Latest News

Friday, March 17, 2017

အင်းဝအပ်ချုပ်ဆိုင်အမှု အိမ်အကူမိန်းကလေး သက်သေဓာတ်ပုံ တရားရုံးပယ်ချ

အင်းဝအပ်ချုပ်ဆိုင်အမှု အိမ်အကူမိန်းကလေး သက်သေဓာတ်ပုံ တရားရုံးပယ်ချ

နေ့စွဲနဲ့ ဓာတ်ပုံဆရာကို အတည်မပြုနိုင်လို့ဆိုပြီး တရားသူကြီးက ပယ်ချခဲ့တာပါ။

အင်းဝအပ်ချုပ်ဆိုင်အမှု နှင့်ပတ်သက်ပြီး ကိုယ်လက်အင်္ဂါချွတ်ယွင်းအောင် ညှင်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့ အိမ်အကူ မိန်းကလေးတစ်ဦးကို ဒီနေ့မှာ ပထမဆုံးအကြိမ် စတင်စစ်ဆေးခဲ့ပြီး သူရဲ့ဓာတ်ပုံကို တရားရုံးကို သက်သေအဖြစ်တင်သွင်းရာမှာ တရားသူကြီးကပယ်ချခဲ့တယ်လို့ သိရပါတယ်။

တရားခွင်မှာ တရားလိုဥပဒေအရာရှိက အဆိုပါမိန်းကလေးရဲ့ အင်းဝအပ်ချုပ်ဆိုင်အိမ်ကို မရောက်ခင်က ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ အပ်ချုပ်ဆိုင်ရောက်ပြီး နောက်ရိုက်ကူးထားတဲ့ ဒဏ်ရာတွေနဲ့ ဓာတ်ပုံတို့ကို သက်သေခံအဖြစ် တင်သွင်းခဲ့ပေမယ့် အင်းဝအပ်ချုပ်ဆိုင် မိသားစုရဲ့ ရှေ့နေငါးဦးက ကန့်ကွက်ခဲ့တာပါ။

တရားလိုပြသက်သေတင်သွင်းတဲ့ အိမ်အကူမိန်းကလေးရဲ့ ဓာတ်ပုံနှစ်ပုံက အသက်အရွယ်အရမ်းကွာခြားနေပြီး ဓာတ်ပုံရိုက်ကူးခဲ့တဲ့ နေ့စွဲနဲ့ ဓာတ်ပုံဆရာကို အတည်မပြုနိုင်လို့ဆိုပြီး  တရားသူကြီးက ပယ်ချခဲ့တာဖြစ်ပါတယ်။

လမ်း ၄၀ က အပ်ချုပ်ဆိုင်မှာ အိမ်အကူလုပ်ကိုင်နေတုန်း လက်ဆယ်ချောင်းလှန်ချိုးခံရတဲ့ အသက် (၁၇)နှစ်အရွယ် မိန်းကလေးကို မတ်လ ၁၄ ရက်က အနောက်ပိုင်းခရိုင်တရားရုံးမှာ တရားလိုပြသက်သေအဖြစ် ဒီနေ့စတင်စစ်ဆေးခဲ့တာပါ။

အင်းဝအပ်ချုပ်ဆိုင်အမှုကို ၂၀၁၆ အောက်တိုဘာ ၂၀ ရက်ကနေ စတင်စစ်ဆေးနေပြီး ကျောက်တံတားရဲစခန်း၊ ရဲမှူးဟောင်း ဦးသန်းအေးကို ဆက်လက်စစ်ဆေးဖို့ ကျန်ရှိနေသေးတယ်လို့ တရားလိုဘက်က သက်သေတင်ပြထားမှု စာရင်းတွေအရ သိရပါတယ်။

အင်းဝအပ်ချုပ်ဆိုင် မိသားစုခြောက်ဦးကို လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မနဲ့ ကနဦးအမှုဖွင့်ထားပြီး ထပ်မံအမှုဖွင့်တဲ့ အပြင်းအထန်နာကျင်စေမှု၊ ချုပ်နှောင်ထားမှု၊ အားပေးကူညီမှု၊ ကလေးသူ ငယ်အက်ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
အိမ်အကူမိန်းကလေးနှစ်ဦး အနက်တစ်ဦးကို အမျိုးသမီးအသက်မွေးအတတ်ပညာကျောင်းက စောင့်ရှောက်ထားပြီး ဒီနေ့ ရုံးထုတ်စစ်ဆေးတဲ့ အသက်(၁၇) နှစ်အရွယ် မိန်းကလေးက ဆေးရုံမှာ ကုသနေရဆဲဖြစ်ပါတယ်။
Source : 7DayDaily : Duwun
Photos :  The Ladies News

No comments:

Post a Comment