ရွှေတိဂုံစေတီလုံခြုံရေး ခေတ်မီစစ်ဆေးရေးပစ္စည်းများကို ခြောက်လအတွင်း တပ်ဆင်နိုင်ရန်ဆောင်ရွက်နေဟု ၀န်ကြီးသူရဦးအောင်ကိုပြောကြား
ရွှေတိဂုံစေတီ တော်လုံခြုံရေးအတွက် ခေတ်မီ စစ်ဆေးရေးပစ္စည်းများ ခြောက် လအတွင်း တပ်ဆင်နိုင်ရန် ဆောင်ရွက်နေသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားသည်။
နေပြည်တော်၌ ကျင်းပသည့်အမျိုးသားလွှတ်တော်အစည်းအ ဝေးသို့ လာရောက်စဉ် သတင်း မီဒီယာများ၏ မေးမြန်းမှုကို သူရ ဦးအောင်ကိုက ပြန်လည်ဖြေကြား ခဲ့ရာ စေတီတော်လုံခြုံရေးအတွက်ခေတ်မီပစ္စည်းများ ၀ယ်ယူရန် ဂျပန်၊ ပြင်သစ်နှင့် အီတလီတို့မှ ပညာရှင်များပါသော အဖွဲ့နှင့် စေတီတော်ဂေါပကအဖွဲ့တို့ ဆွေးနွေးနေသည်ဟု ပြောကြားသည်။
‘‘ခေတ်မီပစ္စည်းတွေတပ်ဖို့ ကိစ္စကို ဂျပန်ရယ်၊ ပြင်သစ်ရယ်၊ အီတလီ ရယ် အဲဒီက ပညာရှင်အဖွဲ့တစ်ဖွဲ့က မတ်လထဲမှာ ဒုတိယအကြိမ်လာဖို့ရှိပါတယ်။ ဂေါပကအဖွဲ့နဲ့ ဒီကကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ အဖွဲ့နဲ့တွေ့ဆုံပြီး စေတီတော်မြတ်ကြီး လုံခြုံမှုအပြည့်အ၀ရှိစေဖို့အတွက် လိုအပ်တဲ့ ကမ္ဘာ့အမြင်နဲ့ အကြံဉာဏ်ပေးမှာ ဖြစ်ပါတယ်’’ဟု သူရဦးအောင်ကိုက ပြောသည်။
ဆက်လက်၍ ၎င်းက ‘‘အဲဒီ အကြံပြုချက်ပေါ်မူတည်ပြီးတော့ လိုအပ်တဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေကို ၀ယ်ယူတပ်ဆင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒါတွေ သည် လာမယ့် သုံးလကနေ ခြောက်လအတွင်းမှာ အပြီးတပ်ဆင်နိုင်မှာ ဖြစ်တယ်လို့ ပြောကြားလိုပါ တယ်’’ဟု ဆိုသည်။
ရွှေတိဂုံစေတီတော်ကို ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်မည် ဆိုသည့် အစွန်းရောက်အကြမ်း ဖက်အဖွဲ့အစည်းများ၏ ခြိမ်း ခြောက်မှုသတင်းအရ စေတီတော် လုံခြုံမှုအပြည့်အ၀ရရှိရေးဆောင် ရွက်နေခြင်း ဖြစ်သည်ဟု ပြည် ထောင်စုဝန်ကြီးက ဆက်လက် ပြောသည်။
စေတီတော်လုံခြုံရေးအ တွက် နေ့ညအလင်းရောင်စနစ်၊ CCTV တပ်ဆင်ခြင်း၊ စေတီတော်သို့ လာရောက်သည့် ပြည်တွင်း ပြည်ပဧည့်သည်များကို စစ်ဆေး မည့် ပစ္စည်းများတပ်ဆင်ရေးတို့ ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများ ကုန်ကျစရိတ်အ တွက်ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည်များက လှူဒါန်းသည့်အလှူငွေများထဲမှ အသုံးပြုမည်ဟု ၎င်းက ပြောကြားသည်။
လက်ရှိတွင် ရွှေတိဂုံစေတီ မှရရှိသော အလှူငွေအရပ်ရပ်သည် ကျပ်ဘီလီယံ ၆၀ ကျော်ရှိ ပြီး ကန်ဒေါ်လာသန်း ၂၀ ကျော်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
7Day News Journal
Thursday, March 2, 2017
ရွှေတိဂုံစေတီလုံခြုံရေး ခေတ်မီစစ်ဆေးရေးပစ္စည်းများကို ခြောက်လအတွင်း တပ်ဆင်နိုင်ရန်ဆောင်ရွက်နေဟု ၀န်ကြီးသူရဦးအောင်ကိုပြောကြား
ရွှေတိဂုံစေတီလုံခြုံရေး ခေတ်မီစစ်ဆေးရေးပစ္စည်းများကို ခြောက်လအတွင်း တပ်ဆင်နိုင်ရန်ဆောင်ရွက်နေဟု ၀န်ကြီးသူရဦးအောင်ကိုပြောကြား
Reviewed by Ar Ti
on
9:15 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment