Latest News
Tuesday, March 21, 2017
ငန်းငွေ တေးနဲ့ယဉ်
ငန်းငွေ တေးနဲ့ယဉ်
         တကယ်တော့ မန်္တလေးသင်္ကြန်ဆိုတာ အကသင်္ကြန်၊အလှသင်္ကြန်၊ဂီတသင်္ကြန်၊အနုသင်္ကြန်၊အယဉ်သင်္ကြန် ဖြစ်ပါတယ်။ နေ့လယ်နေ့ခင်း ရေပက်ကြတယ်ဆိုတာ အဓိကမဟုတ်ပါဘူး။မနက်ကိုးနာရီမထိုးမချင်းလည်း ဘယ်လူမှ ရေမပက်ကြဘူး။ မနက်စောပိုင်းမှာက သင်္ကြန်တွင်းမို့ ဥပုသ်သီတင်းစောင့်ဖို့ ဘုရားကျောင်းကန်သွားကြတယ် မဟုတ်လား။ “ဥပုသ်သည်ကို ရေမပက်နဲ့ ငရဲကြီးတတ်တယ်” ဆိုတာ သင်္ကြန်ရဲ့ သံချပ်အဖြစ်သာမက စောင့်ထိန်းဖွယ်တစ်ရပ်ကို သတိပေးနေတဲ့ အသံလည်းဖြစ်တယ်။ဧပြီလရဲ့ ပူပြင်းတဲ့နေ့လယ် ခင်းမှာတော့ ရေပက်နားကြပြီး သင်္ကြန်ကားတွေဟာ မန်္တလေးတောင်၊ရန်ကင်းတောင်၊တောင်သမန်အင်းနဲ့ အိမ်ရှေ့မင်း ထန်းတော တွေမှာ နားခိုကြပါတယ်။
           ထန်းပင် ထန်းလက် ထန်းရွက်တွေအသွယ်သွယ်နဲ့ အိမ်ရှေ့မင်းထန်းတောရဲ့ ထန်းပင်ခြေရင်းက ရနံ့သင်းသင်း ထန်းလက်သစ် တွေ မိုးထားတဲ့ တဲကလေးတွေက ၀ါးကြမ်းခင်းတွေပေါ်မှာ ထန်းရည် တစ်မြူနှစ်မြူ၊ အမဲကြော်သုပ်၊ ပဲကြော်သုပ်က ပူစီနံရွက်တွေဝါးရင်း တရေးတမော အိပ်ကြတာပေါ့။ ညနေစောင်းပါမှ တစ်ကြိမ်ရေပက်ခံကြတယ်။ နေလေးစောင်းတာနဲ့ အားလုံးရေပက်ရပ်ကြပြီး၊ ညပိုင်းမှ ကကြ၊ ခုန်ကြ၊ သီကြ ဆိုကြ၊ တီးကြ မှုတ်ကြဖို့ ပြင်ဆင်ကြရပါပြီ။ ညမှာ ရေပက်သူဟာ မန်္တလေးမှာ တကယ့်အရိုင်းအရိုင်း၊ မယဉ်ကျေး မဖွယ်ရာသူ၊ သင်္ကြန်ဖျက် မသမာသူအဖြစ် ရှုတ်ချခဲ့ကြတာ တစ်ချိန်က မန်္တလေးသင်္ကြန်ရဲ့ အမှတ်အသားပါပဲ။ မြို့မအသင်း အပါအ၀င် အလှပြကားကြီးတွေက စေတနာ..တဲ့၊ တေးမြလုလင်..တဲ့၊ ရှုတိုင်းယဉ်..တဲ့၊ တေးချစ်သူ..တဲ့၊ ဇွဲလုလင်..တဲ့၊ ဒေါင်းလုလင်..တဲ့၊ သီတာ..တဲ့၊ မင်းတဲလုလင်..တဲ့၊ ချစ်ကြည်ရေးမောင်မယ်..တဲ့၊ မဏ္ဍပ်တွေကလည်း မေသစ်လွင်..တဲ့၊ ကေသီယာဉ်..တဲ့၊ ခေတ်ညွှန့်..တဲ့၊ ယမင်းသူဇာ..တဲ့၊ ချမ်းမြပျိုဖြူ..တဲ့၊ လှိုင်း..တဲ့၊ ပိတောက်ဝါ၀ါ..တဲ့၊ နန်းကေသီ..တဲ့၊ ငုရွှေဝါ..တဲ့၊ ရွှေမန်းမေ..တဲ့၊ နဂါးမယ်..တဲ့၊ နန်းရှေ့သူဇာမေ..တဲ့၊  မေချာတိတ်..တဲ့။
             ခေတ်ပြင်၊ ခေတ်သရုပ်ကို အစဉ်အဆက် ဖော်ထုတ်ခဲ့ကြတဲ့သံချပ်အသင်းတွေကလည်း ဗိုလ်သခင်ဆရာတဲ့၊ ညောင်ပင်သာက ဆိုးပေတဲ့၊ တောကမောင်ကြီးတဲ့၊ ပိတောက်ကုန်းက မျောက်ရှုံးတဲ့၊ ဒိုးဒိုးဒေါက်ဒေါက်တဲ့၊ ဒဿဂီရိတဲ့၊ မန်္တလေးသူရဲ့ မန်္တလေးသားတဲ့။ တစ်မြို့လုံးမှာ အကမဏ္ဍပ်၊ အလှပြယာဉ်၊ သံချပ်အသင်း ၁၅၀ကျော် ၂၀၀နီးပါးနှစ်တိုင်း ရှိခဲ့ပါတယ်။
            အသင်းအများစုဟာ အဲဒီအချိန်ကာလက ၈၄လမ်းမကြီးပေါ် ဟံသာဝတီသတင်းစာတိုက်ရှေ့(နောက် ရတနာပုံ သတင်းစာတိုက်ရှေ့) ဗဟိုမဏ္ဍပ်ကြီးမှာ ပြိုင်ပွဲဝင်ကြသလို၊ သက်ဆိုင်ရာနယ်မြေ မဏ္ဍပ်တွေမှာလည်း ပြိုင်ပွဲဝင်ကြပါတယ်။
                                     x x x
                                                                   (က)
            ဒီလိုမြင်ကွင်းတွေမှာ ကွဲပြားခြားနားနေတဲ့ မြင်ကွင်းတစ်ခုကတော့ မြို့မငွေငန်းအလှပြယာဉ်ပါပဲ။ ၁၉၂၇-၂၈ခုနှစ်လောက် ကတည်းက သင်္ကြန်အလှပြယာဉ်တွေ ထွက်ပြရာမှာ မြို့မက ငွေငန်းရုပ်ကို အထိမ်းအမှတ်အရုပ်အဖြစ် စတင်အသုံးပြုခဲ့တာပါ။ ဒီကတည်းက မြို့မအလှပြယာဉ်မှာ အခြားဘာအမှတ်အသားမှ မပါရှိခဲ့ပါဘူး။ ငွေငန်းရုပ်ပဲပါတယ်။ပြီးတော့ ပန်းချီဆရာကြီး ဦးဘသက်တို့၊ မြို့မငြိမ်းတို့၊ ဦးရင်လေးတို့ တီထွင်ခဲ့ပြီး ဒီကနေ့အထိသုံးစွဲနေတဲ့ မြို့မအမှတ်တံဆိပ်ပါမယ်။မြို့မအမှတ်တံဆိပ်မှာလည်း မူလသုံးစွဲခဲ့တဲ့ အ၀ိုင်းတံဆိပ်အပြင် နောက်ပိုင်း ပန်းချီဦးဘယဉ်ကလေးတို့၊ ဦးဘသိန်း(မန်္တလေး)တို့ သုံးစွဲခဲ့ကြတဲ့ လေးထောင့်တံဆိပ် လည်းရှိတယ်။ မြို့မက တေးဂီတမှာလည်း နုနုယဉ်ယဉ်၊ သီချင်းတွေမှာလည်း နုနုယဉ်ယဉ်၊ တို့ခနန်းဆိတ်ခနန်း အနုပညာကို ဖန်ဆင်းတတ်သူပေမို့ မြို့မအလှပြယာဉ်က အသုံးပြုတဲ့ အရောင်ဒီဇိုင်းတွေကလည်း နုနုယဉ်ယဉ်ပါ။ အဖြူထည်ပေါ်မှာ အပြာနုကိုပဲ ထပ်ပြီး tone ခွဲထားတဲ့ ရေလှိုင်းဒီဇိုင်းက ရေကန်ထည်ပတ်လည် အောက်ခြေမှာ ငန်းလေးတွေ မြူးတူးကူးခတ်၊ အပြာရင့်ရောင် မြို့မတံဆိပ်ဝိုင်းကြီး၊ ကားဦးမှာ ငွေငန်းရုပ်။
              ငန်းရုပ်ကလည်း အတောင်ဖြန့်ကာ ခေါင်းမော့အားယူနေတဲ့ငန်းရုပ်ကို အများဆုံးသုံးတယ်။ နောက်ထပ်တစ်မျိုးက အတောင်ကို အားကုန်ဖြန့်ပြီး လည်တံဆန့်တန်းနေတဲ့ “လိုက်ငန်း” ရုပ်လည်း သုံးတတ်တယ်။ မြို့မက ဒီငန်းနှစ်မျိုးပဲသုံးတယ်။ ကားဦးမှာ တစ်ကောင်လည်း သုံးရင်သုံးတယ်။ ကားထိပ်ဘေးတစ်ဖက်တစ်ချက် တစ်ကောင်စီ၊ နှစ်ကောင်သုံးရင် သုံးတယ်။ နှစ်ကောင်သုံးရင် ငန်းရုပ်က သေးပါတယ်။မြို့မအလှပြယာဉ် ဒီဇိုင်းဟာ ရိုးရိုးလေးနဲ့ယဉ်တယ်။စွဲတယ်။ဒီလို ပုံမှန်ဒီဇိုင်းကိုပဲ သုံးပေမယ့် တစ်နှစ်နဲ့ တစ်နှစ် အရောင်အသွေးနဲ့ ရေလှိုင်းဒီဇိုင်းနဲ့ ကားအပြင်အဆင်မထပ်စေရပါဘူး။ အဖြူခံအပြာနု၊ အဖြူခံ အစိမ်းနု၊ အပြာနုခံ မိုးပြာလွင်၊ အစိမ်းနုခံ ဖက်ဖူးစိမ်းငုဝါ၊ ရေလှိုင်းဒီဇိုင်း...။
            ဒါကြောင့် မြို့မငွေငန်းအလှပြယာဉ်ဟာ အမှတ်တံဆိပ်အမျိုးမျိုး၊ စာလုံးစာတန်းအမျိုးမျိုး၊ အပြောက်အမွှမ်း အမျိုးမျိုးနဲ့ အလှပြယာဉ်တွေကြားထဲမှာ တစ်မူထူးနေတယ်။ သင်္ကြန်ရဲ့ “သန်္တရသ” ကို အပြည့်အ၀ပေးတယ်။ မန်္တလေးသင်္ကြန် သက်တမ်း တစ်လျောက်လုံးမှာ ဘယ်သောအခါမှ ပြိုင်ပွဲဝင်တဲ့အသင်းမဟုတ်လေတော့ ယာဉ်အပြင်အဆင် သာမက သင်္ကြန်တေးသွား စာသားတွေကလည်း အများသိကြတဲ့အတိုင်း အနုပညာမြောက်ခဲ့တာပဲ မဟုတ်ပါလား။
           “လယ်ကွင်းတွေဖြတ်၊ ရိုးပြတ်တွေကျော်”
 “ပင်နယံစက်သွား အင်အားစုစည်းညီ”
 “ဦးကြီးလယ်သမား စပါးထွက်အား ပိုရမည်”
 “သန်းခေါင်စာရင်းနှစ်တို့ အားသစ်စေမည်” စတဲ့စတဲ့ ခေတ်အလိုက် ပေါ်ပေါက်ခဲ့တဲ့ ပြိုင်ပွဲဝင်သီချင်းတွေကြားထဲမှာ.....
          “မူယာကြော့ ကိုယ်ဟန်ချီ ရွှေရည်ငွေရည် မြမျက်ကျောက်ပုလဲသွင်တူညီ”
 “ယိမ်းနွဲ့တယ်၊ ယဉ်ကျေးစွာမြူးကလို့ရယ်၊ နန်းအလှမယ်တင့် မောဟန်ကြွယ်”
 “ပင်ယံဟိုဆီ ဇမေ်္ဗ်ာရည်လူးခဲ့ပြီ၊ ပွင့်ငုံဖူးတင့်ထူးဝေေ၀စီ” စတဲ့သီချင်းလေးတွေနဲ့အတူ ငြိမ့်ငြောင်းတဲ့ ဂီတအလှကို မန်္တလေးသင်္ကြန်မှာ အပြည့်အ၀ပေးနိုင်ခဲ့တဲ့ ငွေငန်းအလှပြယာဉ် မဟုတ်ပါလား။
               ဒါကြောင့် မန်္တလေးသင်္ကြန်မှာက မြို့မငွေငန်းယာဉ်မပါရင် သင်္ကြန်အရာ မမြောက်ခဲ့ဘူးဆိုတာ မန်္တလေးပရိသတ်သာမက မန်္တလေးသင်္ကြန်ကို ဆင်နွှဲဖူးတဲ့၊ မန်္တလေးသင်္ကြန်ကိုချစ်တဲ့ အားလုံးသောပရိသတ်က ညှိနှိုင်းစရာမလိုဘဲ သဘောတူခဲ့ကြတာ မဟုတ်ပါလား။
           သင်္ကြန်နားနီးရင်ပဲ ၂၅လမ်း၊ ဓားတန်းဝင်းရှေ့ ယောင်ပေယောင်ပေ လျှောက်သွားရင်း မြို့မက သင်္ကြန်သီချင်း တီးလုံးတိုက်နေ ရင် ပိုပျော်လာတယ်။ သင်္ကြန်နားနီးလို့ရက်ပိုင်းအလိုမှာ ဓားတန်းဝင်းအသင်းတိုက်ရှေ့ လော်ရီကားကြီး တစ်စင်းထိုးပြီး ငွေငန်းအလှ ပြယာဉ် ရေကန်ထည်စရိုက်နေရင် သွားကြည့်ရတာအမော။
               မြို့မအသင်းသား ပန်းချီဆရာကိုအုန်းဖေက ဒီနှစ်မြို့မအလှပြယာဉ်ကို ဘယ်လိုရေလှိုင်းဒီဇိုင်းနဲ့ အစိမ်းနုလား၊ အပြာနုလား ဆိုတာ ခန့်မှန်းရတာလည်း အမော။
               ဘာပဲပြောပြော အဲလိုမြို့ချစ်၊ တိုင်းချစ် “မြို့မ” မှာ ရုပ်ရှင်မင်းသားဝင်းဦးက ဆယ်စုနှစ် တစ်နှစ်စွန်းမှု ပါဝင်ဆင်နွှဲခဲ့လေတော့ မန်္တလေးသင်္ကြန်နဲ့ မြို့မဆိုတာ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံရဲ့ နှလုံးသားထဲထိ စွဲမြဲမှတ်မိနေပါတော့တယ်။
                   ၈၄လမ်း ချစ်ပန်းနွယ်မဏ္ဍပ်ကနေ တောင်ဖက်ကိုလာ။ နာရီစင်ရောက်တော့ အရှေ့ချိုးလာတဲ့ ငွေငန်းမြို့မအလှပြယာဉ်ကို မီးဆိုင်း မီးလုံးဝေေ၀ဆာဆာနဲ့ ၈၂လမ်း၊ဘဏ်(၁)ရှေ့ ကုန်းအမြင့်ဆီကရှေ့ပြေးကားအစင်း ၂၀လောက်၊နောက်မှာလည်း ဘေးမှာလည်း ပရိသတ်အပြည့်ကားတွေနဲ့ငွေငန်းအလှပြယာဉ်ကြီးကို လှမ်းမြင်လိုက်ရရင်ပဲ ဒီနှစ်မန်္တလေးသင်္ကြန်ဆိုတာ အတော်ပြည့်စုံသွားပါပြီ။
                                         x x x
                                                                    (ခ)
                     ၁၉၃၀၀န်းကျင်ကတည်းက မန်္တလေးသင်္ကြန်မှာ အစဉ်အလာမပျက်၊ ငွေငန်းအလှပြယာဉ်ကြီးနဲ့ ရသမြောက်သင်္ကြန် သီချင်းတွေ တစ်နှစ်၁၀ပုဒ်ဝန်းကျင်ရေးစပ်သီဆိုတီးမှုတ်ပြီး ဆင်နွှဲခဲ့ကြတာ နှစ်စဉ်မပျက်ပါပဲ....။ ဒီသီချင်းတွေထဲကပဲ အခု မြန်မာသင်္ကြန်သီချင်းအဖြစ် တင်ကျန်ရစ်ခဲ့တာက အများစုပါ။ ထို့အတူ ဒီကနေ့အထိ သင်္ကြန်တီးလုံးသင်္ကြန်ဒိုးချက်အဖြစ် ကျန်ရစ်ခဲ့တဲ့ “ဗေပို့တူးပို့တူးပို့တူး....” ဆိုတဲ့ “တူးပို့၊တူးပို့” ဒိုးသံဟာ ၁၉၃၀ကာလ၀န်းကျင်မှာ မြို့မဒိုးဆရာသံဖြူတန်းဦးလှဒင်နဲ့ မြို့မငြိမ်းတို့စပြီး တီထွင်ခဲ့ကြတာပါ။ဒီ ဒိုးသံကလည်း ရှေးကတည်းကလှေပြိုင်ပွဲတွေမှာ လှေလှော်သားတွေကို အချက်ပေးတော့စည်တိုနဲ့ လင်ကွင်းကို တီးကြပါတယ်။ စည်တိုကို ၃ချက်တီး..၊လင်ကွင်း၂ချက်တီး.....။““တူး....တူး.... တူး.... ချပ်.....ချပ်”ဆိုတဲ သံစဉ်ကပွားယူချဲ့ထွင်တဲ့ သဘောပါ။
 ““တူး....တူး.... တူး.... ချပ်.....ချပ်”
 “ဗေပို့....တူးပို့....တူးပို့....တူး.....”
           အခုတော့ နှစ်ပေါင်း၈၀ ၀န်းကျင်ရှိခဲ့တဲ့ “တူးပို့၊တူးပို့” ဟာသင်္ကြန်ရဲ့သင်္ကေတအဖြစ် အမွေတစ်ခုရရှိခဲ့ပါပြီ။အမျိုးသားအမွေ အနှစ်လို့ပြောလို့ရပါတယ်။
              မြို့မငွေငန်းအလှပြယာဉ်က မန်္တလေးသင်္ကြန်မှာ ၁၉၃၀ ၀န်းကျင်းမှသည် နှစ်စဉ်ဆင်နွှဲခဲ့တာ ဒုတိယကမ်္ဘာစစ်ကြီးမှာပဲ ၄နှစ်လောက်နားလိမ့်မယ်။စစ်ကြီးအပြီး ၁၉၄၇ခုနှစ်မှာ မန်္တလေးသင်္ကြန်ကို အားကောင်းမောင်းသန် ပြန်လည် အသက်သွင်းတယ်။ အဲဒီနှစ်မှာ မြို့မက အခုထိသင်္ကြန်ရဲ့အမှတ်လက်္ခဏာဖြစ်နေတဲ့ “ရွှေမန်းတောင်ရိပ်ခို” သီချင်းကို စတင်သီဆိုတီးမှုတ်ခဲ့တယ်။ ခေတ်အဆက်ဆက် သတင်းစာတွေ မဂ်္ဂဇင်းတွေ၊ရှေးမီနောက်မီ စာပေအနုပညာဆိုင်ရာ ပုဂ်္ဂိုလ်ကြီးတွေ မှတ်တမ်းမှတ်ရာအရ ဒီသီချင်းကို ဆရာမြို့မငြိမ်း ရေးစပ်ခဲ့တာပါ။လွန်ခဲ့တဲ့ ၁၀နှစ် ၀န်းကျင်ကမှ ၁၉၅၀က သီချင်းသုံးပုဒ် ဆက်စပ်ပြီး ဒီသီချင်းပေါ်ပေါက်ခဲ့သလို ပြောဆိုရေးသားမှုတွေ ရှိခဲ့ပါတယ်။ဒီအချက်အလက်က မခိုင်မာပါဘူး။၁၉၄၇ခုနှစ်ကတည်းက သင်္ကြန်အတွက် မြို့မငွေငန်းအလှပြယာဉ်သီဆိုတီးမှုတ်ဖို့ ဒီသီချင်းကိုရေးစပ်ခဲ့တဲ့ မှတ်တမ်းသတင်းစာလည်း အထင်အရှားရှိပါတယ်။ ဘာပဲပြောပြော ဒီ“ရွှေမန်းတောင်ရိပ်ခို”သီချင်းကလည်း အမျိုးသားအဆင့်အမွေအနှစ်ပါ။
           တစ်နှစ်ရွှေဥတစ်လုံး အုခဲ့တဲ့ငွေငန်းလို့ ပြောရမှာပါပဲ။
 အခုတော့....
 ဒီဝန်းကျင်....၊ ဒီအသံ....၊ ဒီသင်္ကြန်တွေ ကြားမှာ ငွေငန်းက ငွေ့ငွေ့မျှသာ အသက်ရှင်နေဆဲ။
                                                                                                                      ဆူးငှက်
No comments:
Post a Comment