Latest News

Monday, March 27, 2017

ချင်းတွင်းမြစ်ကူးတံတား(ကလေးဝ) မကြာမီဖွင့်လှစ်တော့မည်

ချင်းတွင်းမြစ်ကူးတံတား(ကလေးဝ) မကြာမီဖွင့်လှစ်တော့မည်

ကလေးဝ မတ် ၂၇

နိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လမ်းနှင့် တံတားများကို နိုင်ငံတကာအဆင့်မီ လမ်း၊ တံတားကြီး များအဖြစ် ပေါ်ပေါက်လာစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများပေါ်ပေါက်လာစေရေးတို့အတွက် လမ်းနှင့် တံတားများကို တည်ဆောက်လျက်ရှိရာ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နှင့် ရေဦးမြို့တို့ကို ဆက်သွယ်ပေးမည့်ချင်းတွင်းမြစ်ကူး တံတား(ကလေးဝ) တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်း ပြည့်ပြီးစီးပြီဖြစ်သဖြင့် မကြာမီရက်ပိုင်းအတွင်း ဖွင့်လှစ် နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကလေးဝမြို့တွင် တည်ဆောက်ပြီးစီးသည့် ချင်းတွင်း မြစ်ကူးတံတားမှာ ချင်းတွင်းမြစ်၏ မြစ်ဖျားပိုင်းတွင် တတိယမြောက် ချင်းတွင်းမြစ်ကူးတံတားဖြစ်ပြီး ရေဦး- ကလေးဝလမ်း မိုင်တိုင်အမှတ်(၁ဝ၅/၄)တွင် တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

''ချင်းတွင်းမြစ်ကူးတံတားကြီးက ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်လို အခုဆိုရင် ဒေသခံပြည်သူတွေနဲ့ဆိုင်ကယ်တွေ တံတားပေါ်ကို စတင်ဖြတ်သန်းသွားလာနေကြပါပြီ''ဟု တံတားဆောက်လုပ်ရေးစီမံကိန်း တာဝန်ခံ ဦးအောင်သီဟက ပြောကြားသည်။

အဆိုပါတံတားမှာ အရှည် ၂၈ဝ၅ ပေ၊ အကျယ် ၃၃ ဒသမ ၅ ပေ၊ လူသွားလမ်းအကျယ် ၃ ပေ၊ ယာဉ်သွားလမ်း အကျယ် ၈ ဒသမ ၅ မီတာရှိ သံကူကွန်ကရစ်ကြမ်းခင်း၊ ချဉ်းကပ်လမ်းအရှည်မှာ ကလေးဝဘက်ကမ်း ပေ ၈၅၂ဝ၊ ရေဦးဘက်ကမ်း ၁၄၃၉ ပေရှိပြီးသံကူကွန်ကရစ်ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် ကမ်းကပ်ခုံကိုယ်ထည်၊ သံမဏိ သံပေါင်တံတားအမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန် ၇၅ တန် (AASHTO H.S-25)၊ တံတားကင်းလွတ်အမြင့် ၁၂ မီတာ၊ တံတားကင်းလွတ်အကျယ် ၁ဝ၅ မီတာတို့ ရှိကြောင်း တံတားဆောက်လုပ်ရေးစီမံကိန်းမှ သိရသည်။

ယင်းတံတားကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတံတားဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၂)က ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ၍ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မတ် ၃၁ ရက် နောက်ဆုံး အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ရာ နိုင်ငံတော်အစိုးရက ငွေကျပ် ၂၁၉၂၅ သန်းဖြင့် အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ထင်ရှားသောမြစ်ကြီးလေးစင်းတွင် တစ်ခုအပါအဝင်ဖြစ်သော ချင်းတွင်းမြစ်ပေါ်တွင် ချင်းတွင်းမြစ်ကူးတံတား (မုံရွာ)၊ ချင်းတွင်းမြစ်ကူးတံတား (ဆင်ဖြူရှင်)ကိုလည်းကောင်း၊ ချင်းတွင်းမြစ်ဖျားပိုင်းတွင် ချင်းတွင်းမြစ်ကူးတံတား(ဟုမ္မလင်း)၊ ချင်းတွင်းမြစ်ကူး တံတား (ခန္တီး)နှင့် ယခုဖွင့်လှစ်တော့မည့် ချင်းတွင်းမြစ်ကူး တံတား(ကလေးဝ)တို့ကိုလည်းကောင်း တည်ဆောက်လျက်ရှိရာ ချင်းတွင်းမြစ်ကူးတံတားပေါင်း ငါးစင်းရှိမည်ဖြစ်သည်။

ချင်းတွင်းမြစ်ကူးတံတား(ကလေးဝ)သည် ချင်းပြည်နယ် ချင်းတောင်ဒေသ၊ ကလေး၊ တမူးနှင့် မြန်မာ- အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် ကုန်စည်ပို့ဆောင် ရောင်းဝယ်ရေးအတွက် အဓိကကျလျက် ပြည်သူများအတွက် များစွာအကျိုးပြုမည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

သတင်း-ချင်းတွင်းသား၊ ဓာတ်ပုံ- သက်ဟန်(iprd)ပြန်/ဆက်

No comments:

Post a Comment