Latest News

Wednesday, March 8, 2017

အမှုဖွင့်ခံထားရခြင်းအပေါ် တောင်းပန်ရန် အစီအစဉ်မရှိဟု မြန်မာနောင်းသတင်းထောက်ချုပ် ကိုဆွေဝင်းပြော

အမှုဖွင့်ခံထားရခြင်းအပေါ် တောင်းပန်ရန် အစီအစဉ်မရှိဟု မြန်မာနောင်းသတင်းထောက်ချုပ် ကိုဆွေဝင်းပြော


ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် မြန်မာနောင်းသတင်းထောက်ချုပ် ကိုဆွေဝင်းအနေဖြင့် မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူကို တောင်းပန်သွားရန် အစီအစဉ် မရှိဟု ပြောဆိုလိုက်သည်။

"သတင်းသမားတစ်ယောက်အနေနဲ့ ကိုယ်ရေးတဲ့သတင်းမှားယွင်းရင် တာဝန်ယူမယ်။ လက်လွတ်စပယ်လာပြီးတော့ တောင်းပန်ရမယ်ဆိုရင် ကျွန်တော်တောင်းပန်နေစရာ အကြောင်းမရှိဘူး။ ဒုစရိုက်သမားကို ကျွန်တော် တောင်းပန်စရာမရှိဘူး။ လူသတ်ဝါဒကို အားပေးနေတဲ့ ဘယ်ပုဂ္ဂိုလ်မှ တောင်းပန်စရာမရှိဘူး" ဟု ကိုဆွေဝင်းက ယနေ့ နေ့လည်က မြန်မာနောင်းရုံးခန်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကိုဆွေဝင်းအနေဖြင့် "ရွေးကောက်ပွဲပြီးတည်းက အသံတိတ်သွားတဲ့ (မဘသ) ပြန်လာပြီ"။ "၀ီရသူ ပါရာဇိက ကျပြီး ရဟန်းဘ၀ နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှ ကျတာတော့ မဟုတ်လောက်ဘူး" စသည့် စာသားများကို လူမှုကွန်ယက်တွင် ရေးသားခြင်းကြောင့် ကိုကျော်မျိုးရွှေ အမည်ရသူက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ကိုဆွေဝင်းကို မန္တလေး အမှတ် ၇ မဟာအောင်မြေ စခန်းတွင် ယမန်နေ့က အမှုဖွင့်ထားခြင်းဖြစ်သည်။

ကိုဆွေဝင်းက ဦးဝီရသူအား ရေးသားခြင်းအပေါ် ၇ ရက်အတွင်း လာရောက်တောင်းပန်ခြင်း မပြုသည့်အတွက် အဆိုပါ ကိုကျော်မျိုးရွှေ ဆိုသူကို ဦးဝီရသူက အမှုဖွင့်ခိုင်းခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားစာအရ သိရသည်။

"ဓမ္မဆိုတဲ့ဟာကို အခြေခံပြီးတော့မှ ပြောဆိုညွှန်ပြတဲ့တရားတွေ၊ ဒီတရားတွေကို ပေါက်ကရ လူမျိုးရေးဘာသာရေး လှုံဆော်တာတွေ လူသတ်သမား လှုံဆော်တာတွေနဲ့ တွဲပြီးတော့မှ အမျိုးဘာသာစောင့်ရှောက်တဲ့ပုဂ္ဂိုလ်တွေဆိုပြီးတော့ ပြောတာကို လုံးဝလက်မခံဘူး။ ရှုတ်ချတယ်၊ ကန့်ကွက်တယ်" ဟု ကိုဆွေဝင်းက ဆိုသည်။

ကိုဆွေဝင်းသည် လွန်ခဲ့သည့် ၁၈ နှစ်ခန့် စစ်အစိုးရလက်ထက်တွင် နိုင်ငံတော်အေးချမ်းသာယာစေမှု ကို ပျက်ပြားစေသည်ဆိုသည့် စွဲချက်ဖြင့် ထောင် ၂၁ နှစ် ချမှတ်ခံရဖူးသည်။



Mizzima - News in Burmese

No comments:

Post a Comment