Latest News

Tuesday, March 14, 2017

မန္တလေးဒေသထွက် စပါးကို တရုတ်ကုန်သည်များ ဈေးကြီးပေးဝယ်၍ ဆန်စက်လုပ်ငန်းများ ထိခိုက်မှုရှိလာ

မန္တလေးဒေသထွက် စပါးကို တရုတ်ကုန်သည်များ ဈေးကြီးပေးဝယ်၍

ဆန်စက်လုပ်ငန်းများ ထိခိုက်မှုရှိလာ



 မန္တလေးဒေသထွက် စပါးအများစုကို တရုတ်ကုန်သည်များက ဈေးကြီးပေးဝယ်ယူနေမှုကြောင့် ဆန်စက်လုပ်ငန်းများ အခက်အခဲများဖြစ်ပေါ်နေကြောင်း ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်အသင်း တာဝန်ရှိသူများက ပြောသည်။

မန္တလေးမြို့ အနီးဝန်းကျင် ဒေသများဖြစ်သော မတ္တရာ၊ ပုသိမ်ကြီးစသည့် မြို့နယ်များမှ စပါးများကို တရုတ်ကုန်သည်များက ဇန်န၀ါရီနှင့် ဖေဖော်ဝါရီအတွင်း ဈေးကြီးပေး၍ လိုက်လံဝယ်ယူမှုများကြောင့် ဆန်စက် လုပ်ငန်းရှင်များနှင့် စပါးထွက် ကုန်ကြမ်းပစ္စည်းအသုံးပြုသူများ အခက်တွေ့လာသည်။

‘‘၀ယ်တာ တရုတ်နိုင်ငံသား ကိုယ်စားလှယ်တွေပေါ့။ ဘယ် တုန်းကမှ ဒီလိုဝယ်ဖူးတာ မရှိဘူး။ စပါးကိုဈေးကြီးပေးဝယ်တော့ ကျွန်တော်တို့ ဆန်စက်လုပ်ငန်း တွေ အခက်အခဲရှိလာတယ်။ ဆန်စက်က ဆန်ကြိတ်ခွဲနေရမှ ဖြစ်မှာလေ။ ကြိတ်ခွဲတော့မှ စပါး ခွံတို့၊ ဖွဲတို့ထွက်ရှိတော့ တိရစ္ဆာန်အစာအတွက်လည်း ထွက်ရှိတယ်။ ဆန်စက်မှာလုပ်နေတဲ့ အလုပ်သ မားတွေလည်း အဆင်ပြေနိုင် မယ်။ အခုဟာက စက်ပိုင်တွေက စက်မလည်နိုင်ဘူး ဖြစ်နေတယ်။ စပါးရှားချိန်တုန်းက စုဆောင်း ထားတဲ့ စပါးကို ကြိတ်ခွဲရောင်းချ ရင်တောင် ဒီအတိုင်းပဲ ရောင်းချ ဈေးနဲ့တူနေတော့ ဆန်စက်တွေ ရပ်နားထားရတာပေါ့။ ဒါဟာ တစ်ဦးတစ်ယောက်သာ အဆင် ပြေနိုင်ပြီး အများစုက အခက်အ ခဲတွေ ရှိလာမယ်’’ဟု ပုသိမ်ကြီး မြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးငွေအောင်က ပြောသည်။

မန္တလေးဒေသထွက် စပါး များကို တောင်သူများထံမှ ဆန် စက်ပိုင်များက နှစ်စဉ်ပုံမှန်ဝယ်ယူကာ ထိုမှတစ်ဆင့်ကြိတ်ခွဲရရှိ သော ဆန်ကို ပြည်တွင်းဆန်ကုန် သည် (သို့မဟုတ်) တရုတ်နိုင်ငံ သို့ တင်ပို့ရောင်းချပြီး လက်ရှိတွင် တရုတ်ကုန်သည်များက စပါးကိုဈေးကြီးပေး၍ ၀ယ်ယူနေသဖြင့်ဒေသခံဆန်စက်လုပ်ငန်းရှင်များ အခက်တွေ့နေသည်။

ယခင်က စပါးတင်း ၁၀၀ လျှင် ကျပ်ငါးသိန်းခွဲမှ ခြောက် သိန်းခန့်ရှိသော်လည်း လက်ရှိ မန္တလေးမြို့အနီးဝန်းကျင်မှ ထွက်ရှိသော စပါးများကို တင်း ၁၀၀ လျှင် ကျပ်ခြောက်သိန်းခွဲအထိ ပေး၍ တရုတ်ကုန်သည်များက ၀ယ်ယူနေကြောင်း ဆန်စက်လုပ် ငန်းရှင်များက ပြောကြားသည်။

‘‘မနှစ်က စစ်ကိုင်းတိုင်းဒေ သကြီးအတွင်းမှာရှိတဲ့ ကောလင်း၊ ၀န်းသိုမြို့နယ်တွေမှာ တရုတ်က ၀ယ်ယူသွားတယ်လို့ သတင်းရ တယ်။  ဒီနှစ်မှာကျ မန္တလေးဒေ သထွက် စပါးတွေကို မတ္တရာက နေစပြီး တရုတ်ကဈေးကြီးပေး ၀ယ်ယူနေတယ်လို့ ဆန်စက်လုပ် ငန်းရှင်များ အသင်းကနေ ဆက် သွယ်လာတယ်။ ဒါကိုလည်း အ ရင်လကတည်းက ကျွန်တော်တို့ မန္တလေးဆန်ကုန်သည် အသင်း ကနေ နေပြည်တော်ကုန်သွယ်မှု မြှင့်တင်ရေးကို ဖုန်းဆက်အသိ ပေးတာတွေ လုပ်ထားတယ်’’ဟု မန္တလေးဆန်ကုန်သည်အသင်း ဥက္ကဋ္ဌဦးဌေးလွင်က ပြောသည်။

 ဒေသထွက်စပါးများကို မန္တလေး - မူဆယ်ကုန်းလမ်း ကြောင်းနှင့် ဗန်းမော်ရေလမ်း ကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း သိရသည်။

‘‘ဒီနှစ်ရာသီမှာ ပုသိမ်ကြီး နယ်ဒေသ ထွက်ဆန်တချို့ကို ဈေးကြီးပေးပြီး တရုတ်ကုန်သည် တွေက ၀ယ်ယူနေတယ်။ ပုလဲ သွယ်စပါးကို တင်း ၁၀၀ ကို ခြောက်သိန်းခွဲထိ တရုတ်ကပေးဝယ်သွား တယ်။ ပုံမှန်ဈေးဆိုရင် ငါးသိန်း ခွဲ၊ ငါးသိန်းပဲရှိတယ်’’ ဟု ပုသိမ်ကြီးမြို့နယ်နေ စပါးစိုက်တောင်သူဦးမျိုးသန့်က ပြောသည်။



7Day News Journal

No comments:

Post a Comment