Latest News

Friday, March 10, 2017

မွန်ပြည်နယ် ၀န်ကြီးချုပ် (သို့မဟုတ်) ထွက်ရဲတဲ့သူ - သူရထိုက်

၂၄-၂-၂၀၁၇ နေ့က သတင်းစာတစ်စောင်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးရဲ့ သတင်းကို ဖတ်လိုက်ရတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးမင်းမင်းဦးကို သူ့ရဲ့ သဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီး ရာထူးတွေကနေ နုတ်ထွက်ခွင့်ပြုလိုက်တဲ့အကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၃-၂-၂၀၁၇ နေ့မှာ အမိန့်အမှတ် ၃/၂၀၁၇နဲ့ ထုတ်ပြန်လိုက်တဲ့ သတင်းဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်မှာ ပထမဦးဆုံးအနေနဲ့ ၀န်ကြီးချုပ်တစ်ဦး နုတ်ထွက်ခြင်းပါပဲ။

၁၈-၂-၂၀၁၇ နေ့ကတော့ ဦးမင်းမင်းဦးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အောက်ပါအတိုင်း ရေးသားထားတာကို ဖတ်ရှုခဲ့ရ တယ်။
နုတ်ထွက်ပါပြီ
အားလုံးကို ကျေးဇူးတင်ပါတယ်
ဖြစ်တည်မှုအားလုံးဟာ
ပျက်စီးဖို့ရာ ဓမ္မတာပါပဲ
ဦးမင်းမင်းဦးအနေနဲ့ ၀န်ကြီးချုပ်ရာထူးနဲ့ ၀န်ကြီးရာထူးကနေ နုတ်ထွက်တဲ့ နုတ်ထွက်စာကို ၂၀-၂-၂၀၁၇ နေ့က နိုင်ငံတော်သမ္မတထံ တင်ပြခဲ့တာလို့ သိရတယ်။ ဦးမင်းမင်းဦးဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဘီးလင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ ကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသူ ဖြစ်ပါတယ်။ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးစွာ ရွေးကောက်တင်မြှောက်ခြင်း ခံရပါတယ်။ အဲဒီနောက်မှ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခြင်း ခံခဲ့ရတာပါ။

ဦးမင်းမင်းဦးကို မကျေနပ်တဲ့ သူတွေက တိုင်ကြားလို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခံခဲ့ရသေးတယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြားသိဖတ်ရှုခဲ့ရတယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်ထိ ဘာအကြောင်းအရာကြောင့် တိုင်ကြားခံရတယ်ဆိုတာကို သေသေချာချာ ရှင်းရှင်းလင်းလင်း ဂဃနဏ မသိရှိရသေးပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လေ့လာသုံးသပ်ရေးအဖွဲ့က ဦးမင်းမင်းဦးကို ၂၈-၁၁-၂၀၁၇ နေ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ သိရှိခဲ့ရတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး စုံစမ်းတွေ့ရှိချက်အရ ဦးမင်းမင်းဦးမှာ အချက်အချို့ အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ လေ့လာသုံးသပ်ရေးအဖွဲ့က ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အစီရင်ခံစာ ပို့ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးမင်းမင်းဦးက နုတ်ထွက်စာ တင်ခဲ့တာပဲ ဖြစ်တယ်။

၂၂-၂-၂၀၁၇ နေ့ထုတ် မြန်မာတိုင်းမ် သတင်းစာမှာတော့ ဦးမင်းမင်းဦးရဲ့ အောက်ပါပြောကြားချက်ကို ဖတ်ရှုမိတယ်။ “ကိုယ်က ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်။ အသားလွတ်ကြီး တိုက်ခိုက်ခံနေရတယ်။ ကားလေလံဆိုရင် ကိုယ်တို့ကိုင်ခွင့်မရှိဘူး။ စည်ပင်နဲ့ ဆောက်လုပ်ရေးကို ကိုင်ထားပေမယ့်လည်း တင်ဒါတစ်ခုမှ ၀င်မထိုင်ခဲ့ဘူး။ စီမံ/ဘဏ္ဍာနဲ့ တိုင်းရင်းသားဝန်ကြီးတွေပဲ ကိုင်ခိုင်းခဲ့တယ်။ ဌာနနဲ့ပတ်သက်တဲ့ တင်ဒါတွေ တစ်ခုမှမကိုင်ဘူး။ သက်သေအထောက်အထားတွေ အကုန်ရှိတယ်။ ဘီးလင်းက ကိုယ့်မြို့နယ်ဖြစ်လို့ တာဝန်ယူမယ့်သူ မရှိတော့ သွားလိုက်မိတယ်။ အခြား ၀န်ကြီးတစ်ဦးဦးကို တင်ဒါကိစ္စနဲ့ တာဝန်ပေးပြီး ခိုင်းခဲ့တာပါ။ ကျွန်တော်တို့ လာဘ်စားတယ်လို့ ပြောတဲ့သူတွေ အချိန်မရွေး လာစစ်လို့ရတယ်။ လာဘ်ပေးတဲ့သူတွေ အများကြီးရှိတယ်။ ငွေမှန်းသိတာနဲ့ ချက်ချင်းပြန်ပေးခဲ့တယ်။ အဲဒီလူတွေတောင် အခုအချိန်မှာထွက်ပြီး ပေးပြောစေချင်တယ်။ အမေခွင့်ပြုတဲ့မုန့်ပဲ သရေစာလောက်တော့ အစ်ကိုလက်ခံတယ်။ ၀န်ကြီးချုပ်တာဝန် မကျေပွန်တာ ဘာရှိမလဲဆိုတာတောင် ပြောလိုက်ချင်တယ်။

သူတို့စွပ်စွဲသလို ထွက်သွားလိုက်ရင် ယုံထင်ကြောင်ထင်ဖြစ်မှာ စိုးရတာရယ်၊ ဂုဏ်သိက္ခာထိခိုက်မှာစိုးလို့ အခုလို ထုတ်ပြောလိုက်တာဖြစ်တယ်။ အဖြစ်လည်း မခံနိုင်ပါဘူး။ မှားတာရှိရင်လည်းပြောပါ။ ကိုယ့်မှာ ကားပိုင်မရှိဘူး။ အိမ်လည်း လိုက်ကြည့်လို့ရတယ်။ စုံစမ်းလို့ရပါတယ်”
နိုင်ငံတော်သမ္မတဆီက နုတ်ထွက်ခွင့်ပြုတဲ့ အမိန့်ကြေညာစာကို ရရှိတဲ့အခါ ဦးမင်းမင်းဦးက အခုလို ပြောပါတယ်။

“နုတ်ထွက်ခွင့်ပြုကြောင်း စာပို့လာပါတယ်။ အခုအချိန်မှာတော့ အေးအေးချမ်းချမ်းပဲ ကျွန်တော်နေချင်တယ်။ အရင်ကပြောခဲ့တဲ့အတိုင်း ကိုယ့်အိမ် ကိုယ့်ရာမှာ အေးအေးချမ်းချမ်း ပြန်နေပါဦးမယ်”
(၂၄-၂-၂၀၁၇ နေ့ထုတ် Daily Eleven သတင်းစာမှ)
သတင်းတွေကတော့ အမျိုးမျိုး ကြားသိဖတ်ရှုရတယ်။ အဲဒီအထဲက သတင်းတစ်ခု၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က တံတားအမည်နဲ့ ပတ်သက်တယ်လို့ဆိုတယ်။ တံတားအမည်ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဦးမင်းမင်းဦးကို နုတ်ထွက်ခိုင်းတာလို့လည်း ဆိုကြပါတယ်။ ဟုတ်ကဲ့ ... မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နုတ်ထွက်သွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တစ်ချိန်က ကျွန်တော်နဲ့ အလုပ်အတူတူလုပ်ခဲ့တဲ့ ကျွန်တော့်အထက်အရာရှိ တာဝန်ခံ အင်ဂျင်နီယာတစ်ဦးဖြစ်ခဲ့တဲ့ ကိုမင်းမင်းဦးရဲ့ အကြောင်းကိုလည်း ကျွန်တော် ပြန်ပြောင်းအောက်မေ့မိလိုက်တယ်။ အဲဒီ ကိုမင်းမင်းဦးကလည်း ဖိအားတွေကို မခံနိုင်လို့ အလုပ်က နုတ်ထွက်သွားခဲ့သူ အင်ဂျင်နီယာတစ်ဦး ဖြစ်ပါတယ်။

အကြောင်းစုံကို ဆက်ပြီးရှင်းပြပါရစေ။ ၁၉၉၅-၉၆ ခုနှစ် ပတ်ဝန်းကျင်က ဖြစ်ပါတယ်။ အဲဒီအချိန်က ကျွန်တော်ဟာ အစိုးရဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦးပါ။ ကျွန်တော် အလုပ်လုပ်ခဲ့တာက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဖြစ်ပြီး ကျွန်တော် တာဝန်ထမ်းဆောင်ရတာက ရန်ကုန်မြို့၊ မရမ်းကုန်း၊ ရှင်မိုင်၊ မီးပွိုင့်အနားက မြိုင်ဟေ၀န်ပန်းခြံနဲ့ ကပ်လျက်ဖြစ်တယ်။ အဲဒီအချိန်ကာလက လက်ကိုင်ဖုန်းဆိုတာ မူးရင်ရှူစရာမရှိတဲ့ အချိန်ဖြစ်ပြီး လိုင်းဖုန်းလို့ခေါ်ကြတဲ့ ကြိုးဖုန်းတွေကိုပဲ အများဆုံး အသုံးပြုကြရတယ်။ အဲဒါတောင် ကြိုးဖုန်းက များများစားစား ရှိလှတာမဟုတ်ဘူး။ အိမ်မှာ တယ်လီဖုန်းရှိတာကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုရတဲ့အချိန်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ တယ်လီဖုန်း အိတ်ချိန်းကို အနီးအနားမှာနေ သူတွေက စက်ခလုတ်ခုံလို့ခေါ်ကြတယ်။ အဲဒီအချိန်ကာလက ကျွန်တော် တာဝန်ကျတဲ့အချိန်က ညဘက်ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးအခင်းကာလမှာ ဌာနဆိုင်ရာတွေထဲက ပထမဆုံးသပိတ်မှောက်တာ ကျွန်တော်တို့ မြန်မာ့ ဆက်သွယ်ရေး ကော်ပိုရေးရှင်းပါ။ အရေးအခင်းပြီးတော့ ကျွန်တော်တို့အထက်က တာဝန်ရှိသူ အင်ဂျင်နီယာတချို့လည်း အလုပ်ပြုတ်သွားခဲ့တယ်။  ကျွန်တော်တို့လည်း  မေးခွန်း ၃၃ ချက်လားမသိ ဖြေခဲ့ရတယ်။ အဖြေမတတ်သူတချို့လည်း ရာထူးတိုးမြှင့်တာ ရပ်ဆိုင်းခံခဲ့ရတာတွေ ရှိခဲ့တာပေါ့။

တစ်ညမှာ ကျွန်တော် Duty ၀င်တဲ့အခါ ကျွန်တော်တို့ရဲ့ စက်ခန်းထဲမှာ လူစိမ်းတစ်ဦး တွေ့ရတယ်။ ကျွန်တော်နဲ့ တာဝန်အတူကျတဲ့ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို အခုလိုပြောပါတယ်။

“ဒါ အိတ်ချိန်းကို အသစ်ရောက်လာတဲ့ တာဝန်ခံအင်ဂျင်နီယာ AE လေ၊ ကိုမင်းမင်းဦး တဲ့”

အဲဒီလိုနဲ့ ကိုမင်းမင်းဦးကို ကျွန်တော် စတင်သိရှိခဲ့ရတယ်။ ကိုမင်းမင်းဦးဟာ အိမ်ထောင်သည်တစ်ဦး ဖြစ်တဲ့အကြောင်း၊ သူ့ရဲ့မိသားစုက ဘီးလင်း တောင်စွန်းမှာ နေတဲ့အကြောင်း စတာတွေကိုလည်း သိရတယ်။ ကိုမင်းမင်းဦးဟာ အိတ်ချိန်းမှာပဲ နေပါတယ်။ သူ့အတွက် သီးသန့်အခန်း မရှိရှာပါဘူး။ ရုံးကို အိမ်လုပ်နေရတဲ့ သဘောပါ။ တစ်ခါတလေ လက်ဖက်ရည်ဆိုင်ကို အတူတူသွားပြီး လက်ဖက်ရည် သောက်ကြတယ်။ ကိုမင်းမင်းဦးဟာ စကားနည်းတယ်။ ကွန်ပျူတာကို ၀ါသနာပါတယ်။

ကိုမင်းမင်းဦး ရောက်မလာခင် ကျွန်တော်တို့အိတ်ချိန်းကို တာဝန်ခံပြီး စီမံကွပ်ကဲရသူက SAE လို့ခေါ်တဲ့ အငယ်တန်း အင်ဂျင်နီယာ အမျိုးသမီးတစ်ဦးပါ။ ကိုမင်းမင်းဦးက သူ့ရဲ့အထက်ရာထူးကို ရောက်လာတာ သူ့အနေနဲ့ ကျေနပ်ပုံမရပါဘူး။ ကိုမင်းမင်းဦးလည်း အလုပ်လုပ်ရတာ သူ့ရဲ့စိတ်ထဲမှာ အတော်ကလေး ကသိကအောင့် အနှောင့်အယှက် ဖြစ်ခဲ့ရတယ်။ ဒီအပြင် သူတို့နဲ့ မတူတဲ့ ကြီးမားတဲ့ ပြစ်ချက်ကြီး တစ်ခုကလည်း ကိုမင်းမင်းဦးမှာ ရှိနေခဲ့တယ်။ အဲဒါကတော့ ကိုမင်းမင်းဦး စက်မှုတက္ကသိုလ်(RIT) ကျောင်းသားဘ၀က ဖြစ်ခဲ့တာပါ။ RIT ကျောင်းသား ဘုန်းမော် သေဆုံးရတဲ့ အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့တာပဲ ဖြစ်တယ်။ အချုပ်တောင်ကျခဲ့တယ်လို့ ကြားသိရတယ်။ နိုင်ငံရေးမှုနဲ့ ထောင်ကျခဲ့သူတစ်ဦးဟာ အဲဒီအချိန် အဲဒီကာလမှာ အစိုးရပြန်တမ်းဝင်အရာရှိ ဖြစ်နေတာဟာ လျော်ကန်သင့်မြတ်မှု မရှိဘူးလေ။ ကိုမင်းမင်းဦးကို ကိုမင်းမင်းဦးရဲ့အထက်အရာရှိ အင်ဂျင်နီယာကြီးတွေက ဖိအားတွေ ပေးလာကြတယ်။ ကျွန်တော်တို့ ကြားသိရတာက စက်ခလုတ်ခုံ တာဝန်ခံအင်ဂျင်နီယာဖြစ်တဲ့ ကိုမင်းမင်းဦးကို သူတာဝန်ယူရတဲ့  စက်ခန်းအတွင်း ပေးမ၀င်တဲ့အဆင့်ထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ အောက်က အချွန်နဲ့မပြီး အထက်က ဖိအားပေးတဲ့ဒဏ်ကို ကိုမင်းမင်းဦးသည်းခံနိုင်စွမ်း မရှိတော့ပါဘူး။ သူ့အထက်က အရာရှိကြီးကလည်း “ထွက်မလား၊ ထုတ်ရမလား” ဆိုတဲ့အထိ ပြောလာခဲ့ပြီလေ။ နောက်ဆုံးတော့ ကိုမင်းမင်းဦး အလုပ်ကနေ ထွက်စာတင်လိုက်ပါတယ်။ သူ အလုပ်ထွက်တော့ သူ့ကိုရိုသေချစ်ခင်သူ ၀န်ထမ်းတွေကို ခေါ်ယူတွေ့ဆုံပြီး နှုတ်ဆက်စကား ပြောကြားခဲ့ပါသေးတယ်။ ကိုမင်းမင်းဦး အလုပ်ထွက်ရတာကို ကျွန်တော်တို့လည်း အတော်ကလေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။

အချိန်ကာလတွေ ကြာညောင်းလာခဲ့ပါတယ်။ ကိုမင်းမင်းဦးလည်း ဘယ်ဆီရောက်လို့ ဘယ်ကိုပေါက်နေမှန်း ကျွန်တော်တို့ မသိကြတော့ဘူး။ ကျွန်တော်လည်း အဲဒီဌာနကနေ အလုပ်ထွက်ခဲ့ပြီ။ ဒီပြင်အလုပ်တွေ  ပြောင်းလုပ်တာ အလုပ်နှစ်ခုသုံးခုမက ရှိခဲ့ပြီး။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွေ မပြုလုပ်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရုပ်ပုံနဲ့တကွ ကြေညာပါတယ်။ အဲဒီမှာ ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းက ဦးမင်းမင်းဦးတဲ့။ ပညာအရည်အချင်းက B.E (E.C) တဲ့။ ရုပ်ပုံကိုကြည့်လိုက်တဲ့အခါ ကျွန်တော်တို့နဲ့ ရင်းနှီးသိကျွမ်းခဲ့တဲ့ ကျွန်တော်တို့ရဲ့ တာဝန်ခံအင်ဂျင်နီယာ AE ဖြစ်ခဲ့တဲ့ ကိုမင်းမင်းဦး ဖြစ်နေတာကို သိလိုက်ရပါတယ်။

ကိုမင်းမင်းဦး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတာ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရတာတွေကို ကြားသိရတော့ ကျွန်တော်တို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိတယ်။ ကိုမင်းမင်းဦးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့ကြသူတွေလည်း အံ့သြနေကြလေရဲ့။

ကျွန်တော်လည်း သင်ခန်းစာတွေ အများကြီးရခဲ့တယ်။ ဟိုတုန်းက နိုင်ငံရေးဆိုရင် လေသံတောင် မကြားရဲတဲ့သူတွေကလည်း နိုင်ငံရေးစကားတွေ ရေပက်မ၀င်အောင်ပြောပြီး နိုင်ငံကိုချစ်ပြနေလေရဲ့။ အခွင့်အခါသာတုန်းက ရသမျှအခွင့်အရေးယူခဲ့သူတွေကလည်း နိုင်ငံတော်ကြီး ဘုန်းဘုန်းကျပြိုလဲရတာ သူတို့နဲ့ မသက်ဆိုင်လေသယောင်ယောင်၊ ဟိုအချိန်တုန်းက ဟိုအစိုးရအကြိုက်လိုက်ပြီး ကိုယ့်အိတ်ထဲ ထည့်ခဲ့သူတွေကလည်း အခုတော့ ပီဘိအပြစ်မရှိ လေသယောင်ယောင်၊ တရားများပင် ကျမိပါရဲ့လေ။

ကိုမင်းမင်းဦးကို အောက်ကနေ အချွန်နဲ့မခဲ့တဲ့ SAE အင်ဂျင်နီယာ အမျိုးသမီးလည်း ရာထူးတွေ အဆင့်တင့်တက်ကာ အငြိမ်းစားယူသွားခဲ့ပါပြီ။ စုမိဆောင်းမိလည်း ရှိသွားတယ်လို့သိရတယ်။ ကိုမင်းမင်းဦးကို “ကိုယ့်ဘာသာကိုယ် ထွက်မလား၊ ထုတ်ရမှာလား” လို့ဆိုခဲ့တဲ ကိုမင်းမင်းဦးအထက်က အင်ဂျင်နီယာအရာရှိကြီးကတော့ အတော်ကလေးကို စုမိဆောင်းမိ ဖြစ်သွားသတဲ့။ အခုတော့ အငြိမ်းစားယူပြီး ကုမ္ပဏီ ထောင်ထားတယ်လို့ ကြားသိရတယ်။ အင်းလေ...သူက သူ့ရဲ့ လက်မှတ်ကနေ ရွှေဖြစ်ခဲ့တာကိုး။

ကိုမင်းမင်းဦးသတင်းကတော့ မွန်ပြည်နယ် ၀န်ကြီးချုပ်ရာထူးကနေ နုတ်ထွက်လိုက်ပြန်ပြီတဲ့၊ ဟိုး...ရှေးရှေးဘ၀တွေက ရောက်လေရာနေရာဌာနကနေ ထွက်ပါရစေလို့များ ဆုတောင်းခဲ့ မိလေရော့သလား ကိုမင်းမင်းဦးရယ်။

ကိုမင်းမင်းဦးကို Perfect Person ပြီးပြည့်စုံတဲ့သူလို့ ကျွန်တော်မဆိုလိုပါဘူး။ သူ့မှာလည်း အားနည်းချက် ချို့ယွင်းချက်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ သူဟာ ခါတော်မီ နိုင်ငံရေးသမားတော့ မဟုတ်ပါဘူး။ သာကူးမဟုတ်ပါဘူး။ ပြီးတော့ ရာထူးဌာနန္တရတွေကို မမက်မောဘဲ ထွက်ရဲတဲ့သတိ္တရှိသူလို့ ကျွန်တော် မြင်မိပါတော့တယ်။
သူရထိုက်
http://www.tomorrow.com.mm/?q=articles%2F3329

No comments:

Post a Comment