Latest News

Wednesday, March 8, 2017

အယူခံပယ်ချမှု ဘာသာမပြန်ပေးခဲ့ဘူးလို့ ဇော်လင်းနှင့်ဝင်းဇော်ထွန်းပြော

အယူခံပယ်ချမှု ဘာသာမပြန်ပေးခဲ့ဘူးလို့ ဇော်လင်းနှင့်ဝင်းဇော်ထွန်းပြေ


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်း နဲ့ ဇော်လင်းတို့ရဲ့ အယူခံပယ်ချခံရမှုမှာ ထောင်တွင်းလာဖတ်ပြရာမှာ ဘာသာပြန်မပေး ခဲ့ဘူးလို့ ဒီကနေ့ သူတို့နှစ်ဦးနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ လိပ်ကျွန်းလူသတ်မှု စုံစမ်းရေးအဖွဲ့ဝင် ဦးထူးချစ်က ပြောပါတယ်။

အယူခံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပယ်ချတာဖြစ်ပေမယ့် ထိုင်းအစိုးရက လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်း မရှိသလို ထောင်တွင်းသူတို့ ၂ ဦးကိုလာဖတ်ပြရာမှာ ဘာသာပြန် တောင်းဆိုခဲ့ပေမယ့် မပေးခဲ့ဘူးလို့ ပြောပါတယ်။

“သူတို့ကျန်းမာရေးအခြေအနေကောင်းပါတယ်။ အဓိက သူတို့ ပြောတဲ့အထဲမှာတော့ ပြီးခဲ့တဲ့ ၂၃ ရက်နေ့က အယူခံ တရားရုံးက ပယ်ချတဲ့အမိန့်စာ လာဖတ်ပြတဲ့အချိန်မှာ သူတို့ စကားပြန်မပေးလို့ ပေါ့နော်။ သူတို့ စကားပြန်တောင်းပေမယ့် စကားပြန်မပေးဘူးဆိုတဲ့ဟာမျိုးသူတို့ ပြောတယ်။ နောက်တခုက လက်ရှိနိုင်ငံတော်အနေနဲ့လည်း စိတ်ဝင်တစားနဲ့ ဆောင်ရွက်ပေးနေတဲ့ အတွက် သူတို့အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း၊ နောက်ဒီဖက်ကလည်း သူတို့ကို စိတ်ပိုင်းဆိုင်ရာ သံရုံးက တာဝန်ရှိတဲ့လူတွေအနေနဲ့က စိတ်ပိုင်းဆိုင်ရာ အားပေးတာရယ်၊ သူတို့ကို ပစ်မထားဘဲ အကုန်လုံး အစိုးရဖက်ကရော ဒီဖက်က ရှိဌာနဆိုင်ရာတွေဘက်ကရော တတ်နိုင်တဲ့ဖက်ကနေ ၀ိုင်းလုပ်နေတဲ့အကြောင်းကို သူတို့ကိုသွားပြောခဲ့တယ်။ အခြေအနေကတော့ ကျန်းမာရေးက ကောင်းပါတယ်။”

ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ရဲ့အမှု အယူခံ ၂ကြိမ်ပယ်ချခံခဲ့ရပြီဖြစ်ပြီး နောက်တကြိမ် အယူခံ တင်နိုင် သေးကြောင်းနဲ့ နောက်တကြိမ်တင်မယ့်အယူခံအတွက်လည်း ဒီကနေ့ ထိုင်းရှေ့နေတွေနဲ့ မြန်မာ ရှေ့နေတာဝန်ယူတွေ ဒီညနေပိုင်းမှာ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

“အယူခံက နောက်ထပ်တဆင့်ရှိသေးတယ်။ ဒါပေမယ့် အယူခံကို ဘယ်လို ပုံစံမျိုးနဲ့ တက်မယ်ဆိုတာ တော့ အခုဒီနေ့ ရှေ့နေများကောင်စီနဲ့ ဒီမှာ မြန်မာသံရုံးရဲ့ ယာယီသံအမတ်ကြီးပါတယ်။ အဲဒါ သူတို့ သွားတွေ့ပြီး ဘယ်လိုလုပ်မလဲဆိုတာ သွားနားထောင်ကြည့်မယ်။”

ဒါ့အပြင် မြန်မာ တာဝန်ရှိသူအနေနဲ့ နောက်ဆုံးအဆင့်အယူခံပယ်ချခံရသည်တောင် နောက်ပိုင်း ထိုင်းအစိုးရကိုအပြင် တော်ဝင်မိသားစုတွေအထိ အသနားခံတဲ့အထိ ကြိုးစားသွားမှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို ဗြိတိန်နိုင်ငံသားစုံတွဲတတွဲကို သတ်ဖြတ်ခဲ့ကြောင်း ထင်ရှားတယ်ဆိုပြီး ထိုင်းနိုင်ငံ ကော့စမွီ တရားရုံးက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

DVB

No comments:

Post a Comment