Latest News

Wednesday, March 8, 2017

မူးယစ်ဆေး ရောင်းဝယ်သူများကို သေဒဏ်ပေးမည့်ဥပဒေ ဖိလစ်ပိုင်အောက်လွှတ်တော် အတည်ပြု

မူးယစ်ဆေး ရောင်းဝယ်သူများကို သေဒဏ်ပေးမည့်ဥပဒေ ဖိလစ်ပိုင်အောက်လွှတ်တော် အတည်ပြု


ဖိလစ်ပိုင်အောက်လွှတ်တော်ဟာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူတွေကို သေဒဏ်ပေးမယ့် ဥပဒေကို မတ်လ ၇ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေအတွက် မဲခွဲရာမှာ ထောက်ခံမဲ ၂၁၆ မဲ၊ ကန့်ကွက်မဲ ၅၄ မဲနဲ့ ကြားနေမဲ ၁ မဲ ရရှိကြောင်း အောက်လွှတ်တော်ဒု-ဥက္ကဋ္ဌက ကြေညာသွားပါတယ်။

သေဒဏ်ပေးမှုကိုထောက်ခံတဲ့ လွှတ်တော်အမတ်တဦးကတော့ “ဒီဥပဒေကြောင့် မူးယစ်ဂိုဏ်းခေါင်းဆောင်တွေ ဖိလစ်ပိုင်က ထွက်ပြေးမှာဖြစ်ပြီး သူတို့အိပ်ကပ်ထဲရောက်နေတဲ့ နိုင်ငံရေးသမားတွေကို သေဒဏ်ပေးနိုင်မယ်” လို့ ပြောကြားသွားပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီဥပဒေမူကြမ်းကို ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။

ဒီမူကြမ်းကို ကန့်ကွက်ခဲ့တဲ့ လွှတ်တော်အမတ်တဦးကလည်း “သေဒဏ်ဥပဒေဟာ ဖိလစ်ပိုင်လူထုကိုသာ ထိခိုက်စေလိမ့်မယ်” လို့ ပြစ်တင်ဝေဖန်သွားပါတယ်။

သေဒဏ်ဥပဒေဟာ သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး သူ စတင်အာဏာယူတဲ့ ဇွန်လ ၃၀ ရက်နေ့ကတည်းက အောက်လွှတ်တော်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီဥပဒေအရ မူးယစ်ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းမိပြီး ကြီးမားတဲ့ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားရင် ကြိုးမိန့် ဒါမှမဟုတ် ဆေးထိုးပြီး အဆုံးစီရင်တာ၊ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်တာတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီမူကြမ်းကို အထက်လွှတ်တော်က မဲခွဲအတည်ပြုရဦးမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ သမ္မတ ဒူတာတေး စတင်တာဝန်ယူတဲ့ ဇွန်လ ၃၀ ရက်နေ့ကစပြီး သူ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းကြောင့် လူ ၈၀၀၀ ကျော် သေဆုံးခဲ့ကြောင်း မနီလာကပေးပို့တဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။



DVB

No comments:

Post a Comment