Latest News

Thursday, March 9, 2017

သင်္ကြန်မဏ္ဍပ်များ ရှုထောင့်စုံ လုံခြုံရေးကင်မရာ အနိမ့်ဆုံး သုံးလုံး တပ်ဆင်ရမည်

သင်္ကြန်မဏ္ဍပ်များ ရှုထောင့်စုံ လုံခြုံရေးကင်မရာ အနိမ့်ဆုံး သုံးလုံး တပ်ဆင်ရမည်

ရန်ကုန်၊ မတ် ၈

ယခုနှစ် ရန်ကုန်မဟာသင်္ကြန်ကာလအတွင်း တည်ဆောက်မည့် သင်္ကြန်မဏ္ဍပ်များ၌ ၃၆၀ ဒီဂရီ လှည့်ပတ်စောင့်ကြည့်နိုင်သော လုံခြုံရေး ကင်မရာများကို အနိမ့်ဆုံး သုံးလုံးမှ ငါးလုံးခန့်အထိ တပ်ဆင်ရန် ညွှန်ကြားထားကြောင်း အမှတ်(၂) လုံခြုံရေးနှင့် ကွပ်ကဲရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခင်က မဏ္ဍပ်တစ်ခုလျှင် အဆိုပါ လုံခြုံရေး ကင်မရာ အမျိုးအစား ထားရှိမှု နည်းပါးသဖြင့် လက်ရှိလိုအပ်သည့် လုံခြုံရေး အခြေအနေများကြောင့် ယင်းသို့ ညွှန်ကြားခြင်း ဖြစ်ကြောင်း  အဆိုပါ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် မြဝင်းက ပြောကြားသည်။

“သင်္ကြန်မဏ္ဍပ် အရွယ်အစား သုံးမျိုး ခွင့်ပြုထားတယ်။ ဘယ်မဏ္ဍပ်အရွယ်ဖြစ်ဖြစ် ၃၆၀ ဒီဂရီ လှည့်ပတ်ကြည့်ရှုနိုင်တဲ့ စီစီတီဗီ ကင်မရာတွေ မဖြစ်မနေ တပ်ရမယ်။ အကြမ်းဖက်သမားတွေကလည်း လူစည်ကားတဲ့ အခြေအနေမျိုးကို ပစ်မှတ်ထားတတ်တော့ လုံခြုံရေး အထောက်အကူပြု ကင်မရာတွေ တပ်ခိုင်းတာပါ” ဟု ၎င်းက ဆိုသည်။

လုံခြုံရေး ကင်မရာများ၏ တစ်နေ့တာ မှတ်တမ်းများကို နေ့စဉ် ည ၇ နာရီ တွင် သက်ဆိုင်ရာ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီထံ လာရောက်အပ်နှံရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုနှစ်တွင် ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းတို့တွင် စီးပွားဖြစ် ရေပိုက်ရောင်းမည့် မဏ္ဍပ်များကို ခွင့်ပြုမည် မဟုတ်ဘဲ မိသားစု၊ ကုမ္ပဏီအလိုက် စုပေါင်းရေကစား မဏ္ဍပ်များကိုသာ ခွင့်ပြုထားပြီး သင်္ကြန်မဏ္ဍပ်များကို ပေ၂၀ မှ ၄၉ ပေအထိ မဏ္ဍပ်အငယ်၊ ပေ ၅၀ မှ ၉၉ ပေအထိ မဏ္ဍပ်အလတ်နှင့် ပေ ၁၀၀ အထက်ကို မဏ္ဍပ်အကြီးအဖြစ် သုံးမျိုး သတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

သင်္ကြန်ရက်များတွင် ရာဇဝတ်မှုခင်းများ လျော့ပါးရန် သင်္ကြန်မတိုင်မီ တစ်လအလိုတွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က မြို့နယ် ပေါင်း ၄၄ မြို့နယ်မှ နာမည်ကျော်စောသည့် လူဆိုးလူမိုက်များကို ဖမ်းဆီးထိန်းသိမ်းလျက် ရှိသည်။

The Voice

No comments:

Post a Comment