Latest News

Tuesday, March 14, 2017

မြေဇာပင် အိုင်ဒေါ


မြန်မာအိုင်ဒေါပြိုင်ပွဲတွင် ပရိသတ်အာရုံကို အဖမ်းစားနိုင်ဆုံး အဓိက ကစားသမားနှစ်ဦး ရှိသည်။

တစ်ဦးက ဂီတလောကတွင် နှစ်ပေါင်းများစွာမှသည် ယခုအချိန်တိုင် နာမည်ကျော်ကြား လူသိများလှသော ဂီတအနုပညာရှင် မြန်မာပြည်သိန်းတန်။

နောက်တစ်ဦးကမူ ယခုမှ ဂီတလျှောက်လမ်းပေါ် လှမ်းတက်ရန် ကြိုးစားနေဆဲ အဆိုဝါသနာရှင် ရဲနောင်။

သို့သော် သူသည်လည်း ခေသူမဟုတ်။

ကိုယ်တိုင်ရေးစပ်ထားသော ကိုယ်ပိုင်သံစဉ်သီချင်းဖြင့် အွန်လိုင်းတွင် လူသိများလာပြီး မြန်မာအိုင်ဒေါ၏ နောက်ဆုံးဆန်ခါတင် ဆယ်ဦးစာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။

“ဒီပြိုင်ပွဲက သူ့အတွက် နောက်ဆုံးပြိုင်ပွဲပဲ” ဟု ရဲနောင်၏ မိခင် ဒေါ်ချိုချိုမြင့်က ဆိုသည်။

မြန်မာစာ တက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲ ဖြေဆိုထားသော သားဖြစ်သူ၏ ပညာရေးကို အဟန့်အတား၊ အနှောင့်အယှက်ဖြစ်မည် စိုးသောကြောင့် ရဲနောင်၏ ဝါသနာကို ဒေါ်ချိုချိုမြင့်က လှိုက်လှိုက်လှဲလှဲ မရှိလှ။

ဂီတကို ရဲနောင် စတင်စိတ်ဝင်စားခဲ့သည်က ရှစ်တန်းအရွယ်လောက်က ဖြစ်ပြီး ဆယ်တန်းတွင် အစ်ကိုကြီး ဖြစ်သူထံတွင် ဂစ်တာတီးသင်ပြီး နောက်ပိုင်း သီချင်းရေးလိုက်၊ ဂီတာတီးလိုက်၊ သီချင်းဆိုလိုက်ဖြင့် တစ်ယောက်တည်း ကမ္ဘာကြီးတစ်ခုကို ဖန်တီးခဲ့သည်။

“သူက အနေအေးတယ်၊ မိသားစုနဲ့ ရောရောထွေးထွေး မနေဘူး။ စိတ်ကူးယဉ်သမား” ဟု ဒေါ်ချိုချိုမြင့်က သားလတ် ရဲနောင်အကြောင်းကို ဖောက်သည်ချသည်။

ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ယောက် အများတကာနည်းတူ  ပေါ်ပင်လုပ်ချင်သည့် အတွက် ဂီတာတီး၊ သီချင်းဆိုနေခြင်း ဖြစ်သည်ဟု ဒေါ်ချိုချိုမြင့်က ထင်ထားသည်။

ထို့ကြောင့်ပင် ရန်ကုန်သို့ ပထမဆုံးအကြိမ် သီချင်းအဆိုပြိုင်ပွဲ ဝင်ပြိုင်မည့် ရဲနောင်၏စိတ်ကို စမ်းသပ်သည့် အနေဖြင့် ငွေတစ်ပြားတစ်ချပ်မှ ထုတ်မပေးဘဲ နေခဲ့သည်။

“ရန်ကုန်ကို မရောက်ဖူးတဲ့သူဆိုတော့ သူ စိတ်ပျက်သွားမယ်လို့ ကိုယ်က ထင်တာပေါ့။ သူကလည်း လက်စွမ်းပြတယ်။ ဆိုင်ကယ်ကယ်ရီ ထွက်ဆွဲ။ သူ့ဘာသာ ပိုက်ဆံစုပြီးတော့ သွားပြိုင်တယ်” ဟု  ဒေါ်ချိုချိုမြင့်က ဆိုသည်။

ဆယ်တန်းကျောင်းသား အရွယ်လောက်သာ ရှိသေးသော ရဲနောင်မှာ MRTV မှ ထုတ်လွှင့်သော ကိုယ်တိုင်ရေး၊ ကိုယ်ပိုင်သံစဉ်ဖြင့် သီဆိုယှဉ်ပြိုင်ရသော ရင်ခုန်လက်ကမ်း တေးသင်တန်းပြိုင်ပွဲတွင် တတိယဆု ရခဲ့သည်။

ထို့နောက်ပိုင်းတွင် သီချင်းဆို ပြိုင်ပွဲတိုင်းကို သူ ဝင်ပြိုင်သည်။ အိပ်မက်ဆုံရာပြိုင်ပွဲကို သုံးကြိမ် ဝင်ပြိုင်သော်လည်း သုံးကြိမ်လုံး နောက်ဆုံးဆန်ခါတင်စာရင်း  မရောက်မီပင် ပြုတ်ကျန်ရစ်ခဲ့သည်။

“မြန်မာအိုင်ဒေါကလွဲလို့ ကျန်တာတွေ အကုန်ပြိုင်ဖူးတယ်။ ကျွန်တော်လည်း ပညာမစုံသေးလို့ နေမှာပါ” ဟု ရဲနောင်က  ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာအိုင်ဒေါ ပြိုင်ပွဲ၏ ထိပ်ဆုံးငါးယောက်စာရင်း၌ သူ ပါဝင်နေသည်။

ထိုငါးယောက်စာရင်းတွင် ရဲနောင် ပါဝင်နေခြင်းကပင် မြန်မာအိုင်ဒေါ အကြောင်းကို လူပြောသူပြော ပိုများနေရခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင်တချို့၏ အသံပိုင်း၊ အဆို ပညာပိုင်းမှာ ရဲနောင်ထက် ပို၍ကောင်းသော်လည်း ပြိုင်ပွဲမှ ထွက်သွားခဲ့ရသည်ကို စိတ်အလိုမကျသည့် ပရိသတ်များစွာ ရှိနေပြီး ပြိုင်ပွဲတစ်ပတ်ပြီးသွားတိုင်း ဝေဖန်မှုများစွာ ပေါ်ထွက်လာလေ့ ရှိသည်။

ပြိုင်ပွဲ၏ နောက်ဆုံးဆန်ခါတင် ဆယ်ဦးမှသည် ယခု ငါးဦးအဆင့် ရောက်လာသည်အထိ ရဲနောင်၏ သီဆိုယှဉ်ပြိုင်မှုမှာ ပြိုင်ဘက်ကင်းနေရာတွင် ရှိမနေသော်လည်း ပရိသတ် မဲရလဒ်တွင် အခြားပြိုင်ပွဲဝင်များကို အပြတ်အသတ် ဖြတ်ထားနိုင်သည်။

တစ်ပတ်လျှင် မတူညီသည့် သီချင်းပုံစံ အမျိုးမျိုးဖြင့် ယှဉ်ပြိုင်လာရာ ယခုဆိုလျှင် ပြိုင်ပွဲငါးပတ် မြောက်ပြီးသွားပြီ ဖြစ်ပြီး ထိုငါးပတ်စလုံးတွင် မဲပေးခံရမှု အနည်းဆုံး သုံးဦးစာရင်းသို့ ရဲနောင် တစ်ခါမျှ  မရောက်သေးပေ။

ရဲနောင်ကို အဓိက ဝေဖန်နေကြခြင်းမှာလည်း ထိုအချက်ပင် ဖြစ်သည်။

“ရဲနောင်က သီချင်းအားလုံး မဆိုနိုင်တာ အမှန်ပဲ။ သို့ပေမယ့် တက်သစ်စ လူငယ်လေးကို ဝိုင်းပြောနေကြတဲ့ ပရိတ်သတ်ကတော့ လွန်တယ်” ဟု မအူပင်ဒေသခံဖြစ်ပြီး ယခုစင်ကာပူနိုင်ငံတွင်  အခြေချ အလုပ်လုပ်ကိုင်နေသူ မမြဝတ်ရည်ဦးက ဆိုသည်။

စုံတွဲသီချင်း သီဆိုယှဉ်ပြိုင်သည့် တစ်ပတ်တွင် ရဲနောင်နှင့် ပိုးမီတို့နှစ်ဦးအနက် ဒိုင်သုံးဦးလုံး၏ ချီးကျူးမှုကို ခံခဲ့ရသော ပိုးမီက ပရိသတ် မဲပေးမှု အနည်းဆုံးဖြင့် ပြိုင်ပွဲမှ ထွက်ခွာရမည့်အ ချိန်တွင် ပရိသတ်များ၏ ဆန္ဒနှင့် ဒိုင်များ၏ သဘောထား မတူညီမှုက ထင်းခနဲ ပေါ်လာသည်။

ပိုးမီ ပြိုင်ပွဲတွင် ဆက်လက်ပါဝင်နိုင်စေရန် ဒိုင်သုံးယောက်လုံးက တစ်သဘောတည်း ဆုံးဖြတ်ကာ တစ်ကြိမ်သာ အသုံးပြုခွင့်ရမည့် Save လုပ်ခြင်းကို ရွေးချယ်လိုက်ကြသည်။

“ပညာရပ်ပိုင်းကို သေသေချာချာကြည့်ပြီး လေ့လာပြီးတော့မှ လှတာ၊ မလှတာ၊ ဖြူတာ၊ မည်းတာ ဒါတွေကို ကြည့်မနေပါနဲ့။ အရည်အချင်းအစစ်ကို သေချာကြည့်၊ တရားသဖြင့် ပေးပါလို့ ပြောချင်ပါတယ်”

ပရိသတ်များအနေဖြင့် ပြိုင်ပွဲဝင်များကို မဲပေးရွေးချယ်ရာတွင် မြို့အစွဲ၊ ပုဂ္ဂိုလ်အစွဲဖြင့် မဲပေးခြင်းထက် ပင်ကိုအရည်အချင်းကို ကြည့်ပြီး မဲပေးကြရန်လိုကြောင်း မြန်မာပြည်သိန်းတန်က ဆိုခြင်း ဖြစ်သည်။


မြို့အစွဲ၊ ပုဂ္ဂိုလ်အစွဲဆိုသည့် စကားကို မအူပင်မြို့မှ ရဲနောင်၏ ပရိသတ်များက  အမျက်ထွက်ကြခြင်း ဖြစ်သည်။

“မြို့အစွဲ၊ ဒေသအစွဲတွေ မရှိရဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဥပမာအနေနဲ့ ပြောရရင် မြန်မာနဲ့ ထိုင်းဘောလုံးကန်တာကိုပဲ ကြည့်။ မြန်မာအသင်း မကောင်းပေမယ့် မြန်မာအသင်းကို ဝိုင်းအားပေးကြတာပဲလေ။ အခုလည်း အဲဒီအတိုင်းပဲ ကိုယ့်မြို့ခံမို့လို့ သူ့ကိုပဲ အားပေးဖြစ်တယ်” ဟု မအူပင်မြို့နေ ကိုနေလင်းဇော်က ဆိုသည်။

“ဒိုင်ကတော့ ဒိုင်အလုပ်ကို လုပ်ရမှာပါပဲ။ ဦးသိန်းတန်က တကယ်တော်တဲ့သူ ဆုံးရှုံးသွားမှာစိုးတဲ့စိတ်နဲ့ ဝေဖန်တာလို့ ထင်တယ်။ သူရဲနောင်ကို မုန်းလို့မဟုတ်လောက်ပါဘူး။” ဟု မြန်မာအိုင်ဒေါ ပရိသတ်လည်းဖြစ် မိုင်းမိုင်ဆန်းနှင့် ပိုးမီကို Vote ပေးနေသူလည်း ဖြစ်သည့် မမေသက်ဟန်က ပြောဆိုသည်။

ရဲနောင်ကို အပြင်းအထန် ဝေဖန်နေကြသူများနှင့် ဒိုင်ဖြစ်သူ မြန်မာပြည်သိန်းတန်၏ ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြသည့် မှတ်ချက်များကြောင့် တစ်နိုင်ငံလုံးရှိ ရဲနောင်အားပေးသူ ပရိသတ်များက တစ်ပတ်ထက် တစ်ပတ် ပို၍ မဲကို တိုးပေးလာကြသည်။

“ကျွန်တော်က တစ်ပတ်ကို အစောင် ၄၀ လောက်ပေးတယ်။ ကျွန်တော့်မရီးဆိုရင် စောင်ရေ ၁၀၀၀ လောက်ပေးတာ။ အဲ့လိုပေးတဲ့သူတွေ မအူပင်မှာ အများကြီး” ဟု ရဲနောင်၏ အမာခံ ပရိသတ်လည်းဖြစ်သူ ကိုနေလင်းဇော်က ဆိုသည်။

ရဲနောင်ကို အားပေးနေသည်မှာ မအူပင်တစ်မြို့တည်း မဟုတ်၊ ဧရာဝတီတိုင်းဒေသကြီး အပါအဝင် တစ်နိုင်ငံလုံးတွင် ပရိသတ်များစွာ ရှိနေသည်။

“အညာဘက်က ပရိသတ်တချို့ဆို ဆိုင်အထိ ရောက်အောင်လာပြီး အားပေးစကား ပြောကြတယ်။ ကိုယ့်ကို ရဲနောင်အမေ ဆိုပြီး လာနှုတ်ဆက်ကြတာပေါ့” ဟု ဒေါ်ချိုချိုမြင့်က ပြောပြသည်။

ရဲနောင်ကို ဝေဖန်အပြစ်ပြောလေ ရဲနောင်ပရိသတ်များက ပိုမိုမဲပေးလေဖြင့် နှစ်ဖက်ပရိသတ်ကြားတွင် ရဲနောင်က မြေဇာပင် ဖြစ်နေသည်။
မြေဇာပင်မှာ တစ်ပင်တည်း မဟုတ်။ သူနှင့်နှီးနွယ်ဆက်စပ်သူများလည်း ထိခိုက်ခံစားကြရသည်။

“သား ငိုနေတာကို မကြည့်ချင်တော့ဘူး။ ရင်ထဲမှာ အရမ်းနာကျင်ရတယ်။ မလိုတဲ့သူတွေရဲ့ တိုက်ခိုက်တဲ့ စကားကို ကြားနေ၊ မြင်နေ၊ ဖတ်နေရတယ်” ဟု ရဲနောင်၏ မိခင်က ပြောပြနေရင်း မျက်ရည်ဝေ့တက်လာသည်။

အသံနှင့် အဆိုပညာပိုင်းကို ပညာရှင်တစ်ယောက်အဖြစ်၊ ဒိုင်လူကြီးတစ်ယောက် အဖြစ် လူမုန်းခံကာ သုံးသပ်ထောက်ပြနေသော မြန်မာပြည်သိန်းတန်မှာလည်း နောက်ထပ် မြေဇာပင် ဖြစ်သည်။

မြန်မာပြည်သိန်းတန်၏ ပွင့်လင်းစွာ ဝေဖန်မှုအပေါ် ထောက်ခံသူများ၊ ရဲနောင်ဘက် ရပ်တည်သူများ၊ Voting စနစ်ကို ဝေဖန်သူများနှင့် မြန်မာအိုင်ဒေါမှာ ပွဲဆူအောင် ဆွဲဆောင်နိုင်ခဲ့သည်ကတော့ အသေအချာ။

“အစကတည်းက ဒီ Voting စနစ်ကို လုပ်ထားတဲ့အတွက် မကြိုက်ဘူးလို့ ဝိုင်းပြောနေပေမယ့်လည်း  Vote ပေးနေမှာပဲ။ ပေးနေတဲ့ သူတွေကိုလည်း ဒါအပြစ်လို့ ပြောလို့မရဘူး” ဟု ကိုနေလင်းဇော်က  ဆိုသည်။

မြန်မာအိုင်ဒေါ အဆိုပြိုင်ပွဲတွင် ပရိသတ်တစ်ဦးလျှင် MPT ဖုန်းနံပါတ် တစ်ခုတည်းဖြင့် အကန့်အသတ်မရှိ မဲပေးနိုင်သည်ဆိုသော စည်းကမ်းသတ်မှတ်ချက်ကြောင့် ထိုသို့ ပြဿနာများ တက်နေရခြင်း ဖြစ်ကြောင်း နည်းပညာကုမ္ပဏီ တစ်ခုတွင် လုပ်နေသူ ကိုသန်းဇော်က မှတ်ချက်ပေးသည်။

အခြားသော အဆိုပြိုင်ပွဲအချို့တွင်လည်း ဖုန်းဖြင့် မက်ဆေ့ခ်ျပေးပို့ကာ မဲပေးရသော်လည်း ဖုန်းနံပါတ်တစ်ခုလျှင် မဲတစ်မဲသာ ပေးရမည်ဆိုသည့် စည်းကမ်း သတ်မှတ်ထားသည့်အတွက် လူတစ်ယောက်တည်းက မဲအရေအတွက် ဆယ်ဂဏန်းပေးနိုင်ရန် မလွယ်ကူပေ။

မဲပေးရွေးချယ်မှုစနစ်အရ ငွေကြေးအားဖြင့် မြေဇာပင် ဖြစ်နေသူမှာ မက်ဆေ့ခ်ျပို့ကာ မဲပေးနေသော ပရိသတ်များဖြစ်သည်။

“ကိုယ်မဲပေးလိုက်တဲ့ ပြိုင်ပွဲဝင်က မဲဘယ်လောက်ရသလဲ မသိရဘူး။ တကယ်ဆို ကိုယ့်ပိုက်ဆံအကုန်ခံပြီး မဲတွေအများကြီး ပေးထားတာ၊ မဲအရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာကို ပရိသတ်တွေကို ချပြရမယ်။ သိခွင့်ရှိရမယ်” ဟု ကိုနေလင်းဇော်က ဆိုသည်။

မဲပေးရွေးချယ်ခိုင်းပြီး မဲရလဒ် မကြေညာသည့် မဲပေးစနစ်တွင် ကိုယ်အားပေးသည့် ပြိုင်ပွဲဝင် နောက်တစ်ဆင့်တက်ဖို့ သေချာစေရန် တစ်ပတ်ထက် တစ်ပတ် ပို၍ ပို၍ မဲများများ ပေးနေကြရဦးမည် ဖြစ်သည်။

ရဲနောင်နှင့် မြန်မာပြည်သိန်းတန်သည်လည်း ပရိသတ်များ၏ အပြန်အလှန် ဝေဖန်ပြစ်တင်မှုကို ခံနေရဦးမည် ဖြစ်သည်။

ယခုအချိန်တွင် ပြိုင်ပွဲမှ ထွက်ခွာရသည့်တိုင် သားဖြစ်သူ ရဲနောင်မှာ အနုပညာလမ်းကြောင်းပေါ်တွင် ဆက်လျှောက်လှမ်းနိုင်လိမ့်မည်ဟု ဒေါ်ချိုချိုမြင့်က ယုံကြည်မှု ရှိနှင့်ပြီး ဖြစ်သည်။

“ဆု ဆိုတာ ဒီတစ်ခါပဲ ရမယ့်ဟာ။ ပရိသတ်ရသွားပြီ ဆိုရင် တစ်သက်လုံး ဆက်သွားလို့ရပြီ။  Top 10 ဝင်တဲ့နေ့က သူ အပျော်ဆုံးနေ့ တစ်နေ့ပဲလေ”

ဆုအိနြေ္ဒဦး
http://thevoicemyanmar.com/popular-posts/6662-mzp

No comments:

Post a Comment