Latest News

Monday, March 27, 2017

ရန်ကုန်သင်္ကြန်ဗဟိုမဏ္ဍပ်အတွက် ငွေ ကျပ် သိန်း ၂ဝဝဝ သုံးစွဲရန် လျာထား

ရန်ကုန်သင်္ကြန်ဗဟိုမဏ္ဍပ်အတွက် ငွေ ကျပ် သိန်း ၂ဝဝဝ သုံးစွဲရန် လျာထား


ရန်ကုန် မတ် ၂၇

မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာ ကျသော ရန်ကုန်မြို့တွင် ယခုနှစ် သင်္ကြန် ဗဟိုမဏ္ဍပ်ကြီးအတွက် သုံးစွဲရန် အကြမ်း ဖျင်းကုန်ကျစရိတ်ကို ငွေကျပ်သိန်း ၂ဝဝဝ လျာထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မတ် ၂၄ ရက် နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသော တိုင်းဒေသ ကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် ကျင်းပရေးနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်သင်္ကြန်တွင် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ မဏ္ဍပ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမဏ္ဍပ် စသည်ဖြင့် တိုင်းဒေသကြီးအစိုးရ ဦးဆောင်သော ရေကစားမဏ္ဍပ်များ ထားရှိသွားမည်မဟုတ်ဘဲ ပြည်သူဗဟိုပြု ရေကစားမဏ္ဍပ်ကြီးသာ မြို့တော်စည်ပင် သာယာရေးကော်မတီက တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရ သည်။

''ရန်ကုန်မြို့ မဟိုမဏ္ဍပ် တည်ဆောက် မှုကို လတ်တလောယတိပြတ် ထုတ်ပြန် နိုင်သေးမှာ မဟုတ်ပါဘူး။ ဘာကြောင့် လည်းဆိုတော့ စပွန်ဆာတွေက ပါလာဦး မှာဖြစ်ပါတယ်။ ပြည်သူလူထုက ပူးပေါင်း ပါဝင်မှုများလာရင် ကျွန်တော်တို့ ပျော်ပွဲ ရွှင်ပွဲ ခေါင်းစဉ်ဘက်ကနေ စိုက်ထုတ်ပေး ရတဲ့ငွေပမာဏက နည်းသွားမှာဖြစ်ပါ တယ်။ ပိုလျှံခဲ့ရင်လည်း တခြားသော ကိစ္စရပ်တွေမှာ သုံးစွဲနိုင်ဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။ ဒီဗဟိုသင်္ကြန် မဏ္ဍပ်ကြီးအတွက် ကုန်ကျနိုင်တဲ့ ငွေကြေးပမာဏ အကြမ်း ဖျင်း ခန့်မှန်းမယ်ဆိုရင်တော့ ငွေကျပ် သိန်း ၂ဝဝဝ လောက် ကုန်ကျနိုင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်နေတဲ့ အခြေအနေတွေဖြစ်တဲ့ ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုတို့ တခြားသော အခြေအနေတွေက ထည့်ဝင်မှုရှိလာမယ် ဆိုရင်တော့ ကုန်ကျရင်လည်း အနည်း ငယ်သာ ကုန်ကျနိုင်ပါတယ်။ ကုန်ကျမှု မရှိဘဲ ပိုလျှံမှုရှိလာတာတွေလည်း ရှိလာ နိုင်ပါတယ်''ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ယခုနှစ်မဟာသင်္ကြန်တွင် လုံခြုံရေး ရှုထောင့်ကိုလည်း ပြည်သူဗဟိုပြုသည့် လုံခြုံရေးစနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ခရိုင်အသီးသီးတွင်လည်း အုပ်ချုပ် ရေးမှူးရုံးများက ချုပ်ကိုင်ထားတဲ့ မဏ္ဍပ်မျိုးမဟုတ်ဘဲ နယ်မြေအတွင်းမှာ ရှိသည့် ရပ်မိရပ်ဖများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်ကွက်တွင်းလှုပ်ရှား တက်ြ<ွကသူများနှင့် ပူးပေါင်းပြီး ပြည်သူ လူထုသင်္ကြန်ပွဲတော်ကြီးအဖြစ် ကြိုးပမ်း ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိသည်။ ရန်ကုန်မြို့တွင်း စီးပွားဖြစ် ရေကစား မဏ္ဍပ်များကို ယခင်နှစ်ကဲ့သို့ ခွင့်ပြုသွား မည်မဟုတ်ဘဲ မိသားစုရေကစားမဏ္ဍပ် များ၊ ကုမ္ပဏီများမှပေးသော စပွန်ဆာ ရေကစားမဏ္ဍပ်များကို လမ်းပန်းဆက် သွယ်ရေးအရ အလွယ်တကူဝင်ထွက် သွားလာနိုင်သည့် လမ်းများတွင် ခွင့်ပြု သွားမည်ဖြစ်သည်။

သင်္ကြန်ကာလ ရေပက်မှုအချိန်တွေ ကိုလည်း စနစ်တကျစိစစ်၍ ခွင့်ပြုပေး သွားမှာဖြစ်ပြီး နွေရာသီ အပူပြင်းထန် သော ကာလတစ်ခုဖြစ်သောကြောင့် ရေကစားချိန်ကိုလည်း ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ကန့်သတ် သတ်မှတ်ပေးခဲ့သည်။ ရေကစားချိန်ကို နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီထိ ခွင့်ပြုခဲ့ပြီး ညနေပိုင်းတွင် ၃ နာရီမှ ၆ နာရီထိ ခွင့်ပြုသွားဖြစ်သည်။ ယခုနှစ်ဒီကာလတွင် ပြည်သူများ အားလုံး ပျော်ပျော်ရွှင်ရွှင်နှင့် ရေကစား ခွင့်ဖန်တီးပေးနိုင်ရန်အပြင် ညဘက်တွင် လည်း သံချပ်အလှ၊ အကများဖြင့် ဖျော်ဖြေမှုများကို မြို့နယ်ခရိုင်များ အတွင်း၌ စည်းကာသိုက်မြိုက်စွာ ကျင်းပ နိုင်ရန်အတွက် စီစဉ်လျက်ရှိသည်။ ယခု အခါ ရန်ကုန်မြို့တွင် မဟာသင်္ကြန် ရေကစားမဏ္ဍပ်ကြီး ခြောက်ခုနှင့် မဏ္ဍပ်လတ်တစ်ခု စုစုပေါင်း ရေကစား မဏ္ဍပ် ခုနစ်ခုတည်ဆောက်ရန် သက်ဆိုင်ရာသို့ တင်ပြထားပြီး နောက်ဆက်တွဲ တင်ပြထားသည်များ လည်းရှိကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။
သတင်း - မောင်စိန်လွင် (မြန်မာ့အလင်း)
ဓာတ်ပုံ - ဖြိုးမင်းသိန်းဖော့စ်ဘွတ်

No comments:

Post a Comment