Latest News

Sunday, March 5, 2017

အပြင်းအထန်ချောင်းဆိုးမှုကြောင့် လူ ၁၄ ဦး သေဆုံးမှု ရောဂါဇစ်မြစ်ကို စစ်ဆေးနေ

အပြင်းအထန်ချောင်းဆိုးမှုကြောင့် လူ ၁၄ ဦး သေဆုံးမှု ရောဂါဇစ်မြစ်ကို စစ်ဆေးနေ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် လောနောက်ကုန်းရွာ နဲ့ လောနောက်အင်းရွာတို့မှာ အပြင်းအထန်ချောင်းဆိုးပြီး လူ ၁၄ ယောက် သေဆုံးခဲ့တဲ့အတွက် ရောဂါဇစ်မြစ် သိရှိနိုင်အောင် ကျန်းမာရေးဌာနအပါအ၀င် တပ်မတော် ဆရာဝန်တွေ သွားရောက် စစ်ဆေးကြပါတယ်။

ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကို နောက် ၃ ရက်လောက်နေရင် သိရမှာဖြစ်တယ်လို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌရဲ့ ကိုယ်ရေးအရာရှိ ဦးမောင်ဟန် က ပြောပါတယ်။

"သူတို့က အဲ့ဒီကိုသွားပြီးတော့ ဘာဖြစ်တယ်ဆိုတဲ့ ရောဂါရဲ့ အခြေအနေကို သုံးသပ်မယ်။ ၁ ရက် ၂ ရက်တော့ ကြာဦးမယ်ထင်တယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အတိအကျ မပြောနိုင်သေးဘူး။ မပြောနိုင်သေးတဲ့အတွက်ကြောင့် သူတို့ရွာရဲ့အခြေအနေကိုလည်း ကြည့်ဦးမယ်ထင်တယ်။ ၂ ရက် ၃ ရက်ဆိုရင် အသေးစိတ် သိနိုင်ပါတယ်။"

လဟယ်မြို့နယ် တွေးထွေနောက်ကုန်းအုပ်စု လောနောက်ကုန်းကျေးရွာနဲ့ လောနောက် အင်းကျေးရွာမှာ ဖေဖော်ဝါရီလ နဲ့ မတ်လဆန်းပိုင်းအထိ အပြင်းအထန် ချောင်းဆိုးမှုကြောင့် လူ ၁၄ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ပွားနေတာကို မတ်လ ၂ရက်နေ့ကမှ ဒေသတာဝန်ရှိ သူတွေ သတင်းရရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူအများစုဟာ သက်ကြီးရွယ်အိုတွေဖြစ်ပြီး အသက် ၂ နှစ်ကျော်အရွယ် ကလေးတစ်ဦးပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီကျေးရွာနှစ်ရွာမှာ လူဦးရေစုစုပေါင်း ၉၀၀ ကျော်ရှိပြီး လဟယ်မြို့နယ်ကနေ မိုင် ၅၀ ခန့် ကွာဝေးတဲ့ရွာတွေဖြစ်ပါတယ်။

Photo: Arr Hay/ Facebook

( နာဂဒေသကိုမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တွေ့ရစဉ် )
R F A

No comments:

Post a Comment