လေဆိပ်လုံခြုံရေးကို နိုင်ငံတကာအဆင့် မြှင့်တင်ရန် ကမ်းလှမ်းထားသည့် အမေရိကန်၊ အင်္ဂလန်၊ အစ္စရေး ကုမ္ပဏီသုံးခု၏ လုပ်ဆောင်မှုများအား နိုင်ငံတော်အဆင့်သို့ တင်ပြ၍ ရွေးချယ်မည်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုံခြုံရေးအား နိုင်ငံတကာအဆင့် မြှင့်တင်ရန် ကမ်းလှမ်းထားသည့် အမေရိကန်၊ အင်္ဂလန်၊ အစ္စရေးအခြေစိုက် ကုမ္ပဏီသုံးခု၏ လုပ်ဆောင်မှုများအား သက်ဆိုင်ရာ ၀န်ကြီးဌာနမှ တစ်ဆင့် နိုင်ငံတော် အဆင့်အထိ တင်ပြ၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
လက်ရှိတွင် အဆိုပါကုမ္ပဏီများ၏ တင်ပြပုံ၊ တင်ပြချက်များကို လေ့လာစောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။
“အခုလောလောဆယ် နိုင်ငံခြားကနေပြီးတော့ ကုမ္ပဏီတွေလာပြီး ဆက်သွယ်တယ်လေ။ ဆက်သွယ်ပြီးတော့ လေဆိပ်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှု လုပ်ချင်တယ်။ ကန်ထရိုက်လုပ်ချင်တယ် လာဆက်သွယ်တယ်။ အဲဒါကို ၀န်ကြီးဌာနကို တင်ပြတယ်။ ၀န်ကြီးဌာနက ခွင့်ပြုချက်အတိုင်း အခုအဲဒါကို ကန်ထရိုက်ပေးဖို့ကိစ္စ ပရောဂျက် စလုပ်နေတာပေါ့။ ကုမ္ပဏီကတော့ အမေရိကန် ကုမ္ပဏီပါတယ်။ အင်္ဂလန်က ကုမ္ပဏီက တစ်ခု၊ အစ္စရေးက ကုမ္ပဏီတစ်ခုပါတယ်။ သုံးခုပေါ့” ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။
ဦးကိုနီ လုပ်ကြံခံရပြီးနောက် လက်ရှိတွင်လည်း လေဆိပ် Terminal အတွင်းနှင့် လေဆိပ်ဝန်းကျင်တွင် လုံခြုံရေးများ လုပ်ဆောင်နေကြောင်း သိရသည်။
“အခုလုပ်မယ့်စနစ်က ဒီလေဆိပ်၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတွေမှာ အခု လုံခြုံရေး လုပ်နေတဲ့ဟာတွေ ရှိတယ်။ အဲဒီလုံခြုံရေး လုပ်နေတဲ့ကိစ္စတွေကို အဓိကကတော့ လေဆိပ်အဆောက်အအုံ အတွင်းပေါ့။ အဲဒီမှာလုပ်တဲ့ဟာကို နိုင်ငံတကာ အဆင့်မီအောင်လို့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေ တခြားအပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ လုံခြုံရေးစီမံခန့်ခွဲမှု လုပ်နေတဲ့ ကုမ္ပဏီကြီးတွေက လာကမ်းလှမ်းတာ။ သူတို့လုပ်ချင်တယ်။ လုပ်ချင်တော့ ဒီကလူတွေကိုပဲ သင်တန်းတွေပေးမှာပေါ့။ သူတို့ကတော့ အပေါ်က စီမံခန့်ခွဲမယ်။ စက်ပစ္စည်းတွေလည်း လိုအပ်လို့ရှိရင် ထပ်ထည့်မယ်။ လဲစရာရှိလည်း လဲမယ်။ ဒါမျိုးပေါ့။ အဲဒီအတွက်ကို တို့က သူတို့ဘာလုပ်နိုင်လဲ၊ ဘာလုပ်မှာလဲ လက်ခံတွေ့ဆုံမယ်။ သူတို့တင်ပြပုံ တင်ပြချက်ကို ကြည့်မယ်။ ပြီးရင်ဝန်ကြီးရုံး တင်ပြမယ်။ တင်ပြပြီးရင် ၀န်ကြီးရုံးကနေတစ်ဆင့် နိုင်ငံတော် အဆင့်အထိ တင်ပြမယ်။ တင်ပြပြီးတော့မှ ဘယ်ကုမ္ပဏီကိုရွေးမယ် ဆိုတာကို ဆုံးဖြတ်မယ်။ အခုကတော့ ကုမ္ပဏီကို မရွေးချယ်ရသေးပါဘူး။ စိစစ်ရွေးချယ်တဲ့ အဆင့်ထိတောင် မရောက်သေးဘူး။ သူတို့ တင်ပြပုံ၊ တင်ပြချက်တွေ လာလုပ်တာကို ကြည့်တယ်။ ပြီးရင်ဝန်ကြီးရုံးကို တင်ပြတုန်းပဲ ရှိသေးတယ်” ဟု ဦးရဲထွဋ်အောင်က ဆက်လက် ပြောကြားသည်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၉ ရက် ညနေ ၄ နာရီ ၅၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ရှေ့တွင် NLD ပါတီ၏ ဥပဒေအထောက်အကူပြု အဖွဲ့ဝင် (ဗဟို) ဦးကိုနီ လုပ်ကြံခံရပြီးနောက် ရန်ကုန်လေဆိပ်၏ လုံခြုံရေး အားနည်းကြောင်းကို ပြည်သူများက ဝေဖန်မှုများရှိခဲ့သည်။
နေမျိုးဝင်း
Eleven Media Group
Friday, March 3, 2017
လေဆိပ်လုံခြုံရေးကို နိုင်ငံတကာအဆင့် မြှင့်တင်ရန် ကမ်းလှမ်းထားသည့် အမေရိကန်၊ အင်္ဂလန်၊ အစ္စရေး ကုမ္ပဏီသုံးခု၏ လုပ်ဆောင်မှုများအား နိုင်ငံတော်အဆင့်သို့ တင်ပြ၍ ရွေးချယ်မည်
လေဆိပ်လုံခြုံရေးကို နိုင်ငံတကာအဆင့် မြှင့်တင်ရန် ကမ်းလှမ်းထားသည့် အမေရိကန်၊ အင်္ဂလန်၊ အစ္စရေး ကုမ္ပဏီသုံးခု၏ လုပ်ဆောင်မှုများအား နိုင်ငံတော်အဆင့်သို့ တင်ပြ၍ ရွေးချယ်မည်
Reviewed by Ar Ti
on
7:52 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment