Latest News

Monday, March 6, 2017

တာမွေမြို့နယ်တွင် အမှိုက်များ ရှင်းလင်းရာမှ ကျည်ဆံများနှင့် ဓားများ တွေ့ရှိ

တာမွေမြို့နယ်တွင် အမှိုက်များ ရှင်းလင်းရာမှ ကျည်ဆံများနှင့် ဓားများ တွေ့ရှိ


တာမွေမြို့နယ် ခုနှစ်ပင်လိမ်ချောင်းအတွင်း မတ် ၇ ရက် နံနက်ပိုင်းတွင် အမှိုက်များ ရှင်းလင်းရာမှ ကျည်ဆန်များနှင့် ဓားများ တွေ့ရှိခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

မတ် ၇ ရက်၊ နံနက် ၉ နာရီခန့်တွင် တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးထောင့်ကန်လမ်း အနီးရှိ ခုနှစ်ပင်လိမ်ချောင်း အတွင်းတွင် အမှိုက်များ၊ သဲများ၊ နုံးများကို ကုန်းရေနှစ်မျိုးသွား ဘတ်ဟိုးယာဉ်ဖြင့် ဆယ်တင်ရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေစဉ် ချောင်းအတွင်းမှ ကျည်မျိုးစုံ ၃၂တောင့်၊ ဓား ၁၂ လက်တို့ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ယင်းသို့ တွေ့ရှိခဲ့ပြီး နောက် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအား အကြောင်းကြားခဲ့ပြီး တာဝန်ရှိသူများ လာရောက်စစ်ဆေးရာ တွေ့ရှိခဲ့သည့်  ကျည်အမျိုးအစားများမှာ ၉ မမ ကျည် (၂၇) တောင့်၊ ၀.၃၀၃ ရိုင်ဖယ် ကျည် (၂)တောင့်၊ AK 47 ကျည် (၁) တောင့်၊ ကျည်ခွံနှစ်ခုတို့ဖြစ်ကြောင်း၊ ဓားများမှာ ဓားရှည် (၁၀) လက်၊ ဓားတို (၂) လက်တို့ ဖြစ်ကြောင်း သိရသည်။

“တွေ့ရှိခဲ့တဲ့ ကျည်တွေကတော့ အဟောင်းတွေပါ။ ပြန်သုံးလို့မရပါဘူး။ ဓားတွေကတော့ ဆိုဒ်စုံ အရွယ်စုံပါပဲ။ အားလုံးပေါင်း ဓား က ၁၂ ချောင်းပါ။ ကျည်ဆံတွေကိုတော့ သက်ဆိုင်ရာတပ်ကို အပ်နှံဖို့ ဆောင်ရွက်နေပါတယ်” ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

၂၀၁၆ ခုနှစ်၊  နိုဝင်ဘာ ၆ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင်လည်း မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ စွယ်တော်ကန်ပတ်လမ်းရှိ ခြုံပုတ်အတွင်း ကြွပ်ကြွပ်အိတ်ဖြင့် ထည့်လျက်ရှိ ပွိုင့် ၂၂ ကျည်ဆံ ၉၁ တောင့်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့အပြင် အဆိုပါနေရာ၏ အနီးအနားတွင် ရေမြောင်းတစ်ခုရှိပြီး ယင်းရေမြောင်းဘေးရှိ ခြုံပုတ်အတွင်းမှလည်း ပွိုင့် ၂၂ ကျည်ဆံ ၅၅ တောင့်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မြိုင်ဟေ၀န် ပန်းခြံအတွင်းရှိ ရေကန်အတွင်းတွင် ငါးမျှားနေသည့် အမျိုးသားတစ်ဦး၏ ငါးမျှားချိတ်နှင့် ချိတ်ပါလာသော ကြွပ်ကြွပ်အိတ်အတွင်းမှ သေနတ်အိတ်အတွင်း ထည့်ထားသည့် Webley Patents စာတမ်းပါ သံချေးတက်နေသည့် ၃၈ ဗို့ ခြောက်လုံးပြူးသေနတ်တစ်လက်၊ သားရေချိုင်းလွယ် သေနတ်အိတ်အတွင်း ထည့်ထားသည့် ၇.၆၅ MM.90 စာတမ်းပါ အီတလီနိုင်ငံထုတ် သံချေးတက်နေသည့် ပစ္စတိုသေနတ်တစ်လက်နှင့် ပစ္စတိုသေနတ်၏ ကျည်အိမ်တစ်ခု၊ ယင်းသေနတ်အတွင်း ထည့်ပစ်ရသည့် ကျည် ၅၆ တောင့်တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ၃၈ ဗို့ ခြောက်လုံးပြူးကျည် တစ်တောင့်၊ 5.56 M ကျည်အိမ်အတိုတစ်ခု၊ ယင်းကျည်အိမ်အတွင်းမှ 72 MM ကျည် ၁၁ ထောင့်၊ ၉ မမ ကျည်တစ်တောင့်နှင့် S&B 7.65 B စာတမ်းပါ ကျည်နှစ်တောင့်တို့အား တွေ့ရှိခဲ့ရကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment