Latest News

Wednesday, March 8, 2017

တပ်မတော်နဲ့ RCSS စစ်ရေးတင်းမာ

တပ်မတော်နဲ့ RCSS စစ်ရေးတင်းမာ

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်း တပ်ဖွဲ့တွေကို အစိုးရတပ်မတော်က မတ်လ ၇ ရက်နေ့ မနေ့ညနေပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ RCSS အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချူပ် လက်အောက်ခံ အမှတ် ၅၀၂ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၂၄၃ ခြေလျင်တပ်ရင်းက လှုပ်ရှားစစ်ကြောင်းတွေက သီပေါမြို့နယ်ထဲက RCSS တပ်ဖွဲ့တွေ အခြေချထားတဲ့ တပ်စခန်းတွေကို လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ RCSS/SSA ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။

"ဖြစ်တာကတော့ သီပေါမြို့နယ် အိုမုကျေးရွာအုပ်စု ဆိုတဲ့ အဲ့ဒီဒေသဖက်မှာပါ။ ကျနော်တို့ တပ်တွေ ရှိတဲ့နေရာကို တပ်မတော်ဖက်ကပေါ့နော် စစ်ကြောင်းတွေ ထိုးစစ်ဆင်ပြီး လာတိုက်ခြင်း ဖြစ်ပါတယ်။ နေရာ သုံးလေးနေရာမှာ သူတို့ချဉ်းကပ်ပါတယ် ဒါပေမယ့် မနေ့က တိုက်ပွဲဖြစ်တဲ့ နေရာကတော့ အိုမု ဘက်မှာဖြစ်တာပါ။ အကြောင်းပြချက်တော့ မရှိဘူး လက်နက်ကြီး စမ်းပြီးပစ် တဲ့နေရာက ထန်စမ့် ဆိုတဲ့ နေရာမှာ သူတို့ လက်နက်ကြီး စမ်းပြီး အရင်ပစ်တာ။ တပ်မတော်ကတော့ အမှန်ဆိုရင် အခြေခံဥပဒေ နဲ့ သူတို့ပြောပြောနေကြကတော့ အစိုးရရဲ့ လက်အောက်ပေါ့နော် ဒီအခုအစိုးရလက်အောက်က။ ဒါပေမယ့် အခုအချိန်မှာကတော့ တပ်မတော်က သူထင်ရာဆိုင်းလုပ်နေတယ်လို့ မြင်ရပါတယ်။ ဒီလိုမျိုး တပ်မတော်က ထင်ရာဆိုင်း လုပ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကတော့ ဘယ်အစိုးရပဲ တက်တက်ပေါ့နော် လုပ်ဆောင်ဖို့က ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့ မြင်ရပါတယ်။ "

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေး ထိုးခဲ့ပြီးနောက်ပိုင်း စာချူပ်ပါ သဘောတူညီချက်တွေအတိုင်း အဖက်ဖက်က ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို ကြိုးစားလုပ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အစိုးရတပ်မတော်က NCA လက်မှတ်ရေးထိုး ပြီးနောက် RCSS တပ်ဖွဲ့ကို အကြိမ် ၂၀ နီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ဒီကနေ့ သီပေါမြို့နယ် က RCSS တပ်ဖွဲ့တွေအခြချရာ ထန်စန့်နဲ့ ပါခါး ဒေသဖက်မှာ အစိုးရတပ်မတော်စစ်ကြောင်းနဲ့ RCSS တပ်ဖွဲ့ဝင်တွေ နှစ်ဖက်ရင်ဆိုင် ထားတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွန်ကြားရေးမှုးရုံးက ညွန်ကြားရေးမှူး ဗိုလ်ချူပ် အောင်ရဲဝင်း ထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုသူ အရာရှိက ဗိုလ်ချူပ် အောင်ရဲဝင်း ခရီးထွက်သွား၍ ဖြေဆိုလို့မရနိုင်ကြောင်းသာ ပြောဆိုပါတယ်။

Photo: Kan Thar/ RFA

( ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ နယ် အုံမုမန်လွယ်ပန်ခါးကျေးရွာမှာ လှုပ်ရှားသွားလာနေတဲ့ RCSS တပ်ဖွဲ့ဝင်တချို့ကို မတ်လ ၈ ရက်နေ့ကတွေ့ရစဉ် )

No comments:

Post a Comment