Latest News

Sunday, March 5, 2017

ကာယကံရှင် နှစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ကာယကံရှင် နှစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း



ကလေးဝမြို့အနီး ချင်းတွင်းမြစ်ကူးတံတား ကားကူးဇက်ဆိပ်တွင် ၂၀၁၇ ခုနှစ် မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က ကလေးခရိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်နှင့် ကလေးမြို့နေ ဦးအောင်ကျော်စိုးတို့ ဇက်ပေါ် ကားများတက်ရန် လမ်းရှင်းရာမှ အချင်းများမှု ဖြစ်ပွားခဲ့ရာ အဆိုပါ အခြေအနေနှင့်ပတ်သက်၍ ကာယကံရှင် နှစ်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြပါသည်။

“ကျောက်ခဲနဲ့ ထုဖို့ နေနေသာသာ လက်သီးနဲ့ ထိုးဖို့တောင်မှ မမီတဲ့သူကို ဘာဖြစ်လို့ ကျောက်ခဲနဲ့ လုပ်ရမှာတုံး”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်နှင့် တွေ့ဆုံခြင်း

Voice : ကလေးဝဇက်ဆိပ်မှာ ယာဉ်မောင်း အမျိုးသားတစ်ဦးနဲ့ အချင်းများပြီး ကိုယ်ထိလက်ရောက် ဖြစ်ကြတယ်လို့ ကြားတယ်။ ဘယ်ကနေ ဘယ်လို ဖြစ်တယ်ဆိုတာ သိပါရစေ။
UKKN : အစ်ကိုက ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကိုယ့်ကားကို ကူးဖို့တင်မဟုတ်ဘဲနဲ့ ကိုယ့်မြို့ကို ရောက်လာတဲ့ကားတွေ တစ်ခါတည်း ပါသွားအောင်မို့လို့ ဇက်နဲ့ညှိပြီးတော့မှ ကားတွေ အဆင်ပြေအောင် ကူးလို့ရဖို့အတွက် လုပ်ပေးနေတဲ့အချိန်မှာမှ ကားတွေ ကမ်းပါးကနေ ဆင်းလာတာ။ ဆင်းလာတဲ့အခါကျတော့ အစ်ကိုတို့ နေဦးလို့ ကားတွေ ဆင်းလာမှာ ကျွန်တော် လုပ်ပေးမယ် ခဏနေဦးဆိုပြီး ဘေးထိုးထားလိုက်ကြတာဗျ။ ဇက်ဆရာကို ကားတွေ အကုန်ပါအောင် တင်လို့ရမလားဆိုတော့ ပါတယ် အစ်ကိုဆိုတော့ ရှိတဲ့ကုန်ကားတွေရော အကုန်လုံးပါအောင် တင်ပေးပါလို့ ကျောက်ကားတွေကိုတော့ နောက်မှ တင်ပေးပါဆိုတော့ ဇက်ကလည်း အဲဒါကို ခွင့်ပြုပါတယ်။ အဲ့ဒီအချိန်မှာ သူ့ဟာနဲ့သူ ဇက်ပေါ် တက်လို့ရအောင် စီစဉ်ပေးနေတဲ့အချိန်မှာ အဲ့ဒီကားက တန်းစီထားရာကနေ ထွက်လာတာ၊ အစ်ကိုက နေဦး နေဦး ခဏနေဦးဆိုပြီး တားတာကို သူ့ကားကို အဲ့လို တားရမလား ဆိုပြီးတော့မှ တံခါး ဖွင့်ပြီး သူက ထွက်လာခဲ့တာ။ ကားတံခါးဖွင့်ပြီး ထွက်လာတဲ့သူက ကိုယ့်ခန္ဓာကိုယ်ထက် နှစ်ဆခွဲလောက် ကြီးတဲ့သူကြီး။ ကိုယ့်အရပ်ထက် တစ်ပေနီးပါးလောက် မြင့်တဲ့သူကြီး။ အဲ့ဒီလိုလူကို အစ်ကိုက ဘယ်လိုလုပ်ပြီး လှမ်းထိုးလို့ ရမှာလဲ။ သူ့ကို မြင်ပြီးတော့ အစ်ကိုက နည်းနည်းလေး စိုးရိမ်သွားတဲ့အတွက် နောက်ဆုတ်တဲ့အချိန်မှာ သူက တံခါးဖွင့်လာတဲ့အရှိန်နဲ့ အစ်ကိုတောင် လဲကျသွားလို့ ကိုယ့်ကိုတောင်မှ သူကကပ်ပြီး လုပ်သွားသေးတယ်။

Voice : ကားမဖယ်ပေးလို့ မင်း ဘာကောင်လဲ ဆိုပြီး လက်သီးနဲ့ ထိုးတယ်ဆိုပြီး ကြားရတယ်။
UKKN : အစ်ကို အခု အသက် ငါးဆယ်ကျော်နေပြီ တစ်ခါမှ ရန်လည်း မဖြစ်ဖူးဘူး။ သူများ အသားနာကျင်အောင်လည်း မလုပ်ဖူးဘူး။ ထိုးတယ် ကြိတ်တယ်ဆိုတာ မပါပါဘူး။ အဲ့ဒီမှာလေးပဲ အထင်အမြင် လွဲပြီး ဖြစ်သွားတာပါ။ သူကလည်း လှမ်းပြီး ထွက်လာတယ်။ ကျွန်တော်ကလည်း လှမ်းသွားတဲ့အချိန်မှာ ကပ်ပြီး လဲကျသွားတာ ဒါပါပဲ။ ကျွန်တော်ကလည်း နည်းနည်း ကြောက်သွားတာက ကိုယ့်ခန္ဓာကိုယ်ထက် နှစ်ဆခွဲလောက် ကြီးတဲ့သူ ဖြစ်နေတော့။ မလိုလားအပ်တဲ့ ပြဿနာတွေ ကျောက်ကားတွေနဲ့ ဆိုင်ကယ်တွေနဲ့ချိတ် နောက်ကားတွေ တစ်ခုနဲ့တစ်ခု ပိတ်နေကြလို့ အစ်ကို ရှိတုန်းမှာ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တာဝန်ရှိတယ် ဆိုပြီးတော့မှ ဆိပ်ကမ်းပေါ်မှာ အကုန်လုံး ရှင်းလင်းပေးနေတာ။ သူတို့က ကားဆရာတွေဆိုတော့ ရန်ဖြစ်တာတွေ ဘာတွေဆိုတာကိုတော့ သိပ်ပြီးတော့ ထည့်တွက်ချင်မှ ထည့်တွက်မှာပေါ့နော့။ အစ်ကို့အနေနဲ့ကတော့ ကားတွေ အဆင်ပြေပြေနဲ့ ဇက်နဲ့ တစ်ခါတည်း ပါလာအောင် ကိစ္စက လွဲလို့ အခြား ဘာမှမရှိဘူး။ ဒါပေမဲ့ အဲ့ဒီလူက နည်းနည်းလေးတော့ အစ်ကို့ရဲ့ ပြောစကားကိုတော့ လုံးဝ လက်မခံဘူးလေ။ ထိုးတဲ့ ကြိတ်တဲ့ကိစ္စ မပါပါဘူး။

Voice : ကျောက်ခဲနဲ့ထုဖို့ လုပ်သေးတယ်ဆိုတာ ရော ဟုတ်သလား။
UKKN : ကျောက်ခဲနဲ့ထုဖို့ နေနေသာသာ လက်သီးနဲ့ ထိုးဖို့တောင်မှ မမီတဲ့သူကို ဘာဖြစ်လို့ ကျောက်ခဲနဲ့ လုပ်ရမှာတုံး။

Voice : တစ်ဖက်ကနေ အမှုဖွင့်မယ်လို့ ပြောကြားမှုတွေ ရှိပါတယ်။ အမှုဖွင့်မယ် ဆိုရင်ရော ဘာ ဆက်လုပ်မလဲ။
UKKN : သူ အမှုဖွင့်မယ်ဆိုရင် သူမှားမှာပေါ့။ သူမှားတာ အကုန်လုံး သိတယ်။ အစ်ကိုက အစ်ကို့ မိတ်ဆွေတစ်ယောက်ရဲ့ ကားနဲ့ လာတာလေ။ ဘယ်သူ မှားတယ် မှန်တယ် ဆိုတာကတော့ ပတ်ဝန်းကျင် အကုန်လုံးက သိပါတယ်။ သူ့ကားပေါ်မှာလည်း သူ့မိတ်ဆွေတွေ အကုန်လုံး ပါပါတယ်။ သူက စကား ပြောတာကတော့ နည်းနည်းလေး ကြမ်းတယ်။ တံခါး ဆွဲဖွင့်လာတဲ့အခါကျတော့ ကိုယ့်ထက် နှစ်ဆလောက် ကြီးတဲ့လူ ထွက်လာတယ်ဆိုတော့ အစ်ကိုကတော့ နည်းနည်း ထိတ်လန့်သွားတယ်ပေါ့နော့။ အဲ့ဒီအချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်တော့ နည်းနည်းလေး ပြင်ဆင်ရတာပေါ့နော့ မထိခိုက်အောင်။ ကိုယ့်ထက် အရပ် တစ်ပေလောက် မြင့်တဲ့သူကို ဘယ်လိုလုပ် လက်သီးနဲ့ ထိုးလို့ရမှာတုံး။

Voice : အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစ်ကို့အနေနဲ့ ပြောချင်တာမျိုး ရှိရင် ပြောကြားပေးပါလား။
UKKN : အခုဖြစ်စဉ်မှာက အစ်ကိုက အစ်ကို့ ဒေသကို ရောက်လာတဲ့ ကားတွေ အကုန်လုံးကို စေတနာထားပြီး လုပ်ပေးလိုက်တာ။ ကိုယ့်ဒေသမှာ ရောက်လာတဲ့ ကားတွေ အဆင်ပြေပြေ ကူးနိုင်ဖို့အတွက် အဆင်ပြေပြေဖြစ်အောင် လုပ်ပေးတာပါ။ ကိုယ့်ကား ပါသွားသလို သူများကားတွေလည်း အားလုံး ပါစေချင်လို့ စေတနာနဲ အားလုံးကို ညှိနှိုင်းပေးတာကို သူက လက်မခံတာပါ။


“အင်္ကျီမှာ သူဆွဲလို့ စုတ်ပြဲထားတာတွေ ရှိတယ်။ ကျွန်တော့်ကိုလည်း သူက ကျောက်ခဲကောက်ပြီးတော့ ထုမယ်ဆိုပြီး ရွယ်သေးတယ်”

ဦးအောင်ကျော်စိုးနှင့် တွေ့ဆုံခြင်း

Voice : ဇက်ဆိပ်မှာ လွှတ်တော် အမတ်နဲ့ ဘယ်လိုလုပ်ပြီး ဖြစ်ပွားခဲ့တာလဲ။
UAKS : သူက အရာရှိလည်း မဟုတ်ဘူးဗျာ။ သူက  အရပ်ဝတ်ကြီးနဲ့။ ရဲလည်း မဟုတ်ဘူးဗျာ။ ဒီကားကို ဒီနေရာသွားပါ ဟိုကားကို ဟိုနေရာသွားပါနဲ့ သူ့ကား  လွတ်ဖို့အရေးကို သူ့ဟာသူ လမ်းလုပ်နေတာ။ ကျွန်တော်က ကားထွက်ပြီးမှ လမ်းမလွတ်လို့ နောက်ဆုတ်ပေးတာကို ကျွန်တော့်ကား အရင် ဆင်းမယ်မှတ်ပြီး သူက လာပြီးတော့ ပြောပြီးတော့ ထိုးတာ။ ကျွန်တော့် ကားထွက်မလို့ သူက ကျွန်တော့်ကို လာပြီးတော့ ကြိမ်းလား မောင်းလားလုပ်ပြီး သူ လွှတ်တော်ကိုယ်စားလှယ် ဘာကောင်လဲဆိုပြီး ကျွန်တော့်ကို လာမေးပါတယ်။ လာမေးပြီးတော့ သူက ကျွန်တော့်ကို စထိုးတာ။ ကျွန်တော့်ကိုထိုးတော့ သူ့ကို ပြန်ထိုးလိုက်ပါတယ်။ ကျွန်တော့်အင်္ကျီမှာ သူဆွဲလို့ စုတ်ပြဲထားတာတွေ ရှိတယ်။ ကျွန်တော့်ကိုလည်း သူက ကျောက်ခဲ ကောက်ပြီးတော့ ထုမယ်ဆိုပြီး ရွယ်သေးတယ်။ သူ့နေရာမို့လို့ သူ ဖင်ခေါင်း ကျယ်တာပါ။ သူက ကျွန်တော့်ကို ဟိန်းလား ဟောက်လား မာန်လိုက် မဲလိုက်နဲ့ သူ့ကိုယ်သူလည်း အထဲမှာ ကြေညာနေတယ်။ သူ့ဘာကောင်မှတ်နေလဲ သူက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဆိုပြီး။ ကျွန်တော်ပြောမယ် သူတံဆိပ် တပ်ထားလား။ ရင်ဘတ်မှာ သူတံဆိပ် တပ်ထားလား။ ယူနီဖောင်း ဝတ်လား။ ဖြစ်ပွားချိန်မှာ သူက လှေလှော်ပြိုင်ပွဲက အင်္ကျီဂျာစီဝတ်ထားတယ်ဗျာ။ သူက လူကြီး လူကောင်း စကားပြောရင် ကျွန်တော်တို့လည်း သူ့ထက် အသက်ကြီးပါတယ်။ ကျွန်တော်တို့လည်း လူကြီးလူကောင်းပါပဲ။

Voice : ဖြစ်တာက ဘယ်အချိန်လောက် ဖြစ်လဲ။
UAKS : ကလေးဝ ဇက်ဆိပ်မှာ မနက် ကိုးနာရီခွဲလောက်က ကလေးဝမြို့ဘက်ကမ်းမှာ မြစ်တစ်ဖက် ကမ်းကူးဖို့ ဇက်ပေါ်ကို ကားတင်ဖို့ လုပ်ရာမှာ ဖြစ်တာပါ။

Voice : ထိုးကြိတ်မှုဖြစ်ပွားခဲ့တာကြောင့် ဒဏ်ရာရခဲ့တာမျိုး ရှိလားဗျ။
UAKS : သူကထိုးတာတော့ မျက်နှာကို ထိုးတာပေါ့။ ကျွန်တော်က ရှောင်လိုက်တာနဲ့ နည်းနည်းလေးတော့ ရှပ်ထိသွားတာပေါ့။

Voice : ဒါနဲ့ ပတ်သက်ပြီး ဦးလေးအနေနဲ့ ဘာ ဆက်လုပ်ဖို့ ရှိလဲဗျ။
UAKS : အခုတော့ ကျွန်တော် အမှုမဖွင့်သေးဘူး။ ကျွန်တော်လည်း မန္တလေးမြို့ကို အရေးပေါ် ပြန်စရာရှိလို့ ကျွန်တော့် အမျိုးသမီးက ဗိုက်ကြီးနဲ့မို့လို ကျွန်တော် အခု သွားနေတယ်။ စခန်းကိုတော့ ကျွန်တော် မန္တလေးက ပြန်လာရင် အမှုဖွင့်မယ်လို့ ပြောထားခဲ့တယ်။ သူကျွန်တော့်ကို ဆွဲကုပ်ထားတဲ့ အင်္ကျီကို သက်သေခံ တင်မယ်။ ဆေးရုံမှာလည်း ဆေးစာတွေ ယူပြီး ဖွင့်မှာပါ။

ငြိမ်းသူမင်း

The Voice

No comments:

Post a Comment