Latest News

Sunday, March 12, 2017

အချစ်နှင့် လေးစားမှု

အချစ်နှင့် လေးစားမ


လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် သမ္မတဟောင်း အိုဘားမားတို့ကို အမျိုးသားအ များစုက နိုင်ငံရေးနှင့် တိုင်းပြည် အုပ်ချုပ်ပုံကိုသာ နှိုင်းယှဉ်ကြ သည်။ အမျိုးသမီးများက သည့် ထက်တစ်ဆင့်ပို၏။ သမ္မတတစ် ဦး၏ နိုင်ငံရေး၊ အုပ်ချုပ်ရေးသာ မက သူတို့တွေသည် ဇနီးဖြစ်သူ သမ္မတကတော်ကို မည်မျှနေရာ ပေးသလဲ၊ ဘယ်လိုဆက်ဆံ သလဲ။ တခြားအမျိုးသမီးများကို မည်သို့ ဆက်ဆံလဲဆိုတာတွေကို ပါ စောင့်ကြည့်အကဲခတ်နေကြ သည်။

လက်ရှိ လောလောဆယ်မှာ သမ္မတဟောင်းအိုဘားမားက ဇနီးဖြစ်သူ မီရှဲလ်အိုဘားမားအပေါ် အရေးထားဂရုစိုက်မှုများကြောင့် အမျိုးသမီးများ၏ သဘောကျ အားပေးမှုကို ခံနေရသည်။ သည် အချက်သည် အရေးမပါဟု ထင် ရသော်လည်း နိုင်ငံရေးသမားများ အတွက် အမျိုးသမီးများ၏ မဲများ ကို သိမ်းကျုံးရယူရန် အကောင်း ဆုံးဖြစ်သည်။ သမ္မတသစ် ဒေါ်နယ်ထရန့်ကတော့ သည်ပွဲမှာ အစကတည်းက တာထွက် မကောင်းလှချေ။

သမ္မတသစ်အဖြစ် သူကျမ်း သစ္စာကျိန်ဆိုပြီး အိမ်ဖြူတော်သို့ ရောက်လာသည့်အခါ အိုဘားမား တို့ စုံတွဲက ကြိုဆိုသည်ကို သူတို့ က နှုတ်ဆက်ရသည်။ သည်အခါ မှာ ဒေါ်နယ်ထရန့်သည် ကြိုဆို သည့်စင်ပေါ်သို့ သူ့ဘာသာသူခပ် သုတ်သုတ်တက်လာခဲ့၏။ နောက်ဘက်မှာ မီရှဲလ်အိုဘားမားကိုပေး မည့် လက်ဆောင်ထုပ်ကိုသယ်ပြီး ဒေါက်ဖိနပ်စီးလာသော သူ၏ သမ္မတကတော် မီလာနီယာထရန့် ကို လှည့်ပင်မကြည့်ချေ။ ထိုအခါလက်ဆောင်ထုပ်ကို သယ်၊ လှေကားထစ်များကို ဒေါက်မြင့်ဖိနပ် နှင့် ခပ်ဖြည်းဖြည်းတက်လာရ သော မီလာနီယာကို အိုဘားမားက လက်ပေးပြီး တွဲခေါ်လိုက်ရ သည်။ သမ္မတနှစ်ဦးတပ်ဖွဲ့၏ အလေးပြုခြင်းခံယူရာမှာလည်း အိုဘားမားက ဇနီးဖြစ်သူ မီရှဲလ်ကို ကိုယ်တိုင်တလေးတစားတွဲ ခေါ်ပြီး စင်ပေါ်မှ နေရာယူ၏။ ထရန့်က သည်အချက်ကို သတိ မရသည့်အတွက် မီလာနီယာကို ဂုဏ်ပြုတပ်ဖွဲ့ဝင်တစ်ဦးက တွဲခေါ်နေရာပေးရ၏။

သည်အခိုက်အတန့်သည် မိနစ်အနည်းငယ်သာဖြစ်၏။ သို့ သော်လည်း ကမ္ဘာကျော်သွား သည်။ ဝေဖန်မှုများ ညံ့ခဲ့သည်။ သည်သတင်းကို ကြည့်ရှုသူများ အထူးသဖြင့် အမျိုးသမီးများ၏ နှလုံးသားကို အိုဘားမားက ရယူ သွား၏။ ဒေါ်နယ်ထရန့်ကို တညီတညွတ်တည်း စိတ်ထဲချဉ်သွား ကြသည်။

‘‘ကျွန်မ အိုဘားမားကို သဘောကျတယ်။ သူ့မိန်းမ မီရှဲလ်အပေါ် တခုတ်တရအလေးထား တာလေးတွေကို မြင်ရတာ သိပ် ကြည်နူးစရာကောင်းတာပဲ။ သူ တို့ပုံလေးတွေ၊ ဗီဒီယိုလေးတွေ မှာ လက်ကလေးတွေ ဆုပ်ထား တာ၊ ကြင်နာကြတာတွေ မြင်ရ တာ၊ ဒါတွေက ဟန်ဆောင်တာ မဟုတ် တကယ်ဆိုတာ သူ့မိန်းမ ကိုကြည့်ရင် သိသာတယ်။ မီရှဲလ် အိုဘားမားက သိပ်ကံကောင်းတာ ပဲနော်’’ဟု အိုဘားမားနှင့် မီရှဲလ် အိုဘားမားအကြောင်းများကို သူ ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အမြဲတင်လေ့ရှိသော အသက် (၂၈)နှစ်အရွယ် မမီးငယ်က ပြောသည်။ သည်လိုဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်တာက မိန်းမကို အလေးမထား တတ်သော သူ့ယောက်ျားများ မြင်မလားဟု တင်ခြင်းလည်း ဖြစ် သည်ဟု သူက ဝန်ခံ၏။

အချစ်နှင့် လေးစားမှုဟူ သော ရောင်းအကောင်းဆုံးစာ အုပ်ကို ရေးသားခဲ့သည့် စာရေး ဆရာ အန်မာဆွန်အက်ဂါရစ်ခ်ျ က အမျိုးသမီးများက အချစ်ကို လိုပြီး အမျိုးသားများက လေးစား မှုကို လိုအပ်သည်။ ထိုအချက် သည် ရိုးမလိုလိုနှင့် ရှုပ်ထွေးကျယ်ပြန့်သည်ဟု ဆိုသည်။

ရှေးယခင်ကမူ အမျိုးသမီး များက အမျိုးသားများအပေါ် ဘဝအတွက်၊ ငွေကြေးအတွက်၊ လုံခြုံ မှုအတွက်၊ အချစ်အတွက် အား ကိုးမှီခိုခဲ့သည်။ ယခုခေတ်မှာ အမျိုးသမီးများက ကျန်သောအ ချက်များအတွက် အမျိုးသားများ ကို မလိုအပ်ကြတော့ပါ။ သို့သော် ခေတ်တွေ ဘယ်လိုပြောင်းပြောင်း အမျိုးသမီးများသည် ချစ်ခြင်း မေတ္တာကို လိုအပ်ဆဲဖြစ်သည်ဟု အဆိုပါစာအုပ်မှာ စာရေးဆရာ က ရေးသားထားသည်။

‘‘ကလေးဆန်တာပဲပြော ပြော ကျွန်မကတော့ ဆိုင်ထိုင်တဲ့ အခါ ချစ်သူက ခုံလေးဆွဲပေးတာ တို့၊ ကော်ဖီခွက်လေးငှဲ့ပေးတာ များ ကြုံလိုက်ရရင် သိပ်ကြည်နူး တာပဲ။ တခြားသူတွေတော့ မသိဘူး။ ကျွန်မအတွက်တော့ ဒါလေး တွေက အရေးကြီးတယ်။ အဲဒီလို မျိုး သူလုပ်ပေးတိုင်း သူ့ကို ပိုချစ် လာတယ်’’ဟု အသက် (၂၇)နှစ် အရွယ် မသက်စုက ပြောသည်။

သူနှင့် ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ချစ်သူနှင့် ဇနီးသည်ကို အရေး မထားသော၊ အနိုင်ကျင့်တတ် သော အမျိုးသားများကိုလည်း မနှစ်လိုဟုဆိုသည်။ သည်လိုအမူ အရာများသည် လူကြီးလူကောင်း မပီသဟု မသက်စုက ယုံကြည် ၏။

‘‘ဒါတွေက အပေါ်ယံလို့ဆို ပေမယ့် မိန်းမသားတွေအပေါ် ထားတဲ့ သူတို့ရဲ့စိတ်ကို တစ်စွန်း တစ်စမြင်ရတယ်။ ကိုယ့်ချစ်သူဇနီးမယားကိုတောင် သနားကြင်နာခြင်းမရှိရင် တခြားသူအပေါ်မှာ ဆို ပိုဆိုးမှာပေါ့။ ဥပမာ ကိုယ်က တော့ သူငယ်ချင်းတွေနဲ့ ဘီယာ ဆိုင်ထိုင်ပြီး ဟီးဟီးဟားဟားလုပ် နေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး က ချက်ပြုတ်ထားတဲ့ ထမင်းကို အခံ့သား ထိုင်စားတဲ့ လူမျိုးတွေ ပေါ့’’

ချစ်သူဇနီးကို အရေးပေး အ လေးထားရသည်ကို သဘောကျ သော အမျိုးသားများရှိသကဲ့သို့ မလိုအပ်ဘူးဟု ထင်သူများလည်း ရှိ၏။ အထူးသဖြင့် အာရှတိုက်ကဲ့ သို့ နှစ်ပေါင်းများစွာ ယောက်ျား များကိုသာ အရေးပေး ရှေ့တန်း တင်သော လူမှုအသိုင်းအဝန်းမှာ ဖြစ်သည်။ ယောက်ျားသာလျှင် အိမ်ဦးသခင်ဖြစ်သည်။ စီးပွားရှာ  မည်၊ မိသားစုကို စောင့်ရှောက် မည်၊ သည်ထက်ဘာလုပ်ပေးရန် လိုသေးလဲဟု မြေလတ်မြို့တစ်မြို့က စီးပွားရေးလုပ်ငန်းရှင် ကိုကျော်မင်းနိုင်က ပြန်လည်မေး ခွန်းထုတ်သည်။

‘‘အပျော်မရှာဘူးဗျာ။ ဒီ မိသားစုအတွက်ပဲ အလုပ်လုပ် တယ်။ မိန်းမကိုလည်း အားရင်အ ပြင်တွေ ဘာတွေလိုက်ပို့ပေးမယ်။ မအားရင်တော့ ကိုယ့်ဘာသာ သွား။ အနုအရွတွေတော့ မလုပ် ချင်ပါဘူး’’

သို့သော် ကိုကျော်မင်းနိုင်က အပြင်က အစားအသောက်ကို မစားတတ်။ အစားအသောက် အလွန်ကြေးများသည်။ ဇနီးသည် က သူ့အတွက် ချက်ပြုတ်ပြင်ဆင် ပေးသည့် အစားအသောက်ကိုပဲ အိမ်ထောင်သက် ၁၄ နှစ်စလုံး စားလာခဲ့သူဖြစ်သည်။ သည့်အတွက် ဇနီးသည်ကို တစ်ခါမှ သူကျေးဇူးတင်ချီးမွမ်းတာမျိုး မလုပ်ဖူးပါ။ အိမ်ရှင်မ တာဝန်လုပ်တာ ပဲဟု ယူဆခဲ့သည်။ သို့သော် တခြားအမျိုးသားများက သူတို့ဇနီးသည်များ၏ လက်ရာများကို ချီးကျူးပြီး ကျေးဇူးတင်ကြောင်း ပြောသည်ကို ကြုံရသည့်အခါ ပထမဆုံးအကြိမ် သူ့ဇနီးသည်အတွက် သူစိတ်မကောင်းဖြစ်ခဲ့သည် ဟု ဆိုသည်။

‘‘ဟုတ်တော့ ဟုတ်တယ်ဗျ။ ကနေ့အထိ အစားကြေးများတဲ့ ကျွန်တော့်ကို မညည်းမညူချက် ကျွေးလာတာနော်။ ကျွန်တော့်အ ပေါ် အတော်ကောင်းတဲ့ မိန်းမပါ။ကျွန်တော် ကျေးဇူးတင်စကား လေးတော့ ပြောသင့်တာပေါ့’’

မြန်မာလူမှုအသိုင်းအဝိုင်း မှာလည်း ဇနီးမယားကို ချစ်ခင်အ ရေးပေးသော၊ အမျိုးသမီးများကို ကူညီဖေးမသော အမျိုးသားတွေ အများအပြားရှိ၏။ သို့သော် သူ တို့အနေဖြင့် အိုဘားမားကဲ့သို့ ချီး ကျူးခံရမည့်အစား မိန်းမကြောက်များ၊ အမျိုးသမီးများအကြား ပျော်မွေ့လိုသူများအဖြစ် တံဆိပ်ကပ် ခံရသည်။ ဇနီးသည်ကို နှိပ်စက် အနိုင်ကျင့်တတ်သော၊ အနိုင်ယူ တတ်ကြသည့် အမျိုးသားများက သူတို့ကို မလိုလားကြချေ။ သူတို့ ကြောင့် ယောက်ျားဂုဏ်သိက္ခာ ကျဆင်းသည်ဟု ထင်တတ်ကြ သည်။

အမှန်မှာ ရုပ်ပိုင်းဆိုင်ရာမှာ မိန်းမများထက် အင်အားကြံ့ခိုင် သူ အမျိုးသားများအနေဖြင့် အမျိုးသမီးများကို ကြောက်စရာအ ကြောင်းမရှိ။ အမျိုးသမီးများကို ကြင်နာဖေးမသူများသည် မိသား စုကို တန်ဖိုးထားသူများဖြစ်သည်။ တကယ်တမ်းမှာ အမျိုးသမီးများ ကို အလေးထားဆက်ဆံသည်ဆို သည်ကလည်း မိမိ၏ ကြင်နာ တတ်သော သဘောကိုသာ ပြသ ခြင်းဖြစ်ပြီး အချိန်ကုန်ငွေကုန် သည့်ကိစ္စမျိုးလည်း မဟုတ်ပါဟု အမျိုးသမီးများ၏ နှလုံးသားကို ဆွတ်ခူးနိုင်မည့် အချက်ခုနစ်ချက် ဟူသော ဆောင်းပါးကို ရေးသား သူ စာရေးဆရာ မက်ခ်မိုင်ရှ်က ပြောကြားသည်။

သူ့နည်းလမ်းများက လွယ် ပါသည်။ ဇနီးဖြစ်သူ၏ လူပုံအ လယ်မှာ ဇနီးသည်၏ လက်ကိုတွဲ လျှောက်ပါ။ တခြားအမျိုးသမီး များရှေ့မှာ တလေးတစားဆက် ဆံပါ။ နေ့စဉ်နေကောင်းသလား၊ အဆင်ပြေသလားမေးပါ။ သူ ကြိုက်သော မုန့်ပဲသရေစာများ၊ ပန်းကလေးများ မကြာခဏဝယ် လာပေးပါ။ သူချက်သော အစား အစာများကို ချီးမွမ်းပေးပါ။ သူ ကြောင့် ဘယ်လောက်စိတ်ချမ်း သာရကြောင်း၊ ပျော်ရွှင်ရကြောင်း ပြောပေးပါ။ နှစ်ဦးသား၏ နှစ် ပတ်လည်ရက်များ၊ အမှတ်တရ ရက်များကို မမေ့ပါနှင့်။ ထိုအချက်များက အလွန်ရှင်းလင်းလွယ်ကူ လှသည်။ သို့သော် အမျိုးသမီး များနှင့် ကမ္ဘာကြီးကို ငြိမ်းချမ်းသာ ယာစေနိုင်သည်။



7Day News Journal

No comments:

Post a Comment