Latest News

Friday, March 24, 2017

နားရွက်အကြီးအသေး နှင့် ဥာဏ်ကောင်းခြင်း၊ဥာဏ်ထိုင်းခြင်း


နဂါးဖြစ်ချင်တဲ့သူ။ ။

မင်းဒင်ရဲ့သက်ခိုင်ကိုဖတ်ပြီး ဆရာ့ကိုတစ်ခုမေးစရာ ရှိလို့ပါ။ကျွန်တော့်ခေါင်းထဲမှာ ဘယ်အချိန်က ဝင်နေမှန်းမသိတဲ့ အစွဲအလမ်းတစ်ခုရှိနေပါတယ်။အဲဒါကတော့
နားရွက်သေးတဲ့သူတွေဟာ ဥာဏ်ထိုင်းတတ်တယ်ဆိုတဲ့ စိတ်အစွဲပါပဲ။
ကျွန်တော့်နားရွက်က၊သေးနေတော့ ကိုယ့်နားရွက်ကိုယ်ကိုင်ကြည့်ရင်း၊
ကိုယ့်ကိုယ်ကိုယ်ဥာဏ်ထိုင်းတယ်ထင်ပြီး ဒီဘဝမှာတော့ ...

"ငါဟာ ဘာမှဖြစ်မြောက်ထွန်းပေါက်မဲ့သူမဟုတ်ဘူး" ဆိုတဲ့ခံစားချက်ဖြစ်နေပါတယ်။ဒီအတွေးကိုဘယ်လိုဖျက်ဆီးပစ်ရမလဲ။
လမ်းညွန်စေလိုပါတယ်။

..............

ဖြစ်မှဖြစ်ရလေငါ့တူရယ်။အမေရိကန်နိုင်ငံသူ ဟယ်လင်ကယ်လာဟာ မျက်စိမမြင်ပါဘူး။နားလည်းမကြားပါဘူး။စကားမပြောနိုင်တဲ့ဆွံ့အနေသူလည်း ဖြစ်ပါတယ်။ သူ့ကို အရေပြားပေါ်မှာစာတွေရေးပြီး စာသင်ခဲ့ရပါတယ်။

သူဟာ ပါရဂူဘွဲ့ရပြီး စာရေးဆရာ၊ကထိက၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အဖြစ်
ထင်ရှားခဲ့ပါတယ်။ကိုရင့်နားရွက်ကိစ္စဟာ စာဖွဲ့လောက်မလောက်၏။ပူပန်ထိုက် ၏မထိုက်၏ ကိုယ်ကိုယ်တိုင်သာဝေဖန်ဆုံးဖြတ်ပါတော့။

အောင်မြင်မှုဆိုတာ နားရွက်အကြီးအသေးအပေါ်မှာမူမတည်ပါဘူး။ ဇွဲလုံ့လ
ဝီရိယမှာသာတည်ပါတယ်။အောင်မြင်ကျော်ကြားသူတိုင်း ခက်ခဲကြမ်းတမ်းတဲ့
လမ်းတွေကို လျှောက်လှမ်းဖြတ်သန်းခဲ့ရသူတွေချည်းပါပဲ။

ဆင်နဲ့ဆင်ဦးစီးကိုကြည့်ပါ။ဘယ်သူက နားရွက်ပိုကြီးသလဲ။
ဘယ်သူက အခိုင်းစေခံရနေသလဲ။မြင်သာပါလိမ့်မယ်။

ဒါနဲ့မှ မကျေနပ်သေးဘူးဆိုရင် မောင်ရင့်နားရွက်ကို ဇကောလောက်ဖြစ်လာ
အောင် ကျုပ်တာဝန်ယူပြီးခွဲစိတ်ပြုပြင်ပေးပါ့မယ်။ဖူးခက်ကိုသာကြွခဲ့ပေတော့။

ရုပ်ပုံ။ ။အင်တာနက်
မင်း ဒင်


No comments:

Post a Comment