Latest News

Friday, March 10, 2017

အစ္စတန်ဘူလ်မှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျပြီး ၇ ဦး သေဆုံး

အစ္စတန်ဘူလ်မှာ ရဟတ်ယာဉ်တစ်စင်းပျက်ကျပြီး ၇ ဦး သေဆုံး

လေဆိပ်မှ ထွက်ခွာပျံသန်းခဲ့ပြီးနောက် ၄ မိနစ်အကြာမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စီး ယနေ့ (မတ်လ ၁၀ ရက်) ပျက်ကျမှုကြောင့် ရုရှားနိုင်ငံသားများ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ပါတယ်။ ကိုယ်ပိုင်ရဟတ်ယာဉ်ဟာ ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ တာဝါတိုင်တစ်ခုကို ဝင်တိုက်ခဲ့ပြီးနောက် ပျက်ကျခဲ့တာဖြစ်ကြောင်း အစ္စတန်ဘူလ်မြို့တော်ဝန်က ပြောပါတယ်။ မြူထူများကျဆင်းနေပြီး မြင်ကွင်းမရှင်းတာကြောင့် ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ခဲ့ကြောင်း တူရကီသတင်းတွေက ဖော်ပြပါတယ်။ ပျက်ကျခဲ့တဲ့ Sikorsky S-76 ရဟတ်ယာဉ်ပေါ်မှာ မောင်းနှင်သူ ၂ ဦးနဲ့ လိုက်ပါစီးနင်းသူ ၅ ဦး ပါရှိပြီး ရဟတ်ယာဉ်ကို တူရကီလုပ်ငန်းအုပ်စု Eczacibasi က ပိုင်ဆိုင်ကြောင်း ပုဂ္ဂလိကသတင်းဌာန ဒိုဂန်က ဖော်ပြပါတယ်။

ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ ရုရှားနိုင်ငံမှ ဧည့်သည် ၄ ဦး လိုက်ပါသွားခဲ့ပြီး ကုမ္ပဏီရဲ့ အရာရှိတစ်ဦးလည်း ပါဝင်ကြောင်း Eczacibasi လုပ်ငန်းစု အကြီးအကဲက ပြောပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရဟတ်ယာဉ်ပျက်ကျမှုအတွင်း ရုရှားနိုင်ငံသား ၄ ဦး သေဆုံးခဲ့ကြောင်း တွစ်တာမှာ အတည်ပြုခဲ့ပါတယ်။ တူရကီသတင်းတွေမှာ ဖော်ပြတဲ့ ဓာတ်ပုံတွေအရ ရဟတ်ယာဉ်ဟာ အစ္စတန်ဘူလ်အနောက်ပိုင်းမှာ အပိုင်းအစများအဖြစ် ပျက်စီးနေတာတွေ့ခဲ့ရပါတယ်။

ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ဟာ အစ္စတန်ဘူလ်မြို့ရှိ Ataturk လေဆိပ်မှ မနက် ၁၁း၁၆ မှာ ထွက်ခွာပျံသန်းခဲ့ပြီးနောက် ၄ မိနစ်အကြာမှာ ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ တာဝါတိုင်နဲ့ ဝင်တိုက်မိပြီး ပျက်ကျခဲ့ကြောင်း တူရကီ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ပြောကြားမှုကို အစိုးရပိုင် အန်နာဒိုလူသတင်းဌာနက ပြောပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် မြေပြင်မှာရှိနေသူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အစ္စတန်ဘူလ်မြို့မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မြူထူများကျဆင်းနေခဲ့မှုကြောင့် လေကြောင်းခရီးစဉ်နဲ့ ကူးတို့သင်္ဘောခရီးစဉ်များ ယခုလအစောပိုင်းက ဖျက်သိမ်းခဲ့ရပါတယ်။
Source & Photo: AFP: Duwun


No comments:

Post a Comment