Latest News

Wednesday, March 8, 2017

အာဖဂန်နစ္စတန် စစ်ဆေးရုံကို သေနတ်သမားများ ၀င်ရောက်ပစ်ခတ်

အာဖဂန်နစ္စတန် စစ်ဆေးရုံကို သေနတ်သမားများ ၀င်ရောက်ပစ်ခတ်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ စစ်ဆေးရုံတစ်ရုံကို သေနတ်သမားတွေက မတ် ၈ ရက်နေ့က ရုတ်တရက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အမေရိကန်သံရုံးနားမှာရှိတဲ့ ကုတင် ၄၀၀ ဆန့် ဆာဒါမိုဟာမက်ဒေါ့ခန်း စစ်ဆေးရုံကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေနတ်သမားတွေထဲက တဦးဟာ ဆရာဝန်ဂျူတီကုတ်ကို ၀တ်ဆင်ထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ပထမဦးဆုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲဒီနောက်မှာတော့ လက်ပစ်ဗုံးတွေ စက်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ သေနတ်သမား ၃ ဦးကနေ ၅ ဦးအထိ ဆေးရုံဝင်းထဲဝင်လာပြီး ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရာရှိက ပြောပါတယ်။

သေနတ်သမားတွေထဲက တဦးဟာ ဆရာဝန်ဂျူ တီကုတ်ကို ၀င်ဆင်ထားပြီး သူကိုင်ထားတဲ့  AK-47 သေနတ်နဲ့ လူနာတဦးနဲ့ ဆေးရုံဝန်ထမ်းတဦးကို ပစ်သတ်ခဲ့တယ်လို့လည်း ဆေးရုံဝန်ထမ်း အက်ဘ်ဒူလ် ကာဒီ က ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတ၀ှမ်း တိုက်ပွဲတွေကနေ ဒဏ်ရာရလို့ တက်ရောက်ကုသနေတဲ့ စစ်သားလူနာတွေရှိနေတဲ့ အဆောင်ဘက်မှာလည်း ပစ်ခတ်သံတွေကို ကြားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း ကဘူးလ်မြို့ ရဲစခန်းတခု တိုက်ခိုက်ခံရပြီး လူတစ်ဒါဇင်ခန့် သေဆုံးခဲ့ပါတယ်။ တာလီဘန်အဖွဲ့က အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ဖြစ်ပွားတဲ့ ဆေးရုံတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ ထုတ်ဖော်ကြေညာတာ မရှိသေးကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

DVB

No comments:

Post a Comment