Latest News

Wednesday, March 8, 2017

ကားမီးလောင်လျှင် ဘယ်လိုကာကွယ်မလဲ

ကားမီးလောင်လျှင် ဘယ်လိုကာကွယ်မလဲ



အများပြည်သူပိုင်လမ်းမပေါ်တွင် ယခုရက်ပိုင်းအတွင်း ကားမီးလောင်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဖေဖော်ဝါရီ ၂၇ ရက်က ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်ထောင်စုလမ်းမပေါ်တွင် ဂက်စ်ထည့်ပြီး ပြန်လာသည့် YBS ကားမှာ စီအင်န်ဂျီမစ်ဆာအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ စီအင်န်ဂျီမစ်ဆာဆိုသည်မှာ စီအင်န်ဂျီကုန်သွားပါက ဓာတ်ဆီစနစ်သို့ အလိုအလျှောက် ပြောင်းလဲပေးသည့် စနစ်ဖြစ်သည်။

မတ်လ ၂ ရက်ကလည်း ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသော အောင်ပြည့်စုံခရီးသည်တင် ယာဉ်သည် အမ်းမြို့နယ် ကဇုကိုင်းကျေးရွာအုပ်စု၊ အုန်းတည် ချောင်းကျေးရွာအနီး မိုင်တိုင်အမှတ် (၂၄)အနီးတွင် ၀ိုင်ယာရှော့ခ် ဖြစ်ကာ မီးလောင်ခဲ့ပြီး ကားတစ် စီးလုံးဆိုးရွားစွာ လောင်ကျွမ်းခဲ့သည်။

ပြည်သူများ အထိတ်တလန့် ဖြစ်စေခဲ့သော ကားမီးလောင်မှုမှာ ဇန်န၀ါရီ ၂၁ ရက်က အမြန်လမ်း လေးမိုင်နှစ်ဖာလုံတွင် ပုဂံ ညောင်ဦးမှ ဘုရားဖူးပြီး ရန်ကုန်သို့ ပြန်လာသူများ စီးနင်းလာသော ဟိုက်အေ့စ်ကား ဘီးပေါက်၍ လမ်းလယ်ပေါင်ကို ၀င်တိုက်ရာမှ မီးလောင်ကျွမ်းကာ လူရှစ်ဦး သေဆုံးခဲ့မှုဖြစ်သည်။ ကားမီးလောင်ကျွမ်းခြင်းကို ရဲတပ်ဖွဲ့က ထုတ် ပြန်ရာတွင် ကားက အလယ်တန်း သံပေါင်ကို ၀င်တိုက်မိရာမှ ဆီတိုင်ကီအနီး မီးပွင့်ပြီး လောင် ကျွမ်းခဲ့သည်ဟုဆိုသည်။ သို့သော် မီးလောင်ကျွမ်းခြင်းနှင့်ပတ်သက်၍ အမျိုးမျိုးပြောကြားမှုများလည်းရှိနေသည်။ လူရှစ်ဦး သေဆုံးခဲ့သော အဆိုပါ အဖြစ်ဆိုးကြောင့် လူအများထိတ်လန့်ပြီး ကားဈေးကွက်တွင် စူပါကာစတန် ကားပင် အရောင်းအ၀ယ်အေး သွားခဲ့သည်။

၂၀၁၁ နှစ်ကုန်ပိုင်းကစ၍ ကားမူဝါဒပြောင်းပြီး နောက်ပိုင်းအစီးရေ ဆက်တိုက်တိုးနေရာ ကားမီးလောင်ခြင်းနှင့် ပတ်သက်၍ သတိထားသင့်သည်များကို စုစည်းဖော်ပြလိုက်ပါသည်။

ကားတစ်စီးလုံးကိုပုံမှန်စစ်ဆေးပေးရန်လို

ကားတစ်စီး မီးစွဲလောင်ရန် အကြောင်းရင်းများစွာရှိပြီး ယင်းအကြောင်းရင်းများထဲမှ လူတစ်ဦးချင်းစီ၏အမှားနှင့် စက်၊ လျှပ်စစ်စနစ်ချို့ယွင်းမှု၊ ဆီအရည်ဖိတ်ကျမှုတို့ကြောင့် မီးလောင်ကျွမ်းရခြင်းဖြစ်သည်ဟု Jappon Auto Service မှ စက်ပြင်ဆရာ ဦးနိုင်ဝင်းကပြောသည်။

အများစုသည် မော်တော်ယာဉ်တစ်စီးလုံးကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် အချိန်နှင့် တစ်ပြေးညီ စစ်ဆေးရန် လိုအပ်ပြီး ပုံမှန်ယာဉ်ကို မစစ်ဆေးပါက ကားအစိတ်အပိုင်း တစ်ခုချင်းစီ၌ အားနည်းချက်ဖြစ်ပေါ်ကာ မီး လောင်ကျွမ်းမှု ဖြစ်စေတတ်သည်။

ကားတစ်စီးကို စစ်ဆေးရာတွင် သွားခါနီးတိုင်း အင်ဂျင်ဖုံးကိုဖွင့်၍ စစ်ဆေးရခြင်းမျိုးမဟုတ်ဘဲ အင်ဂျင်ဝိုင်၊ ဆားဗစ်ပိုင်းဆိုင်ရာများကို သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် အချိန်ပိုင်းအလိုက် ပုံမှန်စစ်ဆေးပေးနေလျှင်ပင် လုံလောက်ကြောင်း ကျွမ်းကျင်သူများကဆိုသည်။

‘‘အချိန်ဇယားအတိုင်း စစ် ပေးဖို့ပဲလိုတာပါ။ ဟိုင်းဝေးသွားခါနီးဆိုရင်တော့ အောက်ပိုင်းကို စစ်သွားသင့်တယ်’’ဟု အဝေးပြေးယာဉ်များကို Service အဓိကလုပ်ကိုင်ပေးနေသည့် စက်ပြင်ဆရာ ဦးထိန်လွင်ကဆိုသည်။

ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသော အောင်ပြည့်စုံခရီးသည်တင်ယာဉ်သည် မတ်လ ၂ ရက် နံနက်က ၀ိုင်ယာကြိုးရှော့ခ်ဖြစ်ပြီး မီးလောင်နေစဉ် (ဓာတ်ပုံ - စံမြင့်ထွန်း)

အင်ဂျင်ခန်းမှအပူလွန်ကဲလောင်ကျွမ်းခြင်း

ကားမီးလောင်မှု အများစုသည် ယာဉ်ကို ပုံမှန်ထက်ပိုမိုခိုင်း ခြင်း၊ ပုံမှန်စစ်ဆေးမှုမရှိဘဲ ပြီးစလွယ် မောင်းနှင်ခြင်းတို့ကြောင့် မီးလောင်ရသည်ဟု ကျွမ်းကျင်သူများက တူညီစွာမှတ်ချက်ပေးသည်။

‘‘ဥပမာ ဂတ်စကက်ပေါက်နေတဲ့ အင်ဂျင်ဆီကနေ မီးစွဲလောင်နိုင်တဲ့ အရည်တွေ ထွက်ကျလာရာက အဲဒီအရည်တွေက ပေါက်ပြဲနေတဲ့ ဝိုင်ယာကြိုးတွေနဲ့ထိလို့ ရှော့ခ်ဖြစ်တာဖြစ်ဖြစ်၊ အပူချိန်မြင့်မားတဲ့ အင်ဂျင်ဘော်ဒီကို သွားထိတာမျိုးဖြစ်ဖြစ် မီးစွဲလောင် နိုင်ပါတယ်’’ဟု ဦးထိန်လွင်က သူ၏အတွေ့ အကြုံကိုပြောသည်။ ကားမီးလောင်မှု ဖြစ်ပွားရာတွင် အဓိကအများဆုံးအကြောင်းအရာမှာ အင်ဂျင်အပူလွန်ကဲရာမှ စတင်ခြင်းဖြစ်သည်။

အင်ဂျင်အတွင်းပိုင်း၌ လည်ပတ်နေသော အင်ဂျင်ဝိုင်အအေး ပေးအရည်နှင့် လောင်စာများ၏ အပူချိန်ကြောင့် ပွတက်လာပြီး မသက်ဆိုင်သော နေရာများသို့ ရောက်ရှိခြင်း၊ အပြင်သို့ ယိုစိမ့်ထွက်ခြင်းတို့မှ အစပြုသည်ဟု Toyota ကားဆားဗစ်စင်တာမှ မန်နေဂျာက သူ၏အမြင်ကိုပြောသည်။

ယိုစိမ့်ထွက်လာသော စက်သုံးဆီများ အိတ်ဇောစနစ်ကဲ့သို့ အပူပြင်းထန်သည့် နေရာသို့ ရောက်ရှိသွားသည့်အခါ ကားမီးလောင်ရန် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိသွားကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် အထက်ပါကဲ့သို့ ဖြစ်ပွားမှုများသည် ပရိုဘောက်စ်ကားများတွင် အဖြစ်များပြီး မီးမလောင်မီ မီးခိုးများအူထွက်ကာ နောက်ပိုင်း၌ မီးလောင်ကျွမ်းသည့်အဆင့်သို့ ရောက်ရှိခဲ့ကြောင်း ကားမီးလောင်ခဲ့ဖူးသည့် စမ်းချောင်းမြို့နယ်မှ အငှားယာဉ် မောင်းပိုင်ရှင်ကဆိုသည်။

‘‘ဖြစ်ဖြစ်ချင်း မီးသတ်ဆေးဘူးဆောင်ထားတဲ့ကားတွေဆို အရမ်းကြီး ဆိုးဆိုးရွားရွား မဖြစ်ဘူး။ အိမ်စီးကားလေးတွေမှာ မီးသတ်ဆေးဘူး ဆောင်တာနည်းတယ်’’ဟု ၎င်းက သူ၏အတွေ့အကြုံကို ပြောသည်။ ထို့ကြောင့် ကားမီးလောင်သည်နှင့် အလွယ်တကူ ငြှိမ်းသတ်ရန် မီးသတ်ဆေးဘူး မဖြစ်မနေဆောင်ထားရန် လိုအပ်သည်။

လောင်စာဆီယိုစိမ့်ရာမှမီးလောင်ကျွမ်းခြင်း

လောင်စာဆီယိုဖိတ်ခြင်းကြောင့်လည်း ကားမီးလောင်မှု ဖြစ်ပွားစေတတ်သည်။ ကားမီးလောင်မှုများတွင် ဆီယိုဖိတ်ခြင်းက အဖြစ်များပြီး အန္တရာယ်ပိုမိုများပြားသည်။

မိနစ်ပိုင်းအတွင်း ဆီယိုဖိတ် ခြင်းကြောင့် ကားမီးလောင်နိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

ကားတစ်စီးတွင် အသုံးပြု သည့် အရည်နှင့် ဆီများထဲ၌ အလွယ်တကူ မီးစွဲလောင်နိုင်သော အရာများပါဝင်သည်။ ကားတွင် မရှိမဖြစ်သုံးရသည့် ဒီဇယ်၊ ဓာတ်ဆီတို့အပြင် အင်ဂျင်ဝိုင်၊ ဂီယာဝိုင်၊ ပါဝါစတီရီယာရင်အရည်၊ ဘရိတ်ဆီနှင့် အအေးပေးအရည်များသည် အထူးသတိပြုရမည့် အရာများဖြစ်သည်။

ယင်းအရည်များမှာ ပုံမှန်စီးဆင်းလည်ပတ်နေသောပိုက်၊ ပန့် နှင့် ဆီကန်များသို့ မရောက်ဘဲ ပေါက်ပြဲခြင်း ဖြစ်ပေါ်ခဲ့ပါက ဆီ စက်တစ်စက်လေးနှင့်ပင် မီးပွားများဖြစ်လာနိုင်ကာ မီးလောင်နိုင်သည်။

 လောင်စာဆီစနစ်ကိုလည်း အခြားအစိတ်အပိုင်းများနည်းတူ အချိန်ပိုင်းအလိုက် ဆားဗစ်ပြ၊ စစ်ဆေးရန်လိုသည်။ ကားအတွင်းခန်းမှာ ဓာတ်ဆီနံ့ (သို့) လောင်စာဆီနံ့များရပါက တုံ့ဆိုင်းမနေဘဲ ဆားဗစ်ကို ချက်ချင်းသွားပြသင့် ပြီး ပြုပြင်သင့်ကြောင်း ကားဆားဗစ်ပြုလုပ်သူများက အကြံပြုသည်။

ဘက်ထရီစနစ်မှမီးလောင်ကျွမ်းခြင်း

အင်ဂျင်ခန်းနှင့် လောင်စာဆီများနည်းတူ အခြားသတိပြုရမည့်အချက်တစ်ချက်လည်း ရှိသေးသည်။ ယင်းမှာ ဘက်ထရီစနစ်များပင်ဖြစ်သည်။ ဟိုက်ဘရစ်ယာဉ်များမှလွဲပြီး အခြား ရိုးရိုးကားများမှာ အင်ဂျင်ခန်းအတွင်း ရှိ ဘက်ထရီအနီးတစ်ဝိုက်တွင် ပေါက်ကွဲမှုဖြစ်စေရန် တွန်းအားပေးသော ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များ စုစည်းနေခြင်းမှ မီးလောင်တတ်ကြောင်း ဦးနိုင်ဝင်းက ပြောသည်။

အင်ဂျင်ခန်းမှထွက်သည့် ဆီ ငွေ့နှင့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များ စုစည်းရာမှ မီးလောင်မှုကို အစပြု နိုင်ကြောင်း ၎င်းကပြောသည်။

ထို့ကြောင့် ဘက်ထရီကို ပုံမှန်လဲလှယ်ခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်သင့်ပြီး အရည်အသွေး နိမ့် ကားဘက်ထရီများ သုံးစွဲခြင်း ကို ရှောင်ရှားသင့်ကြောင်း ၎င်းက အကြံပြုသည်။ ထို့အပြင် ဘက် ထရီငုတ်များကို ရော်ဘာအစွပ် များဖြင့် ဖုံးအုပ်ထားပေးခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ် သည်။

ဝိုင်ယာကြိုးနှင့် အရည်အသွေးနိမ့် စက်သုံးဆီများမှ လောင်ကျွမ်းခြင်း

ကားတစ်စီးလုံး၏ မီးလောင်မှုသည် အင်ဂျင်ခန်းအတွင်းမှလည်း ဖြစ်နိုင်သကဲ့သို့ ကားကို အလှဆင်ရာတွင် အသုံးပြုသည့် မီးကြိုးများ၊ ဝိုင်ယာကြိုးများမှလည်း ဖြစ်လေ့ရှိသည်။ အထူးသဖြင့် ညဘက်အလှမောင်းရန် ပြိုင်ကားအချို့ မီးဆင်ရာတွင် အင်ဂျင်ခန်းမှ ဝိုင်ယာကြိုးများဖြင့် မရှုပ်ထွေးရန် လိုအပ်ကြောင်း မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်း ရေး လုပ်ဆောင်သူများက အကြံ ပြုသည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီ ရောင်းချသည့် ဆိုင်အချို့၏ အရည်အသွေးကိုလည်း မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်သူများကဝေဖန်ကြသည်။ သို့သော် ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်များက ငွေသုံးစွဲမှု လျှော့ချလို၍ အရည်အသွေးနိမ့် ဆီထည့်ခြင်းများလည်းရှိသည်။ ကားအ များစုသည် အရည်အသွေးနိမ့်ဆီများ ထည့်သောကြောင့် ကား၏ အင်ဂျင်ပိုင်းကို ထိခိုက်စေပြီး ပ လတ်များ မကြာခဏ လဲနေရကြောင်း ယာဉ်မောင်းအများစုက ပြောသည်။

အရည်အသွေးနိမ့် စက်သုံးဆီများထည့်ရာမှ ကား၏ပလတ်ပျက်စီးကာ အင်ဂျင်ကို အပူလွန်ကဲစေရာမှ ကားမီးလောင်မှုများ ဖြစ်တတ်ကြောင်း ၎င်းတို့ကပြောသည်။

ထို့ကြောင့် ကားပုံမှန်စစ် ဆေးခြင်း၊ သတိထားခြင်းတို့ဖြင့် ကားမီးလောင်မှုများကို ကာကွယ်ရမည်ဖြစ်သည်။



7Day News Journal

No comments:

Post a Comment