Latest News

Sunday, March 19, 2017

တံတား အမည်ပေးရေး အစိုးရ နှင့် မွန် လူမျိုးစု ထိပ်တိုက်တွေ့


သံလွင် မြစ်ကို ဖြတ်ကူးတဲ့ တံတားအား ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးခြင်းအား မွန်လူမျိုးစုများ က ထောင်နဲ့ ချီ ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီကိစ္စက အစိုးရနဲ့ ထိပ်တိုက် တွေ့ခဲ့ကြယုံတင်မက မိမိတို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ပါ မထေမဲ့မြင် မခန့်လေးစား လုပ်ခြင်းလို့ မြန်မာ အချို့ က ရှု့မြင်လာနေကြတဲ့ အတွက် အနည်းငယ် တော့ အန္တရာယ် ရှိတဲ့ ကိစ္စလို့ ရှု့မြင်မိပါတယ်။

မွန် လူမျိုးစုများကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်မှာ လူများစု နေရာ ရရှိထားတာမို့ တိုင်းရင်းသားများရဲ့ အစစ်အမှန် ဆန္ဒကို အလေးဂရုမပြုဖူးလို့ ယူဆလာကြတဲ့အတွက် နိုင်ငံရေး တောကြောင်တွေ အဖို့ လည်း ခြေပုန်းခုတ် သွေးထိုးဖို့ မဟာ အခွင့်အရေးကြီးတရပ် ဖြစ်လာရပါတယ်။

မွန် လူမျိုးစုများ က အင်ဒိုချိုင်းနား လူမျိုးစု မှ ဆင်းသက်လာကြသူများ ဖြစ်ပြီး ဒွာရ၀တီ ယဉ်ကျေးမှု နဲ့ သထုံဘုရင်နိုင်ငံ ထူထောင်ခဲ့ကြတာဖြစ်ပြီး အနော်ရထာမင်း မှ အေဒီ ၁၀၅၇ တွင် ကျူးကျော် သိမ်းပိုက်ခဲ့ချိန်က စပြီး မြန်မာလက်အောက် ရောက်ရှိခဲ့ရတာကို ခုချိန်ထိ မခံမရပ်နိုင် ဖြစ်နေကြဆဲ ပင် ဖြစ်ပါတယ်။

၁၂၈၇ ခုနှစ်မှာ ပုဂံထီးနန်း ပျက်သုဉ်းသွားရပြီးနောက် မွန်ဘုရင်က မုတ္တမ ကို ထီးနန်း ပြန်လည်ထူထောင်ပြီး နောက်ပိုင်းမှာ ဟံသာဝတီ သို့ ရွှေ့ပြောင်းကာ မွန်နိုင်ငံတော်လည်း သာယာ ဖွံ့ဖြိုးလာခဲ့ပါတယ်။

၁၅၃၉ မှာ တောင်ငူဘုရင် တပင်ရွှေထီး၊ ပြီးနောက် ဘုရင့်နောင် လက်အောက်ကျရောက်ခဲ့ရပါတယ်။

၁၇၄၀ မှာ ဂွေ့ရှမ်းများရဲ့ အကူအညီ နဲ့ ပုန်ကန်ထကြွခဲ့ပြီး ဗညားဒလရဲ့ လက်အောက်မှာ ၁၇ နှစ်သာ ခံခဲ့ပြီး ၁၇၅၇ မှာ ဦးအောင်ဇေယျက ၀င်ရောက် သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ထိုအချိန်က မွန်လူမျိုး ထောင်နဲ့ ချီပြီး အသတ်ခံရတယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

တကယ်တော့ ပြည်ပ နိုင်ငံ အသီးသီးတွင် ဒုက္ခသည် အဖြစ် နေထိုင်လျက် ရှိကြသော မွန် များကား ၎င်းတို့ကိုယ် ၎င်းတို့ မွန် နိုင်ငံ က ဟု အသိအမှတ် ပြုစေချင်ကြပြီး၊ မြန်မာ စကားပြောခြင်းကိုပင် အထူး ရှောင်ကျဉ်ခဲ့ကြပါတယ်။ အိမ် အသီးသီးတွင် ၎င်းတို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီး အဖြစ် ရာဇာဓိရာဇ် ကိုသာ အသိအမှတ် ပြုပြီး အိမ်တိုင်းမှာ ခမ်းခမ်းနားနား ချိတ်ဆွဲထားတာ တွေ့ရပါတယ်။

ရာဇာဓိရာဇ် က ၁၃၈၄ အသက် ၁၆ နှစ်အရွယ်မှစကာ မှ ၁၄၂၁ အထိ အောက်မြန်မာနိုင်ငံရှိ မွန်လူမျိုးစု သုံးစုကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ မုတ္တမ နဲ့ ပဲခူးဒေသကို စုရုံးပြီး ဟံသာဝတီ ပဲခူး ဘုရင်နိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့တဲ့ မွန်ဘုရင် သူရဲကောင်းတဦး ဖြစ်ပါတယ်။

ဒီအတွက် ၎င်းတို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီး အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို လက်သင့်မခံနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သူတို့အတွက် အမျိုးသား ခေါင်းဆောင်ကြီးကတော့ ရာဇာဓိရာဇ် ပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်မှုအဖြစ် သုံးသပ်ရင် ပြဿနာရဲ့ ဇစ်မြစ်မှ လမ်းချော်သွားနိုင်ပါတယ်။

မွန် ပြည်နယ်တွင် နေထိုင်လျက် ရှိသော်ငြားလည်း ဒီလို ယဉ်ကျေးမှု တွေ ခံယူချက်တွေ ကွဲပြားခြားနားနေတဲ့ အဖြစ်ကို ကောင်းစွာ နားလည် သဘောပေါက်ခြင်း မရှိနိုင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေး သမားများကိုသာ အပြစ်ဖို့ရတော့မှာ ဖြစ်ပါတယ်။

အခု ဖြစ်ရပ်ကား မွန်လူမျိုးများအဖို့ ၎င်းတို့ရဲ့ ခံစားချက်ကို ပြောင်ပြောင်ကြီး ဥပက္ခာ ပြုခံရတယ်လို့ ယူဆစရာ ဖြစ်လာရတဲ့ အတွက် ပြန်လည် စဉ်းစား သုံးသပ်သင့်ပါတယ်။

ဒီမိုကရေစီ ဆိုတာကလည်း အများ ဆန္ဒကို ဦးစားပေး ရမယ့် သဘောရှိပြီး အကောင်းဆုံးကတော့ ပြည်နယ်အတွင်း လူထု ဆန္ဒခံယူပွဲ ကျင်းပ ပေးနိုင်ရင် အစိုးရ အဖို့ ထွက်ပေါက် ပွင့်သွားနိုင်ပါတယ်။

ဒါကလည်း ကျွန်တော့် အမြင်သက်သက် သာ ဖြစ်ပါတယ်။

HSW
BrainWave ဉာဏ်လှိုင်း


No comments:

Post a Comment