Latest News

Friday, March 17, 2017

မန်စီးတီးနောက်တန်းကိုအကြီး ပြုပြင်သွားရန် ဂွါဒီယိုလာ ဆန္ဒရှိနေ

မန်စီးတီးနောက်တန်းကိုအကြီး ပြုပြင်သွားရန် ဂွါဒီယိုလာ ဆန္ဒရှိနေ

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်းအနေဖြင့် မိုနာကိုအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးနောက် လာမည့်နွေဈေးကွက်အတွင်း နည်းပြ ဂွါဒီယိုလာက မန်စီးတီးနောက်တန်းကို ငွေကြေးအင်အား အလုံးအရင်းဖြင့် အကြီးအကျယ် ပြင်ဆင်တော့မည်ဖြစ်သည်။ မန်စီးတီးအသင်း ခွင့်ပြုခဲ့ရသည့် သုံးဂိုးစလုံးမှာ ခံစစ်ပိုင်းအားနည်းမှုသက်သက်ကြောင့်သာဖြစ်ရာ ဂွါဒီယိုလာက မန်စီးတီးနောက်တန်းအတွက် ပေါင်သန်း ၁၅ဝ အသုံးပြုကာ ပြင်ဆင်ရန်စီစဉ်လာခြင်းဖြစ်သည်။

ဂွါဒီယိုလာက နွေဈေးကွက်အတွင်း ကစားသမားသစ် ခြောက်ဦး ခေါ်ယူရန် စီစဉ်ထားပြီး အဆိုပါခြောက်ဦးတွင် ဗဟိုခံစစ်ကစားသမားနှစ်ဦး မဖြစ်မနေ ပါဝင်မည်ဖြစ်သည်။ လောလောဆယ်ထွက်ပေါ်နေသော သတင်း များအရ ဂွါဒီယိုလာ၏ နံပါတ်(၁) ပစ်မှတ်မှာ ဘိုင်ယန်ဗဟိုခံစစ်ကစားသမား ကင်းမင့်ခ်ျဖြစ်ပြီး ပေါင်သန်း ၄ဝ အထိ အသုံးပြုသွားဖွယ်ရှိနေသည်။ ကင်းမင့်ခ်ျမှာလည်း ဘိုင်ယန်နည်းပြ အန်စလော့တီလက်အောက် နောက်ဆုံး ကစားခဲ့သည့် ငါးပွဲတွင် ၄၂ မိနစ်သာ ဝင်ရောက်ကစားခဲ့ရသည့်အတွက် ဘိုင်ယန်နှင့် အနာဂတ်သေချာမှုမရှိသည့် အနေအထားရောက်ရှိနေသူ ဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်စီးတီး ကျရှုံးမှုနောက်ဆက်တွဲအဖြစ် လက်ရှိ ကစားသမားအင်အား ၁၅ ဦးလောက်အထိ မန်စီးတီးမှ ထွက်ခွာရန် ရှိနေသည်။ မန်စီးတီးအသင်း၏ ကြယ်ပွင့်ကစားသမားများဖြစ်သော ဆက်ဂ်နာ၊ ဇာဘလက်တာ၊ ကလစ်ချီ၊ နာဗက်စ်၊ ကာဘယ်လီယိုနှင့် ယာယာတိုရေးတို့ မှာ လာမည့်နွေတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သလို ဂျိုးဟတ်၊ နာဆရီ၊ မန်ဂန်လာ၊ ဒီနာယာနှင့် ဘိုနီတို့မှာလည်း အငှားဖြင့် ထွက်ကစား နေသူများဖြစ်သည်။

အဆိုပါကစားသမားများအပြင် နိုလီတို၊ အီဟီနာချို၊ ဖာနန်ဒိုနှင့် ဖေဘီယန်ဒဲ့လ်ဖ်တို့မှာလည်း မန်စီးတီးမှ ထွက်ခွာနိုင်မည့် အလားအလာရှိနေပြီး ကွန်ပနီမှာလည်း မန်စီးတီးနှင့် အနာဂတ်ရေရာမှု မရှိသည့် အနေအထားပင်ဖြစ်သည်။ လာမည့်ရာသီ ဂွါဒီယိုလာ၏ မန်စီးတီးအသင်း ပုံစံသစ်ကို မြင်တွေ့ရဖွယ်ရှိနေသည်။ (မေလဲ့သင်း)The Mirror Daily

No comments:

Post a Comment