Latest News

Wednesday, March 8, 2017

သတင်းထောက်ချုပ် ကိုဆွေဝင်း၏ ရှင်းလင်းချက်

သတင်းထောက်ချုပ် ကိုဆွေဝင်း၏ ရှင်းလင်းချက်

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝီရသူ ၏ တပည့် ဦးကျော်မျိုးရွှေ ဆိုသူက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းတွင် မတ်လ ၇ ရက်နေ့က အမှုဖွင့် ထားတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။

ကိုဆွေဝင်း အသုံးပြုတဲ့ Ba Kaung အမည်ရှိ လူမှု ကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှာ သူ့ကို ဖမ်းဆီးသွားရင် မေးမြန်းခွင့် မရလိုက်မှာ စိုးရိမ်တဲ့အတွက် သူရှင်းပြချင်တဲ့ အကြောင်း အရာတွေကို ကိုယ်တိုင်မေး၊ ဖြေ လုပ်ထားပြီး “ကျနော့်ကို ဖမ်းသွားရင် ဗျူးမရကြမှာစိုးလို့ ကိုယ့်ဟာကိုယ်ဗျူးပြီး ကိုယ့်ဟာကိုဖြေထားတယ်” လို့ ရေးသားထားချက်တွေကို ပြန်လည် ဖော်ပြ လိုက်ပါတယ်။

မေး။ ။ ကိုဆွေဝင်းက ဆရာတော်ဦးဝီရသူကို ပါရာဇိက ကျသွားပြီလို့ Ba Kaung နာမည်နဲ့ ဖေ့စ်ဘုတ် ပေါ်မှာ ရေးတယ်ဆိုတာ ဟုတ်လား။

ဖြေ။ ။ ဦးကိုနီကို သတ်ဖြတ်သူတွေကို ကျေးဇူးတင်တယ်ဆိုပြီး ဦးဝီရသူက ထုတ်ဖော်ရေးသား ပြောဆိုနေတာ အားလုံး အသိပါပဲ။ အာဏာပိုင် များကလည်း ဒီလို ပြည်သူတရပ်လုံး ချောက်ချား တုန်လှုပ်ခြောက်ခြားဖွယ် ရာဇဝတ်မှုကို ထောက်ခံကြောင်း ပြောနေတာ တွေကို လျစ်လျှရှု အရေးမယူတာ အားလုံးအသိပါပဲ။ ဒီလို အခြေအနေမှာ ကျနော်တို့က ဒါကို သတင်းရေးခဲ့တယ်၊ သတင်းရေးတဲ့နေရာမှာ မန္တလေးက ဆရာတော်ဦးစိန္တကို မေးမြန်းပြီး သူ့မှတ်ချက်ကို တောင်းတဲ့အခါ ဆရာတော်က ဦးဝီရသူရဲ့ ပြောဆိုချက်ဟာ ပါရာဇိကကံ မြောက်တယ်ဆိုပြီး ဖြေကြားခဲ့တယ်။

ဒီဖြေကြားချက်ကို သတင်းထဲမှာ ထည့်ခဲ့တယ်။ ပြီးတော့ ဒီသတင်းကို ကျနော့်ရဲ့ဖေ့ဘွတ်ပေါ်မှာ တင်တဲ့အခါ ဦးဝီရသူ ပါရာဇိက ကျပြီ ဖြစ်ကြောင်းသိရ ဆိုပြီး ရေးသားခဲ့တယ်။ ကျနော့်ရဲ့သတင်း ရင်းမြစ် ပြောဆိုချက်ကို ကိုးကားပြီး ဖေ့စ်ဘုတ်ပေါ် ပြန်ရေးတာကို အမှုဖွင့်တဲ့ အနေအထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းနဲ့ ပတ်သက်ပြီးကတော့ ကျနော်က ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ တာဝန်ခံပါတယ်။

မေး။ ။ အာဏာပိုင်တွေကရော လာရောက် အကြောင်းကြားပြီလား။

ဖြေ။ ။ မတ်လ ၈ ရက် မနက် စောစောထိတော့ တရားဝင် ဘာမှ အကြောင်းကြားတာမရှိဘူး။ ကျနော်တို့ကတော့ မြတ်စွာဘုရားရဲ့ သင်္ကန်းရေခြုံပြီး ဒုစရိုက်မှု ကျူးလွန်နေသူ၊ ရာဇဝတ်မှုကို အားပေး အားမြှောက်ပေးနေတဲ့သူတွေကို ဘာမှ တောင်းပန်စရာ၊ ညှိနှိုင်းစရာမရှိဘူး။ ရဲက လာခေါ်လို့ကတော့ လိုက်သွားဖို့ အသင့်ပဲ။

မေး။ ။ အခု တိုင်တန်းချက်ကို ရဲတပ်ဖွဲ့က အမှု လက်ခံဖွင့်ပေးလိုက်ပြီလို့ သိရတယ်။ အင်တာနက်ပေါ်မှာဆိုရင် ဦးဝီရသူကို ဆဲဆို ဆန့်ကျင် နေတဲ့သူတွေအများကြီးပဲ၊ ခင်ဗျားကိုကျမှ ရွေးပြီးတိုင်တန်းတာကို ရဲတပ်ဖွဲ့က လက်ခံလိုက်တဲ့ အခြေအနေကိုရော ဘယ်လိုသဘောရလဲ။

ဖြေ။ ။ အားလုံးသိတဲ့အတိုင်းပဲ။ သတင်းစာရှင်းလင်းပွဲမှာ လင်းဇော်ထွန်း၊ ဇေယျာဖြိုး တို့ဟာ မဘသ ဥက္ကဋ္ဌ ဆရာတော်ကို သွားရောက် တွေ့ဆုံတာတွေ ရှိခဲ့တယ်။ ဒီအခြေအနေပေါ်မှာ ဆရာ၊ ဒကာဆိုတဲ့ ဆက်ဆံရေး အကြောင်းခံပြီး မဘသက ဦးကိုနီ အမှုကိစ္စမှာ ဒီလူတွေအပေါ် တစုံတရာ လွှမ်းမိုးမှု ရှိသလား ဆိုတာကို မေးမြန်းခဲ့တယ်။ ဒါကို မဘသတွေက မကျေနပ်ကြဘူး။ တဖက်မှာလည်း ဦးကိုနီ အမှုကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံ၊ သတင်းထုတ်ပြန်ပုံကို ကျနော့်ဘက်က ဝေဖန်မှုတွေ ရှိတယ် ဆိုတော့ ဒီအခြေအနေတွေ ပေါင်းစုပြီး ကျနော့်ကို အမှုဖွင့်ဖို့ အကြောင်းဖန် လာတယ်လို့ ယူဆပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ရာဇဝတ်မှု တခုကို ပြောင်ပြောင်တင်းတင်း ထောက်ခံနေသူတွေကို ဥပဒေကြောင်းအရ အရေးမယူဘဲ မဆီမဆိုင် ကျနော့်ကို လာပြီး အရေးယူမယ်ဆိုရင်တော့ ဒီတိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လာရင် အာဏာပိုင်တွေရဲ့ နည်းလမ်းမကျတဲ့ မူဝါဒတွေ ဘယ်လောက် အတိုင်းအတာထိ ဆက်ဖြစ်နေသလဲဆိုတာ ပေါ်လွင်မှာ ဖြစ်ပါတယ်။

မေး။ ။ ကိုဆွေဝင်းကို ဦးကိုနီကိစ္စနဲ့ ပတ်သက်ပြီး ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆဲဆိုခြိမ်းခြောက် တာတွေရှိတယ်။ ဒါတွေကိုရော ကိုဆွေဝင်းက အာဏာပိုင်တွေ အကြောင်းကြားတာ ရှိလား။ ကုလား သတင်းထောက် ဘာညာဆိုပြီး ဆဲဆိုနေကြတာ။

ဖြေ။ ။ အာဏာပိုင်တွေလည်း အားလုံးသိနေ၊ ကြားနေတာပဲ။ ဥပဒေ စိုးမိုးရေးအတွက် ပါးစပ်ကသာ ပြောပြီး လက်တွေ့ မလုပ်တဲ့ ဒီလူတွေကို ကျနော့်အနေနဲ့ ဘာမှ အကြောင်းကြား အကူအညီတောင်းစရာမရှိပါဘူး။ ကုလားသတင်းထောက် ဘာညာကတော့ ကျနော် ဂရုမစိုက်ပါဘူး။ ရခိုင်ပြည်နယ်အရေး၊ မိတ္ထီလာ အရေးအခင်းတွေ ကျနော် သတင်းရေးတုန်းက ကျနော့်ကို ကို ကုလား သတင်းထောက် ဆိုပြီးစွပ်စွဲတာတွေ ကြုံခဲ့ရတယ်။ အင်းဝ အပ်ချုပ်ဆိုင် ကိစ္စရေးတော့ ဆိုင်ရှင်တွေက အစ္စလမ် ဘာသာဝင်မို့လို့ အစွန်းရောက် ရခိုင် ဘာညာဆိုပြီး အချို့က ဆဲဆိုတာ ခံခဲ့ရတယ်။

အခု ဦးကိုနီ ကိစ္စလည်း ကျနော့်ကို ကုလားသတင်းထောက် ဆိုပြီး ထပ်ဆဲကြတယ်။ ဆဲချင်ဆဲကြပေါ့ဗျာ။ ကျနော်တို့ကတော့ ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို လူမျိုးစွဲ၊ ဘာသာစွဲ၊ နယ်နိမိတ်စွဲမရှိဘဲ အမှန်ကို အမှန်အတိုင်းရေးဖို့က ကျနော်တို့ တာဝန်ပဲ။ ကျနော်တို့ သတိထားတာက ကိုယ်ရေးတာက မှန်ကန်တိကျဖို့၊ ဓမ္မနည်းလမ်းကျဖို့၊ လောကလူသား အချင်းချင်းထားရမယ့် လောကပါလ တရားတွေကို အထောက်အကူပြုဖို့၊ လူကိုလူလို မြင်ပြီး လူကို လူလိုစာနာဖို့ပဲ။

မေး။ ။ တခြားဘာများ ဖြည့်စွက်ပြောဆိုစရာရှိလဲ။

ဖြေ။ ။ အကယ်၍ ကျနော် အဖမ်းခံရရင် ကျန်ရစ်ခဲ့တဲ့ ဇနီး၊ သမီးငယ်နဲ့ အမေ့ကို ကျနော့်ကို နားလည်ဖို့ တောင်းပန်ချင်ပါတယ်။ အဓမ္မဝါဒီတွေကို တိုက်ဖျက်ဖို့ ကျနော်တို့ ကိုယ်တွင်းသန္တာန်မှာရော၊ ကျနော်တို့ ကျင်လည်နေတဲ့ လူ့ဘောင်မှာရော ဓမ္မဘက်ကနေ အမြဲ ထင်ထင်ရှားရှား၊ ကျယ်ကျယ်လောင်လောင် ရှိနေဖို့ လိုအပ်လို့ပါ။

လွန်ခဲ့တဲ့ ၁၈ နှစ် ကျနော် အသက် ၂၀ အရွယ်မှာ ကျနော့်ကို ထောက်လှမ်းရေးတွေ လာဖမ်းပြီး နိုင်ငံတော် အေးချမ်း သာယာစေမှုကို ပျက်ပြားစေတယ် ဆိုတဲ့ စွဲချက်နဲ့ ထောင် ၂၁ နှစ် ချခဲ့တယ်။ အဲဒီတုန်းကလည်း ကျနော် ဘယ်ကိုမှ ထွက်ပြေးခဲ့တာမဟုတ်ဘူး။ အခုလည်း ထွက်ပြေးမှာမဟုတ်ဘူး။ အဓမ္မဝါဒီတွေကို ရင်ဆိုင်ဖို့ အသင့်ပါပဲ။

Topics: ၆၆ (ဃ)

ဧရာဝတီ

No comments:

Post a Comment