Latest News

Tuesday, March 21, 2017

အရွယ်မရောက်သေးသူမိန်းကလေး လေးဦး အဓမ္မပြုကျင့်ခံရမှု လိုပြသက်သေ လူမှုဝန်ထမ်းတာဝန်ရှိသူကို စစ်ဆေး

အရွယ်မရောက်သေးသူမိန်းကလေး လေးဦး အဓမ္မပြုကျင့်ခံရမှု လိုပြသက်သေ လူမှုဝန်ထမ်းတာဝန်ရှိသူကို စစ်ဆေး

မွေးစားသူ ဒေါ်ခမ်းနဲ့ ကလေးထိန်းတို့ကိုတော့ အရေးယူဆောင်ရွက်ထားခြင်း မရှိသေးပါဘူး။

ဗိုလ်တထောင်မြို့နယ်က နေအိမ်တစ်အိမ်မှာ ခေါ်ယူမွေးစားထားတဲ့ အသက်(၇)နှစ်အောက် မိန်းကလေးလေးဦးကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းလူမှုဝန်ထမ်းဦးစီးဌာန ကလေးသူငယ်ကြီးကြပ်ရေးမှူး ဒေါ်စိုးစိုးထိုက်ကို စစ်ဆေးခဲ့ပြီး ဧပြီ ၃ ရက်ကို ထပ်မံချိန်းဆိုခဲ့ပါတယ်။

‘‘ဒီနေ့ ဒုခရိုင်တရားသူကြီး (၆)ရုံးမှာ အမှုကိုထပ်စစ်တယ်။ လာမယ့် သုံးရက် ရုံးချိန်းကျရင်လည်း ဒေါ်စိုးစိုးထိုက်ကို ထပ်မံစစ်ဆေးသွားမှာပါ။ တရားခံနီတွတ်ရဲ့ အမှုလိုက်ရှေ့နေ ဒေါ်စန်းစန်းမြင့်က စစ်ဆေးမေးမြန်းမှာပါ’’ လို့ အရှေ့ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
ဗိုလ်တထောင်မြို့နယ် လမ်းသွယ် (၂)ရှိ တိုက်ခန်းတစ်ခန်းမှာ  အခန်းပိုင်ရှင်ဒေါ်ခမ်းက အသက်(၃)နှစ်မှ (၇)နှစ်ကြားရှိ မိန်းကလေးငယ်လေးဦးနဲ့ အသက် (၁၁)နှစ်နဲ့ (၅)နှစ်အရွယ် ယောက်ျားလေးသုံးဦးကို မွေးစားထား ရာမှာ ကလေးငယ်တွေ ညှဉ်းပန်းနှိပ်စက်ခံနေရကြောင်း ရပ်ကွက်နေသူတွေက သက်ဆိုင်ရာသို့ သတင်းပေးတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်လေးဦးဟာ အသက်(၇)နှစ်အရွယ် တစ်ဦး၊ (၅) နှစ်အရွယ် နှစ်ဦး၊ (၃)နှစ်ခန့်အရွယ်တစ်ဦးဖြစ်ပြီး (၄၃)နှစ်အရွယ် ယာဉ်မောင်း လှမိုး(ခ)နီတွတ်က လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်လို့ ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။
လက်ရှိမှာ အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်လေးဦးအပါအ၀င် ကလေးအားလုံးကို လူမှုဝန်ထမ်းဦးစီးဌာနမှာ ခေတ္တထိန်းသိမ်းစောင့်ရှောက်ထားပြီး စွပ်စွဲခံရသူ အမျိုးသားကို အရှေ့ပိုင်းခရိုင်တရားရုံးက အဓမ္မပြုကျင့်မှု၊ ဓမ္မတာနဲ့ ဆန့်ကျင်ကာ လိင်ဆက်ဆံမှုရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၇၇ နဲ့ ဖေဖော်ဝါရီ ၂၃ ရက်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ကလေးငယ်များကို စစ်ဆေးမေးမြန်းရာမှာ လှမိုး(ခ)နီတွတ်က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ ထွက်ဆိုခဲ့ပြီး ဒေါ်ခမ်းနဲ့ ကလေးထိန်းတစ်ဦးတို့ကိုလည်း ယခုကိစ္စနဲ့ပတ်သက်လို့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေါ်ခမ်းနဲ့ ကလေးထိန်းတို့ကိုတော့ အရေးယူဆောင်ရွက်ထားခြင်း မရှိသေးပါဘူး။

Source: 7Day Daily : Duwun


No comments:

Post a Comment