပ်သမားတွေ ပါဝင်ရေးဆွဲနိုင်ဖို့နဲ့ အလုပ်သမားတွေရဲ့ဘ၀ မြှင့်တင်ပေးဖို့ တို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

Photo: Ctum Myanmar/ Facebook

No comments:

Post a Comment