Latest News

Monday, March 13, 2017

တိုက်ကြီးမှာငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိသူ ၂၆ဦးတိုးလာ

တိုက်ကြီးမှာငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိသူ ၂၆ဦးတိုးလာ


မတ် ၁၄ ရန်ကုန်

တိုက်ကြီးမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် အဆောက်အဦးများပျက်စီး ပြိုကျပြီး လူ၂၆ ဦးထပ်မံဒဏ်ရာရရှိတယ်လို့ BG သွေးပေးလှူရေးအသင်းမှ သိရပါတယ်။

မနေ့ည မြန်မာစံတော်ချိန် ကိုးနာရီလေးဆယ့်ငါးမိနစ် အချိန်ခန့်မှာ တိုက်ကြီးမြို့နယ် အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ၅.၈ ရစ်ခ်တာစကေးအဆင့်ရှိ အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ပါတယ်။

ငလျင်ဟာ တစ်ညအတွင်းမှာပဲ အကြိမ် ၂၀ ထက်မနည်း လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီမှ သိရပါတယ်။ ငလျင်လူပ်ခတ်မှုကြောင့် တိုက်ကြီးမြို့နယ်အတွင်းရှိ အဆောက်အဦးများ၊ ဘုန်းကြီးကျောင်း အဆောက်အဦးများ၊ ကျေးရွာနေအိမ်များ ပြိုကျပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။
“မနေ့ညတစ်နာရီကျော်လောက်က သုံးယောက်ထပ်ရောက်လာတယ် ခုမနက်အခြေအနေကတော့ မိန်းကလေး ၁၇ ယောက်၊ ယောင်္ကျားလေး ၆ ယောက်၊ကလေး ၃ ယောက် ပေါင်း ၂၆ ယောက် ဆေးရုံထပ်ရောက်လာတယ် ”လို့ BG သွေးလှူပေးရေးအဖွဲ့မှ တာဝန်ခံ ကိုအေးချမ်းက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေမှာ မူးမေ့၊ ထိပ်ပေါက်ခေါင်းပြဲ၊ ထိခိုက်ပွန်းရှ၊စတဲ့ ဒဏ်ရာများဖြစ်ပြီး စုစုပေါင်း ၅၂ ယောက်ရှိပြီ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ ထိခိုက်ဒဏ်ရာရရှိသူများကို တိုက်ကြီးမြို့နယ် ဆေးရုံမှာ တင်ပို့ကုသလျက်ရှိတယ်လို့ သိရပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးပြိုကျတဲ့ အဆောက်အဦးစာရင်းကိုတော့ လိုက်လံစစ်ဆေးနေဆဲ လို့သိရပါတယ်။

ဝင်းနန္ဒာ
Kumudra


No comments:

Post a Comment