Latest News

Wednesday, March 15, 2017

ရန်ကုန် သင်္ကြန် ရေသွယ်ခွင့် စလျှောက်နိုင်

ရန်ကုန် သင်္ကြန် ရေသွယ်ခွင့် စလျှောက်နိုင်

ရန်ကုန်၊ မတ် ၁၅

ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော်တွင် ရေပိုက်သွယ်တန်း၍ ကစားလိုသူများ မတ်လ ၁၅ ရက်မှ ဧပြီလ ၁၃ ရက် (သင်္ကြန် အကြိုနေ့) နောက်ဆုံးထား၍ ယာယီ ရေဆက်သွယ်နိုင်ရန် ခွင့်ပြုမိန့် လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ထံမှ သိရသည်။

မဟာသင်္ကြန် ပွဲတော်ရက်များအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရေပိုက်လိုင်း၊ အင်းလျားကန်နှင့် ကန်တော်ကြီးကန်တို့မှ ရေကို ဆက်သွယ် ကစားလိုသည့် ကိစ္စရပ်များကို စိစစ် ဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)သို့ ယာယီရေ ဆက်သွယ်နိုင်ရန် ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း အဆိုပါဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ရေဆက်သွယ် ကစားသူတွေ ခွင့်ပြုမိန့် လျှောက်ထားရာမှာ သတ်မှတ်လျှောက်လွှာမှာ မြို့နယ်(ရေနှင့် သန့်ရှင်းမှု) တာဝန်ခံ၏ မှတ်ချက်ရယူပြီး တင်ပြ လျှောက်ထားရပါမယ်။ သင်္ကြန် အကြိုနေ့ နေ့လယ် ၁၂ နာရီအထိ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

ရေဆက်သွယ်မှုကို မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးရှိ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ဝန်ထမ်းများက ရေဆက်သွယ်သူများ လိုက်နာ ဆောင်ရွက်ရန် စည်းကမ်းချက်များနှင့်အညီ ရေကစား မဏ္ဍပ်သို့ ရေဆက်သွယ် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ခွင့်ပြုချက် မရှိဘဲ ကော်မတီပိုင် ရေပိုက်လိုင်းများ အင်းလျားကန်၊ ကန်တော်ကြီးကန်နှင့် အခြားမြေစိုက်ကန်များမှ ရေကိုဆက်သွယ်၍ ရေကစားခြင်း မပြုရန်နှင့် ကော်မတီပိုင် မီးသတ်ပိုက်ခေါင်းများမှ ဆက်သွယ်ပြီး ရေကစားခြင်း လုံးဝ(လုံးဝ)မပြုရန်နှင့် ပြုလုပ်ပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)ထံမှ သိရသည်။

ယာယီ ရေဆက်သွယ်ခွင့် လျှောက်လွှာများကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှိ မြို့နယ်(ရေနှင့် သန့်ရှင်းမှု) တာဝန်ခံရုံးများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၁၂ ထပ် တိုးချဲ့ရုံးသစ် ပဉ္စမထပ် (ဗိုလ်မြတ်ထွန်းလမ်း နှင့် ၄၆ လမ်းကြား ကုန်သည်လမ်းပေါ်) ရှိ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ရုံးခန်းတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရသည်။

The Voice

No comments:

Post a Comment