Latest News

Sunday, March 5, 2017

ဖျက်သိမ်းလိုက်တဲ့ ရွာမှာ ပြန်လည်နေထိုင်ခွင့်ပေးဖို့ မူလနေထိုင်ခဲ့သူတွေ တောင်းဆို

ဖျက်သိမ်းလိုက်တဲ့ ရွာမှာ ပြန်လည်နေထိုင်ခွင့်ပေးဖို့ မူလနေထိုင်ခဲ့သူတွေ တောင်းဆို

ချင်းပြည်နယ်အစိုးရက ဖျက်သိမ်းလိုက်တဲ့ ဖလမ်းမြို့က ဘွာလ်ပီးကျေးရွာမှာ ပြန်လည်နေထိုင်ခွင့်ပေးဖို့ အဲ့ဒီကျေးရွာမှာ နေထိုင်ခဲ့သူတွေက ဒီကနေ့ ကလေးမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုကြပါတယ်။

ရေဘေးကြောင့် ပြောင်းရွှေ့လာကြသူတွေနဲ့ နေစရာအိမ်မရှိတဲ့လူတွေ ဖြစ်တာကြောင့် နေထိုင်ခွင့်ပြန်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဘွာလ်ပီးကျေးရွာမှာနေထိုင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးဟရန်းလျံကပ် က ပြောပါတယ်။

" ဒုက္ခအမျိုးမျိုးကြောင့်ပေါ့နော်။ အများစုကတော့ ရေဘေးဒုက္ခနဲ့လို့ ပြောရင် ရမှာပေါ့နော်။ စိုးရိမ်ကြတာနဲ့ နေစရာအိမ်မရှိတဲ့သူတွေ အိမ်မရှိတဲ့အတွက်ကြောင့်လည်း ဖြစ်ကြတယ်။ အဲ့ဒါ အများဆုံးကတော့ ။  အဲ့ဒီရွာကို အမြန်ဆုံး ပြန်တည်ဖို့ရယ်၊ ပြီးတော့ ကိုယ့်ရဲ့အိမ်ဝန်းလေးတွေ ပြန်ရဖို့ရယ်ပေါ့နော်။"

ဘွာလ်ပီးကျေးရွာကို ချင်းပြည်နယ် ဖလမ်း၊ မင်းတပ် ၊ ကန်ပက်လက် ၊ ပလက်ဝ အပြင် စစ်ကိုင်းတိုင်း ကလေးမြို့ ကဘော ဒေသက ရေဘေးဒုက္ခသည်တွေနဲ့ နေအိမ်မရှိသူတွေက ၂၀၁၅ ခုနှစ် မေလမှာ စတင်ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပြီး အိမ်ခြေ ၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက အများစုဟာ ကလေးမြို့က လူတွေဖြစ်ပြီး ရွာမှာ မြေတွေကို အကွက်ချ ရောင်းချနေတာတွေကြောင့် ဖျက်သိမ်းလိုက်တာလို့ ပြောပါတယ်။

"သူတို့ကလည်း ဒုက္ခသည်အမှန်ဆိုရင်တော့ တခါတည်း မြေယာတွေဘာတွေ စီစဉ်ပေးပါတယ်။ ထောက်ပံ့ကြေးလည်း ပေးပါတယ်။ သူတို့က တကယ်ဒုက္ခသည်မဟုတ်ဘဲနဲ့ စီးပွားရေးသမား အရောင်းဝယ်လုပ်တဲ့သူက မြေကွက်ရောင်းတာပါ ခင်ဗျာ။ ကလေးမြို့တွေ ဘာတွေက စီးပွားရေးသမားတွေက လာပြီးတော့ သိန်း ၃၀ အထိ ရောင်းနေပါတယ်။ အဲ့ဒီလူတွေကို သိတဲ့အခါကျတော့ ကဲ ဘယ်လိုလဲလို့ မေးတဲ့အခါကျတော့ အိန္ဒိယဘက်ကို ထွက်ပေးသွားပါတယ်ခင်ဗျာ"

ချင်းပြည်နယ်အစိုးရက ၂၀၁၅ ခုနှစ် စက်တင်ဘာမှာ အဲ့ဒီကျေးရွာကို ဖျက်သိမ်းခဲ့ပြီး ရေဘေးကြောင့် အမှန်တကယ်ဒုက္ခရောက်နေတဲ့ အိမ်ထောင်စု ၁၆ စုကိုတော့ မြေနေရာပြန်လည်ချထားပေးပြီး ထောက်ပံ့ကြေးတွေ ပေးခဲ့တယ်လို့ ၀န်ကြီး ဦးရွှေထီးအိုး က ပြောပါတယ်။

ဓါတ်ပုံ - ဟားခါးမြို့မြေပြိုမှုကြောင့် ပျက်စီးနေတဲ့အိမ်များကို တွေ့ရစဉ်
R F A

No comments:

Post a Comment