Latest News

Sunday, March 12, 2017

သမ္မတရာထူးမှ ဖြုတ်ချခံရတဲ့ ပတ်ဂွန်ဟေး အိမ်ပြာတော်မှ ထွက်ခွာ

သမ္မတရာထူးမှ ဖြုတ်ချခံရတဲ့ ပတ်ဂွန်ဟေး အိမ်ပြာတော်မှ ထွက်ခွာ

တောင်ကိုရီးယားသမ္မတရာထူးမှ ဖြုတ်ချခံရတဲ့ ပတ်ဂွန်ဟေး (Park Geun-hye) ဟာ ယနေ့ (မတ်လ ၁၂ ရက်) ညနေပိုင်းမှာ သမ္မတအိမ်ပြာတော်မှ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ပတ်ဂွန်ဟေးဟာ ဝန်ထမ်းတွေနဲ့ နှုတ်ဆက်ပွဲပြုလုပ်ပြီးနောက် ယနေ့ ဒေသစံတော်ချိန် ည ၇ နာရီဝန်းကျင်မှာ အိမ်ပြာတော်မှ သူမရဲ့ ကိုယ်ပိုင်နေအိမ်သို့ ထွက်ခွာသွားကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ပတ်ဂွန်ဟေးကို လွှတ်တော်မဲခွဲဆုံးဖြတ်ထားမှုအတိုင်း သမ္မတရာထူးမှ ဖြုတ်ချရန် သောကြာနေ့ (မတ်လ ၁၀ ရက်) မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ပတ်ဂွန်ဟေးဟာ ဆမ်ဆောင်းအပါအဝင် တောင်ကိုရီးယား ထိပ်တန်း စီးပွားရေးလုပ်ငန်းများထံမှ လာဘ်ငွေရယူခဲ့ကြောင်း အဂတိလိုက်စားမှု နိုင်ငံရေးအရှုပ်အထွေး ပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတရာထူးမှ ဖြုတ်ချခံရတာ ဖြစ်ပါတယ်။ သူမကို သမ္မတရာထူးမှ ဖြုတ်ချခဲ့ပြီးနောက် လက်ရှိအချိန်ထိ ပတ်ဂွန်ဟေးက မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးပါဘူး။ ပတ်ဂွန်ဟေး ရဲ့ ဆိုးလ်မြို့ လူကုံထံရပ်ကွက် ဂန်းနမ်းရှိ သူမရဲ့နေအိမ်အပြင်ဘက်မှာ သတင်းထောက်များ စောင့်ဆိုင်းနေခဲ့ကြောင်း သိရပါတယ်။ သူမရဲ့နေအိမ်ကို ရောက်ရှိလာတဲ့ ပတ်ဂွန်ဟေးကို ထောက်ခံသူတွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ပတ်ဂွန်ဟေးကို သမ္မတအဖြစ်မှ ဖြုတ်ချလိုက်ကြောင်း မတ်လ ၁၀ ရက်မှာ အခြေခံဥပဒေခုံရုံးက ကြေညာခဲ့ပြီးနောက် ၎င်းအား ကန့်ကွက်ဆန္ဒပြသူတွေက အောင်ပွဲခံခဲ့ကြပြီး ထောက်ခံသူတွေကလည်း ဆူပူခဲ့ကြရာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ စစ်ဘက်အကြီးအကဲဟောင်းရဲ့ သမီးဖြစ်သူ အသက် ၆၅ နှစ်အရွယ် ပတ်ဂွန်ဟေးဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီ ၂၅ ရက်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အဂတိလိုက်စားမှု နိုင်ငံရေးအရှုပ်အထွေးကြောင့် ယမန်နေ့မှာ သမ္မတအဖြစ်မှ ဖြုတ်ချခံခဲ့ရပြီးနောက်မှာတော့ သူမဟာ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ခံခဲ့ရပေမဲ့ သမ္မတသက်တမ်းမကုန်မီ ရာထူးမှဖြုတ်ချခံရတဲ့ ပထမဆုံး တောင်ကိုရီးယားသမ္မတအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ပတ်ဂွန်ဟေးကို သမ္မတအဖြစ်မှ ဖြုတ်ချပြီးနောက် တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲကို လာမယ့် မေလ ၉ ရက် နောက်ဆုံးထားပြီး ပြုလုပ်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ယနေ့ အစောပိုင်းမှာ ပြောကြားထားပါတယ်။ လူထုစစ်တမ်းများအရ တောင်ကိုရီးယားသမ္မတသစ်အဖြစ် လူကြိုက်အများဆုံးမှာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ မွန်ဂျေအင်းဖြစ်နေကြောင်းလည်း သိရပါတယ်။


Duwun

No comments:

Post a Comment