Latest News

Wednesday, March 8, 2017

ယူကရိန်း အစိုးရတပ်နှင့် သူပုန်တပ်တို့ အခြေအနေတင်းမာ

ယူကရိန်း အစိုးရတပ်နှင့် သူပုန်တပ်တို့ အခြေအနေတင်းမာ



ယူကရိန်းနိုင်ငံအရှေ့ခြမ်း လူဟန့်စ်မြို့မှာ အစိုးရတပ်တွေနဲ့ ရုရှားလိုလားတဲ့ အယ်လ်ပီအာရ် သူပုန်တွေအကြား အခြေအနေ တင်းမာနေဆဲဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး ချိုးဖာက်မှုအပေါ် အပြန်အလှန် စွပ်စွဲနေကြပါတယ်။

လူဟန့်စ်မြို့ အစိတ်အပိုင်းတချို့ကို ယူကရိန်းအစိုးရတပ်တွေက ထိန်းချုပ်ထားပြီး ကျန်ဒေသ တချို့ကိုတော့ ရုရှားလိုလားတဲ့ သူပုန်တွေက သိမ်းယူထားပါတယ်။

သူပုန်တွေက သူတို့ကိုယ်သူတို့ လူဟန့်စ် ပြည်သူ့သမ္မတအဖွဲ့ (Luhansk People’s Republic) လို့ အမည်ပေးထားပါတယ်။

အယ်လ်ပီအာရ်သူပုန်အဖွဲ့ စေ့စပ်ညှိနှိုင်းရေးမှူးကတော့ ယူကရိန်းအစိုးရနဲ့ သူတို့အဖွဲ့အကြား နယ်မြေအတိအကျ သတ်မှတ်ပြီး ခွဲယူဖို့၊ တပ်တွေကို ခွဲထုတ်ပြန်ဆုတ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် အစိုးရဘက်က တုံ့ပြန်မှုမရှိဘူးလို့ ပြောပါတယ်။

သူပုန်အဖွဲ့ စစ်ရေးခေါင်းဆောင် ဗိုလ်မှူးကြီး မီခေးလ် ဖိလစ်ပိုနန်းကိုးကလည်း သူတို့ဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာပေမယ့် အစိုးရတပ်တွေဘက်က ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သူတို့ပိုင်နက်နယ်မြေထဲကို ၁၀ ကြိမ်လောက် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းအစိုးရဝန်ထမ်းတဦးကတော့ မင့်က်စ် သဘောတူညီချက်ကို သူပုန်တွေက မလိုက်နာဘဲ သူတို့ရဲ့စခန်းတွေကို ပစ်ခတ်နေကြောင်း၊ နယ်မြေသတ်မှတ်ပြီး အစိုးရတပ်တွေကို ပြန်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ အစိုးရတပ်တွေဟာ ယူကရိန်းပြည်သူတွေအတွက် ကာကွယ်ပေးနေတာဖြစ်ကြောင်း ရှင်းပြသွားပါတယ်။

ယူကရိန်းအရှေ့ခြမ်းမှာ ၂၀၁၄ ခုနှစ် ဧပြီလကစလို့ အစိုးရတပ်တွေနဲ့ အယ်လ်ပီအာရ် သူပုန်တွေအကြား ပစ်ခတ်မှု ပြန်စခဲ့လို့ လူ ၁၀၀၀၀ ခန့် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။



DVB

No comments:

Post a Comment