Latest News

Wednesday, March 8, 2017

ကိုဆွေဝင်းအား ၆၆(ဃ)ဖြင့် တိုင်ကြားမှု အမှုတည်ဆောက်ဆဲဖြစ်ကြောင်း စခန်းမှူးရဲအုပ်ကျော်သူ ပြော

ကိုဆွေဝင်းအား ၆၆(ဃ)ဖြင့် တိုင်ကြားမှု အမှုတည်ဆောက်ဆဲဖြစ်ကြောင်း စခန်းမှူးရဲအုပ်ကျော်သူ ပြော

ဆရာတော်ဦးဝီရသူ၏ ဂုဏ်သိက္ခာကျဆင်းစေသည်ဟုဆိုကာ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူရန်တိုင်ကြားမှုမှာ လက်ရှိအချိန်တွင် အမှုတည်ဆောက်ဆဲအဆင့် သာရှိသေးကြောင်း မဟာအောင်မြေမြို့နယ် အမှတ်(၇) ရဲစခန်းမှ စခန်းမှူးရဲအုပ်ကျော်သူက News Watch သို့ ပြောကြားသည်။

ကိုဆွေဝင်းကို အမှုဖွင့်ရခြင်းမှာ ၎င်း၏ဖေ့ဘုတ်စာမျက်နှာ Ba Kaung တွင် ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲဖြင့် ရွေးကောက်ပွဲပြီးကတည်းက အသံတိတ်သွားသည့်(မဘသ)ပြန်လာပြီ။ ''စာသားနှင့် ၂၈ ရက်နေ့တွင် ၀ီရသူ ပါရာဇိကကျပြီး ရဟန်းဘ၀ နိဋ္ဌိတံသွားပြီဟု သိရတယ်'' ဟူသော ရေးသားမှုများကြောင့် အမှုဖွင့်ခံရခြင်းဖြစ် ကြောင်း သိရသည်။

''ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ငြိစွန်းတယ်လို့ တိုင်ချက်မှာ ပုဒ်မကို တပ်တယ်။ တရားလိုပြသက်သေနဲ့ စွပ်စွဲခံရတတဲ့သူတွေကို စစ်ဆေးပေါ်ပေါက်တဲ့အတိုင်း အမှုတည်ဆောက်ရမှာပါ။ လူမှုကွန်ရက်ပေါ်တင်တာ ဖြစ်လို့ တရားလိုရဲ့ဖုန်း စွပ်စွဲခံရသူရဲ့ဖုန်းတွေသိမ်းပြီး ဒီဖုန်းတွေမှာ စာသားတင်သာ ဟုတ်မဟုတ် စီအိုင်ဒီကို တင်ပြမယ်။ သူတို့က ပြန်ကြားလာမှ အမှုတွဲတည်ဆောက်မယ်'' ဟု ရဲအုပ်ကျော်သူက ပြောသည်။

စီအိုင်ဒီ၏ ပြန်ကြားချက်ရရှိပြီး နောက်ပိုင်းတွင် ဥပဒေအကြံပြုချက်များတောင်းခံပြီး အကြံပြုချက်အရ ငြိစွန်းသည်ဟု အကြောင်းပြန်လာမှသာ အမှုဖွင့်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
''အမျိုးသားရေးအုပ်စုတွေနဲ့ တိုင်ပင်တယ်။ ပါရာဇိကကျတယ်လို့ ပြောထားတာကို ပြန်ပြီးဖြေရှင်းဖို့ ဆရာတော်ဆီမှာ ဖြေရှင်းဖို့ (၇)ရက်အချိန်ပေးတဲ့အကြောင်း ကျွန်တော်တို့ ပြန်တင်ထားတယ်။ အဓိက ကတော့ သံဃာတပါးကို ဝေဖန်ပုတ်ခတ်ပြောမယ်ဆိုရင် စာတတ်ပေတတ် ဆရာတော်ဘုရားကြီးတွေမေးပြီး တကယ် ပါရာဇိကကျလား၊ မကျဘူးလား သံဃာစံတွေနဲ့ ချင့်ချိန်ရမယ်''ဟု အမှုဖွင့်တိုင်ကြားထားသူ ဦးကျော်မျိုးရွှေက ပြောသည်။

အမှုဖွင့်ခံရမှုနှင့်ပတ်သက်၍ ကိုဆွေဝင်း၏ ဖေ့စ်ဘုတ်ဖြစ်သည့် Ba Kaung တွင် ''သတင်းရေးတဲ့နေရာမှာ မန္တလေးက ဆရာတော်ဦးစိန္တကို မေးမြန်းပြီး သူ့မှတ်ချက်ကို တောင်းတဲ့အခါမှာ ဆရာတော်ဝီရသူရဲ့ ပြောဆို ချက်ဟာ ပါရာဇိကကံမြောက်တယ်ဆိုပြီး ဖြေကြားခဲ့တယ်။ ဒီဖြေကြားချက်ကို သတင်းထဲမှာ ထည့်ခဲ့တယ်။ ပြီးတော့ ဒီသတင်းကို ကျွန်တော့်ဖေ့စ်ဘုတ်မှာ တင်တဲအခါမှာ ဦးဝီရသူ ပါရာဇိကကျပြီးဖြစ်ကြောင်း သိရဆိုပြီး ရေးသားခဲ့တယ်။ သတင်းအရင်းမြစ်ပြောဆိုချက်ကို ကိုးကားပြီး ဖေ့စ်ဘုတ်ပေါ် ပြန်ရေးတာကို အမှုဖွင့်တဲ့ အနေအထားပါ''ဟု မတ် ၈ ရက်တွင် ရေးသားထားသည်။

ခိုင်ဆက်ဝေ
NewsWatch

No comments:

Post a Comment